
ဒီဇင်ဘာ ၂
လပေါ်က မြေသားနဲ့ ကျောက်တုံးကျောက်ခဲနမူနာတွေကို နှစ်ပေါင်းလေးဆယ်အတွင်း ပထမဆုံးအကြိမ်ယူဆောင်လာမယ့် တရုတ်လစူးစမ်းရေးယာဉ်ဟာ အင်္ဂါနေ့က လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၂ မှာ လူပါဝင်တဲ့ အာကာသစခန်းပိုင်ဆိုင်ဖို့နဲ့ လပေါ်ကို တဖြည်းဖြည်း လူသားတွေ စေလွှတ်သွားဖို့ မျှော်လင့်ထားတဲ့ တရုတ်ဟာ စစ်တပ်ကကြီးကြပ်နေတဲ့ အာကာသအစီအစဉ်တွေမှာ ငွေကြေးဘီလီယံပေါင်းများစွာ မြှုပ်နှံနေတာဖြစ်ပါတယ်။
အခုမစ်ရှင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ လရဲ့ဇာစ်မြစ်၊ ဖြစ်ပေါ်လာပုံနဲ့ လမျက်နှာပြင်ပေါ်က မီးတောင်လှုပ်ရှားမှုတွကို သိပ္ပံပညာရှင်တွေ လေ့လာရာမှာ အထောက်အကူဖြစ်စေဖို့ လပေါ်က ကျောက်ခဲနဲ့မြေသားနမူနာတွေကို ယူဆောင်မှာဖြစ်ပါတယ်။
ဒဏ္ဍာရီလာ တရုတ်လနတ်သမီး နာမည်ကို အစွဲပြုမှည့်ပေးထားတဲ့ Chang'e-5 (ချန်အာ) လစူးစမ်းရေးယာဉ်ဟာ ဒီဇင်ဘာ ၁ ရက် အင်္ဂါနေ့နှောင်းပိုင်းက လမျက်နှာပြင်ကို ဆင်းသက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့တာပါ။
အပြန်ခရီးစဉ်အောင်မြင်ခဲ့ရင် တရုတ်ဟာ လပေါ်က နမူနာပစ္စည်းတွေကို ကောက်ယူနိုင်တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်လွန်တွေမှာ အမေရိကန်နဲ့ ရုရှားတို့လွှတ်တင်တဲ့ လစူးစမ်းရေးယာဉ်တွေဟာ လမျက်နှာပြင်ကို ဆင်းသက်နိုင်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၄ က Long March 5 အာကာသဒုံးပျံဟာ ဟိုင်နန်ပြည်နယ် ဝမ်ချန် အာကာသစခန်းကနေ Chang'e-5 လစူးစမ်းရေးယာဉ်ကို သယ်ဆောင်သွားပြီးနောက် ၁၁၂ နာရီအကြာမှာ လရဲ့ ပတ်လမ်းကြောင်းထဲကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့ပါတယ်။