ကုန်သွယ်ရေးစစ်ပွဲ
ကောင်းကျိုး၊ ဆိုးကျိုးနှင့် သမိုင်းကြောင်း
နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံ၏ သွင်းကုန်ခွန် (Import tariffs) မြှင့်တင်ခြင်းအပေါ် တုံ့ပြန်သောအခါ ကုန်သွယ်ရေးစစ်ပွဲ (Trade war) စတင်ဖြစ်ပွားပါသည်။ သို့မဟုတ် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံ၏ သွင်းကုန်များအပေါ် အခြားကန့်သတ်ချက်များ ထားရှိသောအခါ ကုန်သွယ်ရေးစစ်ပွဲ စတင်ဖြစ်ပွားသည်။
နိုင်ငံတစ်နိုင်ငံက ပြိုင်ဖက်နိုင်ငံအနေဖြင့် မမျှတသော ကုန်သွယ်မှုကျင့်ထုံးများ (Unfair trading practices) လုပ်ဆောင်နေသည်ဟု ယူဆလျှင်လည်း ကုန်သွယ်ရေးစစ်ပွဲ စတင်ဖြစ်ပွားနိုင်သည်။ ပြည်တွင်းကုန်သွယ်ရေးသမဂ္ဂ သို့မဟုတ် လုပ်သားရေးရာတက်ကြွလှုပ်ရှားသူများ (Domestic trade unions or industry lobbyists) သည် နိုင်ငံရေးသမားများအား ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ဖိအားပေးလေ့ရှိသည်။
သွင်းကုန်များသည် ပြည်တွင်းစားသုံးသူများအတွက် အကျိုးမရှိကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးပေါ်လစီကို ပြောင်းလဲ၍ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံသင့်ကြောင်း ပြောဆိုဖိအားပေးလေ့ရှိပါသည်။ လွတ်လပ်သောကုန်သွယ်ရေး (Free trade) ၏ ကောင်းကျိုးများအပေါ် နားလည်မှုလွဲခြင်းကြောင့်လည်း ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလေ့ရှိသည်။
ကုန်သွယ်ရေးစစ်ပွဲ၏ သဘော
ကုန်သွယ်ရေးစစ်ပွဲသည် ကိုယ်ကျိုးစီးပွားကာကွယ်သည့် ကုန်သွယ်ရေးမူဝါဒ (Protectionism) ၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။ ကိုယ်ကျိုးစီးပွားကာကွယ်သည့် ကုန်သွယ်ရေးမူဝါဒဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ကန့်သတ်သောအစိုးရ၏ အရေးယူဆောင်ရွက်ချက်နှင့် ပေါ်လစီများကို ရည်ညွှန်းသည်။
ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံသည် နိုင်ငံခြားလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုကြောင့် ဖြစ်လာမည့်ဆိုးကျိုးများကို ကာကွယ်ရန်အတွက် ကိုယ်ကျိုးစီးပွားကာကွယ်သည့် လုပ်ဆောင်ချက်များ (Protectionist actions) ချမှတ်ကျင့်သုံးသည်။ အထူးသဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန်နှင့် အလုပ်အကိုင်ဆုံးရှုံးမှုကိုကာကွယ်ရန် အဆိုပါအစီအမံများဆောင်ရွက်လေ့ရှိသည်။ ကိုယ်ကျိုးစီးပွားကာကွယ်သည့်ဝါဒသည် ကုန်သွယ်ရေးလိုငွေပြမှု (Trade deficits) ကိုချိန်ညှိရန် အသုံးပြုသော နည်းလမ်းတစ်ခုလည်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ သွင်းကုန်ပမာဏက ပို့ကုန်ပမာဏထက် ပိုမိုများပြားသောအချိန်တွင် ကုန်သွယ်ရေးလိုငွေပြမှုဖြစ်ပေါ်သည်။ အကောက်ခွန် (Tariff) ဆိုသည်မှာ နိုင်ငံအတွင်းသို့ တင်သွင်းလာသော ကုန်စည်များအပေါ် စည်းကြပ်သောအခွန် (Tax or duty) ဖြစ်သည်။ Customs duty ဟူ၍လည်း ခေါ်ဆိုသည်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက သက်ဆိုင်ရာ နိုင်ငံနှစ်နိုင်ငံစလုံး၏ စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူများကိုအလွန်ထိခိုက်ပျက်စီးစေသည်။ အကျိုးဆက်အနေဖြင့် နှစ်နိုင်ငံစလုံးရှိ အခြားသောကဏ္ဍများစွာအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည်။
ကဏ္ဍတစ်ခုတွင် စတင်ဖြစ်ပွားသော ကုန်သွယ်ရေးစစ်ပွဲသည် အခြားကဏ္ဍများကိုလည်း ဆက်လက်ရိုက်ခတ်နိုင်သည်။ ထို့အတူ နိုင်ငံနှစ်နိုင်ငံကြားတွင် ဖြစ်ပွားသော ကုန်သွယ်ရေးစစ်ပွဲသည် အခြားနိုင်ငံများကို ရိုက်ခတ်နိုင်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဤလက်တုံ့ပြန်သည့်တိုက်ပွဲ (Tit-for-tat battle) သည် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို ကြိုက်နှစ်သက်ခြင်းကြောင့် ဖြစ်လာနိုင်သည်။
ကုန်သွယ်ရေးစစ်ပွဲသည် စီးပွားရေးပိတ်ဆို့မှု (Sanctions) ကဲ့သို့သော ပို့ကုန် သွင်းကုန်ကို ထိန်းချုပ်သည့် အခြားသောအစီအမံများနှင့် မတူပေ။ ကုန်သွယ်ရေးစစ်ပွဲသည် နှစ်နိုင်ငံစလုံး၏ ရောင်းဝယ်ဖောက်ကားမှုကို ထိခိုက်နစ်နာစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲ၏ရည်ရွယ်ချက်သည် ကုန်သွယ်မှုနှင့် အဓိကသက်ဆိုင်နေသောကြောင့် ဖြစ်သည်။ အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်းအပြင် သွင်းကုန်ခွဲတမ်း (Import quotas) သတ်မှတ်ခြင်းအားဖြင့်လည်း ကိုယ်ကျိုးစီးပွားကာကွယ်သည့်မူဝါဒ (Protectionist policies) ကို ချမှတ်ကျင့်သုံးနိုင်သည်။
ထို့ပြင် ထုတ်ကုန်စံချိန်စံညွှန်း (Product standards) သတ်မှတ်ခြင်းအားဖြင့်လည်းကောင်း၊ တစ်ဆင့်ကန်ထရိုက်လုပ်ငန်းများကို ဟန့်တားရန် ပြည်တွင်းလုပ်ငန်းများအား အစိုးရထောက်ပံ့ကြေး (Government subsidies) ပေးခြင်းအားဖြင့်လည်းကောင်း ကိုယ်ကျိုးစီးပွား ကာကွယ်သည့်ပေါ်လစီကို ချမှတ်ကျင့်သုံးနိုင်သည်။
သမိုင်းကြောင်း
ကုန်သွယ်ရေးစစ်ပွဲများသည် ဤခေတ်သစ် လူ့အဖွဲ့အစည်းတွင် စတင်ပေါ်ပေါက်လာသောအရာ မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်ခဲ့သော ရှေးပဝေသဏီကပင် ကုန်သွယ်ရေးတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ဥပမာအားဖြင့် ၁၇ ရာစုတွင် ကိုလိုနီနယ်ချဲ့နိုင်ငံများသည် နယ်ချဲ့ခြင်းနှင့်အတူ သီးသန့်ကုန်သွယ်ခွင့်ရရှိရေးအတွက် အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။
ထိုကဲ့သို့သောတိုက်ပွဲများ (Trade battles) ၏ ရှည်လျားသောသမိုင်းကြောင်းအဖြစ် ဗြိတိသျှအင်ပါယာ (British Empire) ကို တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့် ၁၉ ရာစုတွင် တရုတ်နိုင်ငံနှင့် ဆင်နွှဲခဲ့သော ဘိန်းစစ်ပွဲ (Opium wars) ကို တွေ့ရှိရသည်။ ဗြိတိသျှတို့သည် အိန္ဒိယနိုင်ငံထုတ် ဘိန်းများကို တရုတ်နိုင်ငံသို့ နှစ်ပေါင်းများစွာ တင်ပို့ခဲ့သည်။
ထိုအခါ တရုတ်ဧကရာဇ်က ဘိန်းတင်သွင်းမှုကို တရားမဝင်ကြောင်း အမိန့်ထုတ်ပြန်သည်။ သို့သော်လည်း အဆိုပါပဋိပက္ခကိုဖြေရှင်းသည့် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပေ။ ထိုအခါ တရုတ်ဧကရာဇ်သည် မူးယစ်ဆေးဝါးများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူရန် စစ်သားများစေလွှတ်ခဲ့သည်။ သို့သော်လည်း ဗြိတိသျှရေတပ်က အနိုင်ရခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားကုန်သွယ်မှုကို လက်ခံခဲ့ရသည်။
၁၉၃ဝ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် Smoot Hawley Tariff Act ဟူသော အကောက်ခွန်အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုအက်ဥပဒေသည် အမေရိကန်လယ်သမားများအား ဥရောပစိုက်ပျိုးရေးထုတ်ကုန်များ၏ ရိုက်ခတ်မှုဒဏ်မှကာကွယ်ရန် အကောက်ခွန်တိုးမြှင့်သတ်မှတ်သည့်ဥပဒေဖြစ်သည်။ အဆိုပါအက်ဥပဒေအရ ယခင်ကတည်းက မြင့်မားနေခဲ့သော သွင်းကုန်ခွန် (Import duties) ကို ရာခိုင်နှုန်း ၄ဝ နီးပါးအထိ မြှင့်တင်ခဲ့သည်။
အမေရိကန်၏ အခွန်မြှင့်တင်ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံအတော်များများကလည်း ၎င်းတို့၏ သွင်းကုန်ခွန်ကို မြှင့်တင်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး ကျဆင်းခဲ့သည်။ ဒုက္ခပေးသော ကုန်သွယ်ရေးပေါ်လစီများကို ကျင့်သုံးနေစဉ် အမေရိကန်တွင် မဟာစီးပွားပျက်ကပ် (Great Depression) ဆိုက်ရောက်လာခဲ့သည်။ ထိုအခါ အမေရိကန်သမ္မတ ရုစဘဲ့လ် (Roo Sevelt) သည် ကုန်သွယ်မှုအဟန့်အတားများ လျှော့ချရန် အက်ဥပဒေအမျိုးမျိုးကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
၁၉၃၄ ခုနှစ်တွင် အပြန်အလှန် အကောက်ခွန်လျှော့ချရေးအက်ဥပဒေ (Reciprocal Tariff Act) ကို ပြဋ္ဌာန်းခဲ့သည်။ ထိုသို့ပြဋ္ဌာန်းပြီး အခြားနိုင်ငံများနှင့် နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီချက်များ (Bilateral reciprocal trade agreement) ရယူခဲ့သည်။ ဤနည်းအားဖြင့် အမေရိကန်သည် ကမ္ဘာ့နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရန် ကုန်သွယ်ရေးပေါ်လစီကို ဖြေလျှော့ခဲ့သည်။
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် သွင်းကုန်များအပေါ် အခွန်အမျိုးမျိုး စတင်တိုးမြှင့်ကောက်ခံခဲ့သည်။ စတီးလ်နှင့် အလူမီနီယံမှသည် ဆိုလာပြားနှင့် အဝတ်လျှော်စက်အထိ အကောက်ခွန် တိုးမြှင့်ကောက်ခံခဲ့သည်။ အဆိုပါသွင်းကုန်ခွန်များကြောင့် ဥရောပသမဂ္ဂ၊ ကနေဒါ၊ တရုတ်နှင့် မက္ကဆီကို နိုင်ငံတို့၏ ပို့ကုန်များထိခိုက်ခဲ့သည်။ ထို့ကြောင့် ကနေဒါနိုင်ငံသည် အမေရိကန်၏ စတီးလ်နှင့် အခြားထုန်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ ဥရောပသမဂ္ဂကလည်း အမေရိကန်၏ စိုက်ပျိုးရေးထုတ်ကုန်နှင့် မော်တော်ဆိုင်ကယ်အပါအဝင် အခြားထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့သည်။
၂ဝ၁၉ ခုနှစ် မေလတွင် အမေရိကန်သည် တရုတ်သွင်းကုန်များ (အမေရိကန်ဒေါ်လာ ၂ဝဝ ဘီလျံ) အပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံကလည်း အမေရိကန်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ တရုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်စည်းကြပ်လိုက်သောအခါ အမေရိကန်နိုင်ငံတွင် တရုတ်ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်ခဲ့သည်။
အကျိုးဆက်အနေဖြင့် အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များသည် အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် ဖြစ်ပေါ်လာသော စရိတ်များကို ကျခံရပါသည်။ အဆိုပါစရိတ်များသည် သွင်းကုန်လုပ်ငန်းရှင်များထံများမှ အမေရိကန် စားသုံးသူများထံ တဖြည်းဖြည်းရောက်ရှိသွားခဲ့သည်။ ထိုအခါ အမေရိကန်စားသုံးသူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားကြရသည်။ ဤအချက်က ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရခြင်း၏ ပြောင်းပြန်အကျိုးသက်ရောက်မှုကို ပြသနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ထောက်ပြထားပါသည်။
ကောင်းကျိုးနှင့် ဆိုးကျိုးများ
ကုန်သွယ်ရေးစစ်ပွဲနှင့် ကိုယ်ကျိုးစီးပွားကာကွယ်သည့်ဝါဒတို့၏ ကောင်းကျိုး၊ ဆိုးကျိုးများနှင့်ပတ်သက်ပြီးအပြင်းအထန် ငြင်းခုံနေဆဲဖြစ်သည်။ ကိုယ်ကျိုးစီးပွားကာကွယ်သည့်ဝါဒကို ထောက်ခံသူများက ယုံကြည်စိတ်ချရသော ပေါ်လစီများ (Well-crafted policies) သည် ယှဉ်ပြိုင်အားသာချက် (Competitive advantages) ကို ဖြစ်စေကြောင်း ပြောဆိုသည်။ ထို့ပြင် သွင်းကုန်ကိုပိတ်ပင်ခြင်း သို့မဟုတ် အားမပေးခြင်းက ပြည်တွင်းထုတ်လုပ်သူများ၏ စီးပွားရေးကို တိုးတက်စေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင် ပိုမိုဖန်တီးရာရောက်ကြောင်း ထောက်ခံပြောဆိုသည်။
အဆိုပါပေါ်လစီများက ကုန်သွယ်ရေးလိုငွေပြမှုကို ကျော်လွှားစေနိုင်ကြောင်းလည်း ထောက်ပြကြသည်။ ထို့ပြင် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခြင်းက မမျှတသော၊ ကျင့်ဝတ်သိက္ခာမရှိသော ကုန်သွယ်ရေးလုပ်ဆောင်ချက်များအတွက် ထိရောက်သောနည်းလမ်းဖြစ်ကြောင်း ယင်းဝါဒကိုထောက်ခံသူများက ယုံကြည်သည်။ ကုန်သွယ်ရေးစစ်ပွဲ၏ ကောင်းကျိုးများမှာ မမျှတသောယှဉ်ပြိုင်မှုမှ ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ခြင်း၊ ပြည်တွင်းဖြစ်ကုန်ပစ္စည်းများအတွက် ဝယ်လိုအားတိုးခြင်း၊ ပြည်တွင်းအလုပ်အကိုင် တိုးတက်ရရှိခြင်း၊ ကုန်သွယ်ရေးလိုငွေ လျော့ကျခြင်း၊ ကုန်သွယ်ရေးကျင့်ဝတ်မရှိသောနိုင်ငံအား အပြစ်ပေးခြင်းတို့ ဖြစ်သည်။
ကုန်သွယ်ရေးစစ်ပွဲ၏ ဆိုးကျိုးများအဖြစ် ထုတ်လုပ်မှုစရိတ် မြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ဈေးကွက်နေရာနည်းပါးပြီး ရွေးချယ်မှုအကန့်အသတ်ရှိခြင်း၊ ကုန်သွယ်ရေးကို အားမပေးခြင်း၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ သံတမန်ဆက်ဆံရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအား ထိခိုက်ခြင်းစသည်တို့ကို တွေ့မြင်နိုင်သည်။
ကိုယ်ကျိုးစီးပွား ကာကွယ်သည့်ဝါဒကို ဝေဖန်သူများက ၎င်းဝါဒသည် ပြည်သူလူထုကို ထိခိုက်စေကြောင်း ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဝါဒသည် ဈေးကွက်များပိတ်ဆို့ခြင်း၊ ယဉ်ကျေးမှုဖလှယ်ရေးအား ဟန့်တားခြင်းနှင့် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ဝေဖန်ထောက်ပြကြသည်။ ထို့ပြင် ဈေးကွက်အတွင်း စားသုံးသူများ၏ရွေးချယ်မှုကို နည်းပါးစေကြောင်း၊ သွင်းကုန်ကိုအစားထိုးရန် ပြည်တွင်းထုတ်ကုန်များ အဆင်သင့်မဖြစ်သောကြောင့် ပြည်တွင်းဈေးကွက်၌ ကုန်စည်ပြတ်လပ်မှုဖြစ်စေကြောင်းလည်း ဝေဖန်သူများက ပြောဆိုသည်။
ထိုမျှသာမက ကုန်ကြမ်းဈေးနှုန်းမြင့်တက်ခြင်းက ပြည်တွင်းထုတ်လုပ်သူများ၏ အမြတ်အစွန်း (Profit margins) ကို ထိခိုက်စေသည်။ အကျိုးဆက်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲခြင်းက ကုန်ဈေးနှုန်းမြင့်တက်ပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်ကြောင်း ထောက်ပြပြောဆိုကြသည်။
နမူနာဖြစ်ရပ်များ
၂ဝ၁၆ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်သည် လက်ရှိကုန်သွယ်ရေးသဘောတူညီချက်များကို မကြိုက်နှစ်သက်ကြောင်း ဖော်ပြခဲ့သည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော အခြားနိုင်ငံများ၌တစ်ဆင့် ကန်ထရိုက်လုပ်ငန်း သွားရောက်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ခေါ်ဆောင်ပြီး ပြည်တွင်းအလုပ်အကိုင်ရရှိမှုကို ဖန်တီးမည်ဖြစ်ကြောင်းလည်း သမ္မတက ကတိပေးပြောကြားသည်။
ထို့နောက် သမ္မတသည် ကိုယ်ကျိုးစီးပွားကာကွယ်သည့် အစီအစဉ် (Protectionist campaign) ကို စတင်ခဲ့သည်။ ထို့ပြင် သမ္မတသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization–WTO) မှ နှုတ်ထွက်မည်ဖြစ်ကြောင်းလည်းပြောဆိုခဲ့သည်။ WTO သည် အဖွဲ့ဝင် ၁၆၄ နိုင်ငံရှိပြီး ကမ္ဘာ့ကုန်သွယ်မှုကို ထိန်းကျောင်းလျက်ရှိသော ဘက်မလိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
၂ဝ၁၈ ခုနှစ်အစောပိုင်းတွင် သမ္မတထရမ့်သည် တရုတ်နိုင်ငံကို တိုက်ခိုက်မှုနှင့်အတူ ယင်း၏လုပ်ဆောင်ချက်များကို အရှိန်မြှင့်တင်ခဲ့သည်။ တရုတ်နိုင်ငံအား အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် (Intellectual Property–IP) ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။ ထို့နောက် စတီးလ်နှင့် ပဲပိစပ်ထုတ်ကုန်ကဲ့သို့သော တရုတ်ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ဝဝ ဘီလျံအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။ တရုတ်နိုင်ငံကလည်း လက်စားချေသည့်အနေဖြင့် အမေရိကန်ထုတ်ကုန် ၁ဝဝ ကျော်ကို အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။
၂ဝ၁၈ ခုနှစ် တစ်နှစ်လုံး အမေရိကန်နှင့် တရုတ်တို့သည် အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြသည်။ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်သည် ၁ဝ ရာခိုင်နှုန်းအခွန်ကောက်ခံခြင်း (10% tariffs) ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့အတွက် တရုတ်နိုင်ငံကလည်း သွင်းကုန်ခွန်မြှင့်တင်ပြီး လက်တုံ့ပြန်ခဲ့သည်။ သို့သော်လည်း အမေရိကန်၏ အခွန်မြှင့်တင်ခြင်းက တရုတ်စီးပွားရေးကို ထိခိုက်စေခဲ့သည်။ အထူးသဖြင့် တရုတ်ထုတ်လုပ်သူများအထိနာပြီး နိုင်ငံ၏စီးပွားရေးကျဆင်းခဲ့သည်။
ဒီဇင်ဘာလတွင် အခွန်တိုးမြှင့်ကောက်ခံခြင်းကိုရပ်တန့်ရန် နှစ်နိုင်ငံသဘောတူခဲ့ကြသည်။ အကောက်ခွန်စစ်ပွဲ (Tariff war) ကို ၂ဝ၁၉ ခုနှစ် တစ်နှစ်လုံး ယာယီရပ်ဆိုင်းထားရန် သဘောတူခဲ့ကြသည်။ သို့သော်လည်း ၂ဝ၁၉ ခုနှစ် မေလဆန်းပိုင်းတွင် တရုတ်အရာရှိများ၏ ငြင်းဆိုမှုကြောင့် စေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့ပေ။ အထူးသဖြင့် တရုတ်တို့သည် ၎င်းတို့၏ ကုမ္ပဏီထောက်ပံ့ကြေးပေးသောဥပဒေများ (Company–subsidizing Laws) ပြင်ဆင်ပြောင်းလဲရန် ငြင်းဆိုခဲ့သည်။
ထို့ပြင် အမေရိကန်၏ လက်ရှိအကောက်ခွန်များဖယ်ရှားရန် အပြင်းအထန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် အမေရိကန်သမ္မတသည် ၂ဝ၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ကန်ဒေါ်လာ ၂ဝဝ ဘီလျံ တန်ဖိုးရှိသော တရုတ်သွင်းကုန်များအပေါ် ၁ဝ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံခဲ့သည်။ အကျိုးဆက်အနေဖြင့် တရုတ်နှင့်ကုန်သွယ်သော အမေရိကန်၏လိုငွေပြမှု သိသိသာသာ လျော့ကျခဲ့သည်။
အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများ (State–owned firms) သည် လယ်ယာထုတ်ကုန်တင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း တရုတ်ငွေကြေးတန်ဖိုး များစွာကျဆင်းခဲ့သည်။ ဤအချက်က ငွေကြေးစစ်ပွဲ (Currency war) ကို ဆက်လက်ဖြစ်ပွားစေသည်။
အထက်ပါအခြေအနေများက တရုတ်နှင့်အမေရိကန် နှစ်နိုင်ငံစလုံးကို ထိခိုက်နစ်နာစေပါသည်။ ထို့ကြောင့် ၎င်းတို့သည်၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း နောက်ထပ်ပြဿနာတစ်ခုအဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာခဲ့သည်။ ထို့ကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုများ (Tradetensions) ဆက်လက်ကြီးထွားလျက်ရှိပါသည်။
Source: investopedia