ထိုင်းနိုင်ငံသည် အဓိက ပြောင်းဝယ်သူ ဖြစ်လာ
mmtimes.com
|
2020-11-01



ဓာတ်ပုံ- မြန်မာတိုင်းမ်

ထိုင်းနိုင်ငံသည် အဓိက ပြောင်းဝယ်သူ ဖြစ်လာ

မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးတင်ပို့မှု၏ တစ်ဝက်ကျော်အား ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းကြောင့် ထိုင်းနိုင်ငံသည် အဓိက ပြောင်းဝယ်သူ ဖြစ်လာကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးသူက မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။


ယခင် အဓိက ဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ပြောင်းဝယ်ယူမှုကို ၂ဝ၁၈ ခုနှစ်အတွင်း၌ ရပ်တန့်စေခဲ့ပြီး နောက်ပိုင်း ထိုင်းနိုင်ငံက တစ်စထက်တစ်စ ပိုမိုဝယ်ယူလာခဲ့ခြင်းဖြစ်ကာ ပြောင်းတင်ပို့မှုနှစ်သန်းတွင် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် တစ်သန်း တင်ပို့လာနိုင်ခဲ့ခြင်းဖြစ်သည်။
'' ထိုင်းနိုင်ငံဘက်က တန်ချိန် တစ်သန်းကျော်ထိ ရောင်းရပါတယ်။ လွန်ခဲ့တဲ့နှစ် တွေ ကတော့ တန်ချိန် ခုနှစ်သိန်းကျော် လောက်ရောင်း ရပါတယ်။ တဖြည်းဖြည်း တိုးလာတာပေါ့နော်။ စုစုပေါင်း တစ်နိုင်ငံလုံး ရောင်းရတာတော့ နှစ်သန်းကျော်ရှိပါတယ်'' ဟု ဆိုသည်။

တရုတ်နိုင်ငံက မြန်မာ့ပြောင်း ဝယ်ယူမှု ရပ်တန့်ခဲ့ပြီးသည့်နောက်တွင် အာဆီယံနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့က ဝယ်ယူလာခဲ့ကာ ထိုင်းနိုင်ငံသည် ပြောင်းဆံ အများဆုံးဝယ်ယူသည့် နိုင်ငံ ဖြစ်လာခဲ့သည်။

'' ပြောင်းဖူးစေ့ကတော့ လက်ရှိ တင်ပို့တာက လက်ကျန်မကျန်အောင် တင်နိုင်တယ်လို့ ပြောလို့ရတယ်ပေါ့။ အခုနှစ်မှာတော့ ပြောင်း စိုက်ပျိုးမှုလည်း များလာတယ်။ သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲ နည်းနည်းလေးတွေ ရှိတယ်။ ပေါ်ချိန်ဖြစ်တဲ့အတွက်လည်း ဈေး နည်းနည်းလေးလည်း အေးနေတယ်။ မနှစ်ကတော့ ထိုင်းနိုင်ငံကို ပြောင်းရောင်းသွားတာ ဖြစ်ပါတယ်။ ပြောင်းဖူးစေ့နဲ့ ပတ်သက်ရင်လည်း ထိုင်းနိုင်ငံနဲ့ အစိုးရအချင်း လုပ်ဆောင်နိုင်အောင် ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ တရုတ်နိုင်ငံကျတော့ ကိုတာစနစ်နဲ့ ကန့်သတ်ထားတာ ရှိပါတယ်''ဟု ဆိုသည်။

ထိုင်းနိုင်ငံသို့ ပြောင်းဖူးစေ့ တင်ပို့မှုပိုမိုလာသော်လည်း ယင်းသည် တစ်နှစ်လျှင် လေးလ ခန့် အခွန်ဖြင့် ကန့်သတ်မှု ပြုလုပ်ကြောင်း၊ ရှစ်လသာ အရောင်းအဝယ်ပြုလုပ်ရကြောင်း၊ မြန်မာနိုင်ငံမှ ပြောင်းသီးနှံ ပေါ်ချိန်နှင့် ထိုင်းနိုင်ငံ သီးနှံပေါ်ချိန်နှင့်မကွာလှကြောင်း ဦးမျိုးသူက ဆိုသည်။

'' သူတို့တောင်သူတွေကို ကာကွယ်ဖို့ ကန့်သတ်ပေးထားတယ်။ အဲဒီ ကိစ္စကို ကျွန်တော်တို့ ကန့်ကွက်ထားပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဆောင်ရွက်ပေးဖို့ တင်ပြထားပါတယ်။ ဆိုလိုတာက တစ်လျှောက်လုံး ရောင်းဝယ်လို့ရအောင်လို့ပါ။ ကြားနာမှုတော့ ရှိလိမ့်မယ်ထင်ပါတယ်။ အခုနှစ်ထဲပဲ တင်ထားတာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံ၏ ပြောင်းပို့မှု အများဆုံးဖြစ်လာသော်လည်း ရှမ်းပြည်မြောက်ပိုင်းတွင် ပြောင်းစိုက်တောင်သူများအနေဖြင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကျဉ်းသည့် တရုတ်နိုင်ငံသို့သာ တင်ပိုလိုသည်။ ၁၉၉ဝ ပြည့်နှစ် မတိုင်ခင်က တရုတ်နိုင်ငံကသာ ဝယ်ယူသုံးစွဲသော်လည်း ထို့နောက်ပိုင်းတွင် ပြည်တွင်း အစာစပ် စက်ရုံတို့က ဝယ်ယူမှုသည် ထွက်ရှိမှု၏ ၅ဝ ရာခိုင်နှုန်းမျှ ဖြစ်လာခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မှု အနည်းအကျဉ်းရှိသကဲ့သို့ တစ်ရက်လျှင် ယွမ်ရှစ်ထောင်ဖိုး တင်သွင်းမှုတို့၌ ပြောင်းသီးနှံ ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ကိုတာစနစ်၌ ပါဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

''အခုချိန်ကတော့ အပြန်အလှန်စာရေးနေကြတာပေါ့။ သဘောတူညီချက်တွေရပြီဆိုရင်တော့ ကိုတာစနစ်နဲ့ အရောင်းအဝယ်လုပ်လို့ ရသွားတာပေါ့နော်။ ရှမ်းပြည်နယ် ကုန်သည်အသင်းကလည်း ပြောင်းဖူးစေ့ကို အကြီးအကျယ် ထုတ်လုပ်ဖို့ဆောင်ရွက်နေကြတာ ရှိပါတယ်။ နောက်တစ်ခုက နိုင်ငံခြားက လာပြီးရင်းနှီးမြှုပ်နှံဖို့ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ အစာစက်ရုံကြီးတစ်ခု တည်ဆောက်ဖို့ရှိနေပါတယ်။ အဲလို လုပ်နိုင်တယ်ဆိုရင် ပြောင်းဖူးစေ့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုဟာ ပိုလာမယ့် သဘာရှိပါတယ်'' ဟု ဦးမျိုးသူက ဆိုသည်။

မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧရိယာ ၁ ဒသမ ၅ သန်းရှိပြီး ပြောင်းတင်းပေါင်း ၇၁ သန်းကျော် (မက်ထရစ်တန် ၃ ဒသမ ၂ သန်း) ထွက်ရှိလာခဲ့သည်။ ပြောင်းသီးနှံ ရှားပါချိန်တွင် ဈေးတက်လေ့ရှိခြင်းကြောင့် နိုင်ငံခြားမှ တင်သွင်းခွင့် တောင်းဆိုသော်လည်း စီးပွား/ ကူးသန်းဝန်ကြီးဌာနမှ ခွင့်ပြုမပေးခဲ့ကြောင်း၊ အစာချက် စက်ရုံများအနေဖြင့် သိုလှောင်ခြင်း၊ တောင်သူများနှင့် ပူးပေါင်းကာ ကန်ထရိုက်စိုက်ပျိုး ခြင်းစနစ် ဆောင်ရွက်သင့်ကြောင်း ဦးမျိုးသူက ဆိုခဲ့သည်။


#ပြောင်းဖူးစေ့
#ဦးမျိုး
#တရုတ်
#ဝယ်သူ
#တန်ချိန်

Some text some message..