ဝင်ငွေခွန် အများဆုံးထမ်းဆောင်သော လုပ်ငန်းရှင် ၅ဝ ဦး ထုတ်ပြန်
၂ဝ၁၉ စည်းကြပ်နှစ်အတွက်ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သောလုပ်ငန်းရှင် ၅ဝ ဦးကို ပြည်တွင်းအခွန်များ ဦးစီးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စာရင်းအရ တပ်မတော် ကျောထောက် နောက်ခံလုပ်ငန်းဖြစ်သောမြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် ကျပ်သန်း ၂ဝ,ဝဝဝ နှင့်အထက်ဖြင့် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သော လုပ်ငန်းဖြစ်ခဲ့သည်။
Myanmar Mayson Industries ကုမ္ပဏီနှင့် Myawaddy Trading ကုမ္ပဏီတို့သည် ကျပ်သန်း ၁ဝ,ဝဝဝ အောက် ဝင်ငွေခွန် ထမ်းဆောင်ပြီးဒုတိယနှင့် တတိယဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့သော လုပ်ငန်းများ ဖြစ်ခဲ့သည်။
ကျပ်သန်း ၅ဝဝဝ အောက် ဝင်ငွေခွန် ထမ်းဆောင်သော ကုမ္ပဏီများတွင် U Kyu Family Grains Manufacturing ကုမ္ပဏီ၊ Pahtama Group ၊ PT Power Trading ကုမ္ပဏီနှင့် United Paints Group တို့ ပါဝင်ခဲ့ပြီး ကျပ်သန်း ၄ဝဝဝ အောက် ဝင်ငွေခွန် ထမ်းဆောင်သောကုမ္ပဏီများတွင် Dagon Beverages ကုမ္ပဏီ၊ Asia Energy ကုမ္ပဏီနှင့် Paing Family International ကုမ္ပဏီတို့ ပါဝင်ခဲ့သည်။
ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သော ကုမ္ပဏီ ၁ဝ ခုအနက် ကုန်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သောကုမ္ပဏီ လေးခု၊ ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီ ငါးခုနှင့်အခြေခံပစ္စည်းမှ မြတ်စွန်းငွေ ရရှိသော ကုမ္ပဏီတစ်ခု တို့ ပါဝင်ခဲ့ကြသည်။
မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် ပြီးခဲ့သည့် ၂ဝ၁၈ စည်းကြပ်နှစ်တွင် ဒုတိယဝင်ငွေခွန် အများဆုံး ထမ်းဆောင်သောလုပ်ငန်းဖြစ်ခဲ့ပြီး ၂ဝ၁၉ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်သော လုပ်ငန်းဖြစ်လာခဲ့သည်။လက်ရှိတွင် ကုန်သွယ်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လက်အောက်ခံကုမ္ပဏီ ၅၆ ခုနှင့် လုပ်ငန်းနယ်ပယ် ၁၄ ခုတွင် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုကဏ္ဍတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် ကျောက်မျက်ရတနာများကို အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ဂျပန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ၎င်းနိုင်ငံများမှ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။
အခွန်အများဆုံး ထမ်းဆောင်သည့်အခွန်ထမ်းများကို ရွေးချယ်ရာတွင်အခွန်အမျိုးအစားအလိုက် အခွန်အများဆုံး ပေးဆောင်ခြင်း၊ စည်းကြပ်နှစ်အတွင်း အကျေပေးဆောင်ခြင်း၊ အခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ ကြိုတင်ခွန်များကိုပေးဆောင်ခြင်း ၊ ဝင်ငွေကြေညာလွှာများကို အချိန်မီ တင်သွင်းခြင်းနှင့်နှစ်အဆက်ဆက် အခွန်ခွန်များအားအခွန်ကြေးကျန်မရှိ အကျေပေးဆောင်ခဲ့ခြင်း စသည့်အချက်များနှင့် စိစစ်ရွေးချယ်ခဲ့သည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။