Hass ထောပတ်သီးများအား ဖေ့စ်ဘွတ်ပေ့ခ်ျတစ်ခု၌ ရောင်းချရန် ပြသထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အင်တာနက်
ကယ်လီဖိုးနီးယားမျိုးစိတ် Hass ထောပတ်သီး ပြည်တွင်း ဈေးကောင်းရ၊ ပြည်ပ ဝယ်လိုအားလည်း ကောင်း
မြန်မာနိုင်ငံ၌ စမ်းသပ်စိုက်ပျိုးနေသည့် ကယ်လီဖိုးနီးယားမျိုးစိတ် Hass ထောပတ်သီးသည် ပြည်တွင်း၌ ဈေးကောင်းရသကဲ့သို့ ပြည်ပဝယ်လိုအားလည်း ကောင်းနေကြောင်းမြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
"စမ်းသပ်စိုက်ပျိုးမှုက အောင်မြင်တယ်။ လောလောဆယ်မှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်ဝမ်တို့က လာပြီးမှာတာတွေ ရှိတယ်။ စင်ကာပူက တစ်လကို တန် ၁၀၀ လောက် လိုချင်တယ်။ ကျွန်တော်တို့က အဲဒီလောက်မထွက်သေးဘူး။ မျိုးစိတ်အသစ်က ထွက်တာက နည်းနေသေးတော့ သူတို့လိုသလောက် မပေးနိုင်သေးဘူး။ စင်ကာပူကဆိုရင် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံ စာတစ်ခုတည်းနဲ့ လက်ခံတယ်။ ကျန်တာတွေမလိုဘူး ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက မြန်မာတိုင်းမ်ကိုပြောသည်။
ယခုလက်ရှိ ပြည်တွင်းတွင် HSS ထောပတ်သီး တစ်ကီလိုလျှင် ကျပ် ၇၀၀၀ ရှိပြီး နိုင်ငံတကာ ပေါက်ဈေးမှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ ခန့်ပေါက်ဈေးရှိသည်။ ဈေးများသော်လည်း ပြည်တွင်းတွင်လူကြိုက်များပြီး မှာယူသူလည်းများကြောင်း ၎င်းကဆိုသည်။
ယခင်က ထောပတ်သီးကို ရိုးရိုးသာစိုက်ပျိုးခဲ့ကြပြီး ယခုအခါ နိုင်ငံခြားပို့ကုန် စံချိန်စံညွှန်းမီစေရန်အတွက် ကယ်လီဖိုးနီးယားမှထောပတ်သီးမျိုးစိတ် ၅ မျိုးကိုတင်သွင်းခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ကိုင်းဆက်စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
"အခုအသီးကစထွက်နေပြီ ။ ဒီဇင်ဘာလလောက်မှာ ပိုထွက်မယ်။ တခြားနိုင်ငံတွေကမထွက်သေးတဲ့အချိန်လည်းဖြစ်နေတယ်။ နှစ်တိုင်းတော့ တိုး ချဲ့ပြီးစိုက်နေတယ်။ လက်ရှိမှာ ဧက တစ်သောင်း ကျော်လောက်စိုက်ပျိုးထားတာရှိတယ်။ အပင်တွေက လာမယ့် ၂၀၂၂ လောက်ဆိုရင် အကုန်သီးပြီ'' ဟု ဦးကျော်စိုးမင်းကပြောသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ထောပတ်တန်ချိန် ၃၀၀၀၀ ကျော် ထွက်ရှိသော်လည်း အရည်အသွေးကောင်းမွန်သည့် အသီးနည်းပါးခြင်းကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၏ မျိုးစိတ်တစ်ခုဖြစ်သော Hass ကို ထိုင်းနိုင်ငံမှ တင်သွင်းစိုက်ပျိုးခြင်းဖြစ်ပြီး အောင်မြင်နေကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ထောပတ်သီးနှင့် ပတ်သက်ပြီး ဈေးကွက် လိုလားချက်များသော်လည်း အစားအသောက် ဘေးကင်းလုံခြုံရေးကို ဦးစားပေးခြင်းဖြစ်သောကြောင့် လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း AQSIQ ၏ အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ AQSIO အဖွဲ့၏ အသိအမှတ်ပြုခြင်းမရှိပါက တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့ခွင့်ရရှိမည်မဟုတ်သောကြောင့် ထောပတ်ခြံစိုက်ခင်းများကို ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် (GAP) လက်မှတ်ရရှိနိုင်ရေးအတွက် စီစဉ်လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ထောပတ်သီး ၈၀ ရာခိုင်နှုန်းခန့်ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး တရုတ်၊ စင်ကာပူ နှင့် ထိုင်ဝမ်တို့မှလည်း ထောပတ်သီးများ ဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ထောပတ်စိုက်ဧက ၁၀၀၀၀ ကျော်ခန့်ရှိပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့ တွင် ထောပတ်သီးမျိုးစိတ် ၇ မျိုးခန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။