လကမ္ဘာသို့သွားရောက်ခဲ့သည့် ခရီးစဉ်အောင်မြင်ခြင်းအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် ဂုဏ်ပြုစကားပြောကြား
mmtimes.com
|
2020-12-17



တရုတ်နိုင်ငံ၏ လဆင်းယာဉ် Chang’e လကမ္ဘာသို့ ဆင်းသက်စဉ်။ ဓာတ်ပုံ-အေပီ

လကမ္ဘာသို့သွားရောက်ခဲ့သည့် ခရီးစဉ်အောင်မြင်ခြင်းအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် ဂုဏ်ပြုစကားပြောကြား


ပေကျင်း ဒီဇင်ဘာ ၁၇ -လကမ္ဘာပေါ်မှ မြေသားနမူနာကို တရုတ်နိုင်ငံအတွက် ပထမဆုံးယူဆောင်ကာ ကမ္ဘာမြေပေါ်သို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည့် Chang’e-5 အာကာသခရီးစဉ်၏ အောင်မြင်မှုအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၁၇ ရက်တွင် ချီးကျူးစကား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ Chang’e-5 အမည်ရှိ လဆင်းယာဉ်သည် ဒီဇင်ဘာ ၁၇ ရက် နံနက်အစောပိုင်းတွင် ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး တရုတ်နိုင်ငံမြောက်ပိုင်းရှိ မွန်ဂိုလီးယားဒေသအတွင်းပိုင်း၌ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ ၎င်းလဆင်းယာဉ်ပေါ်တွင် ၁၉၇၀ ခုနှစ်နောက်ပိုင်း လူသားတို့အတွက် ပထမဆုံးသော မြေသားနမူနာကို သယ်ဆောင်လာနိုင်ခဲ့သည်။

‘‘သင်တို့ရဲ့ ထူးခြားပြောင်မြောင်လှတဲ့ စွမ်းပကားတွေအပေါ် ကျွန်ုပ်တို့တိုင်းပြည်နဲ့ ပြည်သူလူထု တစ်ရပ်လုံးက အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်’’ ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် Chang’e-5 လဆင်းယာဉ်ကို နိုဝင်ဘာလ ၂၄ ရက် တွက် ကမ္ဘာပတ်လမ်းကြောင်းပေါ်သို့ စတင်ပစ်လွှတ်ခဲ့ပြီး ဒီဇင်ဘာလ အစောပိုင်းတွင် လပေါ်သို့ဆင်းသက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားအာကာ သကွပ်ကဲရေးဌာနက ပြောကြားသည်။ ထို့နောက် လပေါ်တွင် စူးစမ်းလေ့လာမှုများပြုလုပ်ကာ မြေသားနမူနာ ၂ ကီလိုဂရမ် (၄ ဒသမ ၄၁ ပေါင်) ကို ကမ္ဘာမြေဆီသို့ယူဆောင်ရန် လျာထားချက်ကို လုပ်ဆောင်ပြီးနောက် အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။ ယင်းမြေသားနမူနာမှာ တရုတ်နိုင်ငံအတွက် ပထမဆုံးဖြစ်ပြီး ကမ္ဘာကြီးအတွက် တတိယအကြိမ်မြောက် မြေသားနမူနာဖြစ်ကာ ၄၄ နှစ်အတွင်း ထပ်မံယူဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် လကမ္ဘာပေါ်မှ မြေသားနမူနာ ၂ ကီလိုဂရမ် ယူဆောင်မည်ဟု လျာထားခဲ့သော်လည်း မည်မျှသယ်ဆောင်လာခဲ့သည်ကို အတိအကျဖော်ပြခြင်းမရှိပေ။ ကမ္ဘာပေါ်တွင် လပေါ်သို့သွားရောက်ပြီး မြေသားနမူနာ ယူဆောင်နိုင်ခဲ့သည့်နိုင်ငံမှာ အမေရိကန်ဖြစ်ကာ ဒုတိယမှာ ရုရှားနိုင်ငံဖြစ်သည်။


#နမူနာ
#လပေါ်
#တရုတ်
#ကမ္ဘာမြေ
#ယာဉ်

Some text some message..