ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ လစာလျှော့ပေးသည့် စက်ရုံများကို တရားစွဲဆို
mmtimes.com
|
2020-09-22



ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံဝန်ထမ်းတချို့ကိုတွေ့ရစဉ်။ အီးပီအေ-အီးအက်ဖ်အီး

ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများ လစာလျှော့ပေးသည့် စက်ရုံများကို တရားစွဲဆို

ထိုင်းနိုင်ငံ၌ နာမည်ကျော်ကုမ္ပဏီများအတွက် ကုန်ပစ္စည်းများထုတ်လုပ်နေသည့် စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများသည် ယမန်နှစ်တွင် အလုပ်အကိုင်ဆုံးရှုံးခဲ့ရပြီး အလုပ်လုပ်ကိုင်စဉ်က ရသင့်သည့် လစာပမာဏအောက်သာ ရရှိခဲ့သည့်အတွက် စက်ရုံများကို တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်ရှိ စက်ရုံများတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများသည် အစိုးရကသတ်မှတ်ထားသည့် အနိမ့်ဆုံးနေ့စားလစာ ဘတ် ၃၁၀ အောက်သာ ရရှိနေကြောင်း ရိုက်တာသတင်းဌာနက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် စုံစမ်းသိရှိခဲ့သည်။

မြို့တော် ဘန်ကောက်မှ ကီလိုမီတာ ၅၀၀ အကွာရှိ မဲဆောက်သည် ထိုင်းနိုင်ငံအနောက်ပိုင်းသို့ အဓိကဝင်ပေါက်ဖြစ်ပြီး စက်ရုံ ၄၃၀ နှင့် အလုပ်သမား ၄၄၅၀၀ ခန့်ရှိနေသည့် ကုန်သွယ်ရေးဗဟိုချက်တစ်ခုဖြစ်သည်။

ရိုက်တာကဖော်ပြခဲ့ပြီးနောက် အစိုးရအရာရှိများသည် အထည်ချုပ်စက်ရုံများကို ဝင်ရောက်စီးနင်းပြီး အလုပ်သမားများရရှိသင့်သည့် လစာများကို ပေးအပ်ရန် စက်ရုံပိုင်ရှင်များအား ညွှန်ကြားခဲ့သည်။

စက်ရုံတစ်ရုံ၏ပိုင်ရှင်များသည် အလုပ်သမား ၆၀၀ အား နစ်နာကြေး ဘတ် ၁၈ သန်းပေးအပ်ရမည်ဖြစ်ကြောင်း အစိုးရအရာရှိများက ယမန်နှစ်တွင် ညွှန်ကြားခဲ့သည်။

အလုပ်သမားများအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း စက်ရုံကိုပိုင်ဆိုင်သည့် ကုမ္ပဏီ Cortina Eiger က ပြောဆိုခဲ့သည်။

သို့သော် စီးနင်းမှုများပြီးနောက် ပိတ်သိမ်းခဲ့ရသည့် Kanlayanee သည် အလုပ်သမား ၂၆ ဦးအား ဘတ် ၃ ဒသမ ၄၈ သန်းပေးအပ်ခြင်းမပြုသေးချေ။

စက်ရုံသည် Universal Studios မှ ဗြိတိန်ရှိ အကြီးဆုံးဈေးဝယ်စင်တာ Tesco အထိ အဓိကကုန်ပစ္စည်းတံဆိပ်များအတွက် ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနေကြောင်း အလုပ်သမားအား ဒေသခံနှင့် နိုင်ငံတကာအလုပ်သမားအခွင့်အရေးအဖွဲ့များ၏တွေ့ဆုံမေးမြန်းမှုများအရသိရသည်။

Kanlayanee စက်ရုံရှိ အလုပ်သမားအား ကူညီပြီး ရလဒ်တစ်ခုထွက်လာရေးအတွက် ဒေသဆိုင်ရာအစိုးရအရာရှိများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Disney၊ Starbucks နှင့် Tesco တို့ကထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားများကိုယ်စား လွန်ခဲ့သောလတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


#စက်ရုံ
#အလုပ်သမား
#လစာ
#လုပ်သားများ
#ကုန်ပစ္စည်း

Some text some message..