သင် မသိသေးတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ (၁)
auntymay.com
|
2020-10-12

ကိုရီးယားတွေကတော့ အနုပညာကနေ တဆင့် ကမ္ဘာကို စီးပွားရေးအရရော၊ လူမှုရေးအရတွေပါ ထိုးဖောက်မှုတွေ ပြုလုပ်နေတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတကာ အသီးသီးက သူတို့ရဲ့ အသုံးအဆောင်တွေကို သုံးစွဲနေကြပြီး သူတို့ရဲ့ အနုပညာလှုပ်ရှားမှုကို စောင့်ကြည့်လျက် ရှိနေပါတယ်။ ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ တောင်ကိုရီးယားမှာ တခြားသော စိတ်ဝင်စားစရာ အချက်တွေ အခုလိုပဲ ရှိနေပါသေးတယ်။

၁။ တောင်ကိုရီးယားက ကမ္ဘာမှာ ပလက်စတစ်ဆာဂျရီ လုပ်တဲ့ အကြီးမားဆုံး ဈေးကွက် ဖြစ်ပါတယ်။ အမျိုးသမီး ၅ ယောက်မှာ တစ်ယောက်နှုန်းလောက်က ခွဲစိတ်မှုနဲ့ မကင်းကြပါဘူး။ ချမ်းသာတဲ့ အိမ်တွေက သားသမီးတွေဆိုရင် သူတို့ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် မျက်ရစ်နှစ်ထပ် ဖြစ်အောင် ခွဲစိတ်မှု ပြုလုပ်ပေးဖို့ တောင်းဆိုတတ်ကြပါတယ်။


prostooleh/Freepik

၂။ အငှားယာဉ်တွေကို အရောင်တွေနဲ့ ခွဲသတ်မှတ်ထားကြပါတယ်။ ခဲရောင်နဲ့ အဖြူရောင် အငှားကားတွေက ရိုးရိုးကားပဲ ဖြစ်ပြီး သိပ်အတွေ့အကြုံမများတဲ့ ကားမောင်းသမားတွေ မောင်းနှင်ကြပါတယ်။ အနက်ရောင် အငှားကားတွေကတော့ အတွေ့အကြုံရှိ ကားမောင်းသမားတွေ မောင်းနှင်တဲ့ ဇိမ်ခံကားတွေ ဖြစ်ပါတယ်။


Shutterstock/2p2play

၃။ တောင်ကိုရီးယားတွေက ဈေးဝယ်တာကို သိပ်နှစ်သက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကမ္ဘာအကြီးဆုံး ဈေးဝယ်စင်တာတွေလည်း သူတို့နိုင်ငံမှာ ရှိနေပါတယ်။ တစ်ချို့ဆိုင်တွေဆို မနက် ၄ နာရီလောက်အထိ ဖွင့်လှစ်တတ်ပြီး စားသောက်ဆိုင်၊ ဘားနဲ့ ကော်ဖီဆိုင်တွေက ည ၁၁ နာရီအထိ ဖွင့်လှစ်လေ့ ရှိပါတယ်။

၄။ တိုကျိုမှာ နေတဲ့သူတွေလိုပဲ ဆိုးလ်လို မြို့ကြီးမှာ နေတဲ့ သူတွေက တစ်ညမှာ ၆နာရီထက် နည်းတဲ့ အိပ်ချိန်ပဲ ရကြလေ့ ရှိပါတယ်။


tirachardz/Freepik

၅။ ကိုရီးယားတွေက ၄ ဂဏန်းကို ကံမကောင်းစေတဲ့ နံပါတ်လို့ ယူဆတတ်ကြပါတယ်။ အထူးသဖြင့် သေခြင်းတရားနဲ့ သက်ဆိုင်နေပါတယ်။ Song Seung Heon ပါဝင်ထားတဲ့ Black ဆိုတဲ့ သေမင်းတမန် ဇာတ်လမ်းတွဲမှာ သေမင်းကို 444 လို့ သုံးထားပါတယ်။

၆။ နာမည်ကို အနီရောင်နဲ့ ရေးထားတယ်ဆိုရင် သေခါနီးသူ သို့မဟုတ် ကွယ်လွန်ပြီးသားသူလို့ အဓိပ္ပာယ် ရပါတယ်။

၇။ တောင်ကိုရီးယားက အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ အရက်သောက်ခွင့်လည်း ပြုထားပါတယ်။ ဒါကြောင့် ရုပ်ရှင်ထဲမှာဆိုရင် ပန်းခြံထဲမှာ၊ မြစ်ဘေးမှာ၊ လမ်းဘေးမှာ ဆိုဂျူသောက်နေတာမျိုးကို တွေ့ရတာ ဖြစ်ပါတယ်။


Shutterstock/journey601

၈။ တခြားနိုင်ငံတွေမှာ အမျိုးသားတွေက မိတ်ကပ်လိမ်းလေ့ သိပ်မရှိပါဘူး။ တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ လူဦးရေရဲ့ ၂၀ ရာနှုန်းသော အမျိုးသားတွေကတော့ မိတ်ကပ် ပုံမှန် လိမ်းလေ့ ရှိပါတယ်။ အမျိုးသားတွေက မိတ်ကပ်အတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၉ ရာ နီးပါး အသုံးပြုထားကြပါတယ်။

၉။ တောင်ကိုရီးယားမှာ McDonald အပါအဝင် စားသောက်ဆိုင် တော်တော်များများက အိမ်အရောက်ပို့ ဝန်ဆောင်မှုတွေ ထားရှိထားပါတယ်။

၁၀။ တောင်ကိုရီးယားက အေးတဲ့ နိုင်ငံဆိုပေမယ့် အပူပေးတဲ့စနစ်က air heater သုံးတာ နည်းပါတယ်။ ၉၀ ရာနှုန်းသော အိမ်တွေက ကြမ်းပြင်မှာ အပူပေးတဲ့စနစ်ကို ပြုလုပ်ကြပါတယ်။ ဒီနည်းလမ်းကတော့ ဂိုဂူလျောခေတ်တည်းက သုံးခဲ့တဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ကြမ်းပြင်အောက်မှာ ရှိနေတဲ့ ပိုက်လိုင်းတွေကနေ တဆင့် အပူပေးပြီး ကြမ်းပြင်ကို နွေးစေတာ ဖြစ်ပါတယ်။ အိပ်တာ၊ စားတာနဲ့ တီဗီကြည့်တာတွေကို ကြမ်းပြင်နွေးနွေးပေါ်မှာ ပြုလုပ်တတ်ကြတာ ဖြစ်ပါတယ်။

Kham


#တောင်ကိုရီးယား
#ကြမ်းပြင်
#မိတ်ကပ်
#ရာနှုန်း
#စိတ်ဝင်စားစရာ

Some text some message..