Casablanca
mmtimes.com
|
2020-12-10



Casablanca


You must remember this,
A kiss is just a kiss,
A sigh is just a sigh ....

ဒီလို အနုအရွအလှအပ သီချင်းစာသားလေး သုံးကြောင်းလောက်နဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ ရင်ဘတ်ထဲမှာ တစ်သက်လုံးဝင်ရောက်နေရာယူသွားမယ့် ဇာတ်ကားကတော့ Casablanca ပါ။ Casablanca ဆိုတာ အတ္တလန္တာသမုဒ္ဒရာကို မေးတင်ထားတဲ့ မော်ရိုကိုနိုင်ငံရဲ့ အကြီးဆုံးမြို့တစ်မြို့။ ဒီမြို့ကြီးမှာ ဒုတိယကမ္ဘာစစ်နောက်ခံ အချစ်ဇာတ်ကားတစ်ကားဖြစ်တဲ့ Casablanca ဟာ ဂန္တဝင်မြောက်တွေရဲ့ ဘိုးအေ ရွှေဂန္တဝင်အဖြစ် ၁၉၄၂ခုနှစ်မှာ စတင်မွေးဖွားလာခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက Casablanca ဆိုတာ ဂျာမန်နာဇီတွေ စိတ်ကြိုက်သောင်းကျန်းနေလို့ မွစာကျဲနေတဲ့ ဥရောပတိုက်တစ်ခွင်က စစ်ဘေးရှောင်သူတွေ လွတ်မြောက်ရာဘုံနန်း။ အမေရိကန်နိုင်ငံကိုသွားရင် ဖြတ်သွားရမယ့် တံခါးပေါက်တစ်ပေါက်ပေါ့။ ဒီတံခါးပေါက်ရှိတဲ့မြို့မှာ မသိသူမရှိဘဲ အများရဲ့စိတ်ဝင်စားမှုကို အရယူထားနိုင်ဆုံးသူက အမေရိကန်နိုင်ငံသား ရစ်ခ်ချက်ဖြစ်ပြီးတော့ သူက Rick’s in Café ဆိုတဲ့ Casablanca မှာ ပျော်စရာအကောင်းဆုံးဘားတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့်လည်း သူက ပျော်စရာအကောင်းဆုံးနေရာက ဝမ်းအနည်းနေရဆုံး လူတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။

တစ်နေ့မှာ သူ့ရင်ဘတ်ထဲက အနာဟောင်းကို ဖန်တီးပေးခဲ့တဲ့ အယ်လ်ဆာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် သူ့ရဲ့အမျိုးသားနဲ့အတူ ရစ်ခ်ချက်ရဲ့ဘားထဲကို လျှောက်ဝင်လာခဲ့တယ်။ လျှောက်ဝင်လာပြီးတော့ ဘားမှာ ပီယာနိုတီးတဲ့ ဂီတသမား ဆမ်ကို ရစ်ခ်ချက် အကြောက်ဆုံးနဲ့ နားမထောင်ရဲဆုံးဖြစ်တဲ့ As Time Goes by ဆိုတဲ့ သီချင်းတစ်ပုဒ် တီးခိုင်းတယ်။

ရစ်ချက်တစ်ယောက် သီချင်းသံကြားပြီး အယ်လ်ဆာကို တွေ့လိုက်တဲ့အခါ “Casablanca မှာ ဂျင်(အရက်) ရတဲ့ဆိုင်တွေ အများကြီးရှိတဲ့အထဲက ငါ့ရဲ့ဆိုင်ထဲကိုမှ ဝင်လာတယ်” ဆိုပြီး ညည်းရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါရီမှာ ရစ်ခ်ချက်နဲ့ အယ်ဆာတို့ရဲ့ As Time Goes by သီချင်းလေးနဲ့ ထုံမွှမ်းထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ရှိခဲ့ဖူးလို့ပေါ့။

အယ်လ်ဆာရဲ့ အမျိုးသားကတော့ နာဇီဂျာမနီရဲ့ ဆူးငြှောင့်ခလုတ်တစ်ချောင်းဖြစ်ပြီး ဥရောပတစ်ခွင်ရဲ့ တော်လှန်ရေးသူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။

ဘာဖြစ်လို့ အယ်လ်ဆာက သူ့ယောက်ျားနဲ့အတူ ရစ်ချက်ရဲ့ဘားကို လျှောက်ဝင်လာခဲ့သလဲ။ တစ်ဖက်မှာ လေးစားကြည်ညိုရတဲ့ ခင်ပွန်း၊ တစ်ဖက်မှာ အသဲနင့်အောင်ချစ်ရတဲ့သူ၊ ဒီနှစ်ယောက်ကြားမှာ အယ်လ်ဆာ ဘယ်လိုဗျာများရမလဲ။ ရစ်ခ်ချက်ကရော ဘာဖြစ်လို့ အယ်လ်နဲ့ပတ်သက်ပြီး နာနာကျည်းကျည်းဖြစ်နေရတာလဲ။ သူတို့သုံးယောက် ဆုံလာတဲ့အခါမှာ နိုင်ငံရေး၊ အချစ်ရေး ဘယ်ဟာက ပိုဦးစားပေးတဲ့အရာဖြစ်လာမလဲ။ သေချာတာကတော့ ဘယ်တော့မှ မေ့လို့မရအောင် ချစ်ခဲ့တယ်၊ ဘာမဆိုပေးဆပ်ရဲတဲ့အထိလည်း မေတ္တာသက်ဝင်ခဲ့တယ်၊ ဒါပေမယ့် ချစ်သူကို သဘောထားပြည့်ဝစွာနဲ့ ကျေကျေနပ်နပ်ကြီး စွန့်လွှတ်လိုက်ရတာကို တွေ့မြင်ကြရမှာပါ။ Casablanca ဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်သွားရတဲ့ အချစ်တွေရဲ့ ပြယုဂ်တစ်ခုပေါ့။

ညွှန်းမယ့်သာ ညွှန်းရတာပါ။ တော်တော်များများ ကြည့်ဖူးမှာဖြစ်တာကြောင့် မိကျောင်းမင်း ရေကင်းပြသလိုဖြစ်နေမှာကိုလည်း ဓာတ်ရှင်တို့က စိုးရိမ်ရပါသေးတယ်။

ဒါပေမယ့်လည်း အဖြူအမည်းဆိုရင် ရှေးဇာတ်ကားဆိုပြီး နှာခေါင်းရှုံ့ချင်တတ်ကြတဲ့ သူတွေကို တကယ့်ဂန္တဝင်ဆိုတာ ဘာလဲလို့ ပြချင်တာကြောင့် ညွှန်းလိုက်ရတာဖြစ်ပါတယ်။

ကဲ Stay Home ကာလမှာ အကျိုးမယုတ်စေမယ့် ဇာတ်ကားဖြစ်တာကြောင့် ကြည့်လိုက်ကြပါဦး။ Rating ကတော့ ရှိသမျှရိုမန်တစ်ဇာတ်ကားတွေထဲမှာ လုံးဝအမြင့်ဆုံး Rating ကို ပိုင်ဆိုင်ထားပါတယ်။


#ဂန္တဝင်
#ဇာတ်ကား
#တံခါးပေါက်
#အချစ်
#ရေကင်း

Some text some message..