လိပ်ကျွန်းလူသတ်မှုမှ ဝင်းနှင့် ဇော်အား ထိုင်းတရားရုံး၌ ရုံးထုတ်ခဲ့စဉ်။ ဓာတ်ပုံ- အီးပီအေ
လိပ်ကျွန်းလူသတ်မှုမှ ဝင်းနှင့် ဇော် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်သေး
နတ်ရွာစံ ထိုင်းနိုင်ငံဘုရင် ဘူမိဘော(ကိုးဦးမြောက်ဘုရင်)၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ ၅ ရက်က ထုတ် ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်စာရင်း၌ သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြစ်ဒဏ်လျှော့ပေါ့ချမှတ်ခံထားရသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ မပါဝင်သေးဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)အဖွဲ့မှ သိရသည်။
“လက်ရှိ ဘုရင်ရဲ့ခမည်းတော် မွေးနေ့အထိမ်းအမှတ်မှာတော့ ဝင်းနဲ့ ဇော်မှမဟုတ်ဘူး။ လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ် ဆေးမှုတို့လို ပြစ်မှုကြီးတွေမှာ ပြစ်ဒဏ်လျှော့ပေါ့မှု တစ်ကြိမ်ရပြီးသားသူတွေ မပါဘူး။ တဖြည်းဖြည်းတော့ ပြစ်ဒဏ်တွေက လျော့ကျလာမှာကို စောင့်ကြည့်ရမှာပေါ့လေ။ သေချာတာက သူတို့ သေဒဏ် ပေးတာ မခံရတော့ဘူး။ တစ်ကြိမ်ကြိမ်တော့ ပြန်လွတ်လာမှာပေါ့။” ဟု ဝင်းနှင့် ဇော်၏ အမှုကိစ္စရပ်များ လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့သူ အဆိုပါအဖွဲ့ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။
ထိုင်းနိုင်ငံ၏ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သည် ထောင်ဒဏ် နှစ်၅၀ နှင့် ညီမျှကြောင်း၊ ထိုင်းနိုင်ငံသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်လေ့ရှိသော်လည်း ယခုနှစ်တွင် နှစ်ကြိမ်ထုတ် ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်နှစ်များတွင် ထုတ်ပြန်မည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင် ပါဝင်ရန် အခွင့်အရေး ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
MWRN အနေဖြင့် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် အမှုကိစ္စ များဆောင်ရွက်ရန် ရုံးနှစ်ရုံး ဖွင့်ထားရာတွင် ပွဲစား၏ လိမ်လည်ခံရမှု၊ စာရွက်စာတမ်း သိမ်းဆည်းခံရမှု၊ လုပ်အားခ မရရှိမှု၊ မတရား အလုပ်ထုတ်ခံရပြီး နစ်နာကြေးမရရှိမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိပြီးနောက် လျော်ကြေးမရရှိမှုစသည့် တစ်နှစ်လျှင် အမှုပေါင်း ၂၀၀ ခန့် ကူညီဆောင်ရွက်ပေးခဲ့ရာတွင် ဝင်းနှင့် ဇော်တို့၏ အမှုသည် ထူးခြားဖြစ်စဉ်ဟု သတ်မှတ်ရမည့် ရာဇဝတ်မှုဟု ဦးစိန်ဌေးက ပြောသည်။
“ထိုင်းဘုရင် နန်းတက်တဲ့နေ့တွေ၊ ထိုင်းဘုရင်ရဲ့ မိဖုရားမွေးနေ့တွေစသဖြင့် ထိုင်းဘုရင့်နန်းတွင်းနဲ့ပတ်သက်တဲ့ နေ့ထူးနေ့မြတ်တွေမှာ ထိုင်းထောင်တွေထဲမှာ အဖိုင်လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာတွေကို လွတ်ရက်၊ လျှော့ရက် ပုံစံအမျိုးမျိုးနဲ့ ပေးလေ့ရှိတယ်။ လက်ရှိဘုရင်ရဲ့ မွေးနေ့ကတော့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ပြီးသွားပြီ။ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ဒီကလေးတွေ(ဝင်းနှင့် ဇော်) လွတ်လာလိမ့်မယ်။” ဟု ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူ AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား စုံတွဲမှ အမျိုးသမီး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရမှုတွင် ဝင်းနှင့် ဇော်အား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ခဲ့ကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးကို ကော်စမွီ ခရိုင် တရားရုံးက လူသတ်/မုဒိန်းမှုအတွက် သေဒဏ်၊ လုယက်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ ထိန်ချန်မှုနှင့် ပူးပေါင်းကြံစည်မှုအတွက် ထောင်ဒဏ် ငါးနှစ်စီ၊ တရားမဝင် ဝင်ရောက်မှုနှင့် ဆက်လက်နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်ခဲ့သည်။
ထို့နောက် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ထိုင်းတရားလ ွှတ်တော်ချုပ်သို့ နောက်ဆုံးအယူခံဝင်ခဲ့သော်လည်း ပယ်ချခံရသဖြင့် အောက်တိုဘာလ ၂၄ ရက်တွင် လက်ရှိ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းထံ အသနားခံစာ တင်သွင်းခဲ့ပြီးနောက် ယခုနှစ် ဩဂုတ် ၁၄ ရက်တွင် ယင်းဘုရင့်မယ်တော် သီရိခေတ်၏ သက်တော် ၈၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ ၎င်းတို့နှစ်ဦးကို တစ်သက်တစ် ကျွန်း ပြစ်ဒဏ်သို့ လျှော့ပေါ့လိုက်ကြောင်း ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ခဲ့သည်။
၎င်းတို့နှစ်ဦးကို မျှတစွာတရားစီရင်ခွင့်ရရှိရေး၊ ညှဉ်းပန်းနှိပ်စက်မှုမပြုရေး၊ တရားစီရင်ရာတွင် ကြန့်ကြာမှုမရှိစေ ရေး၊ မိသားစုနှင့် တွေ့ဆုံခွင့်ပြုရေး၊ ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှုမရှိစေဘဲခံစားခွင့်ရရှိ ရေး၊ ၎င်းတို့၏ အသက်ရှင်သန်ပိုင်ခွင့် ရရှိခံစားနိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ၂၀၁၄ ခုနှစ် အောက်တိုဘာလ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတို့တွင် မေတ္တာရပ်ခံချက်များ ပေးပို့ခဲ့သည်။