
လောင်စာအဖြစ် ရေကိုသာအသုံးပြုပြီး ဟိုက်ဒရိုဂျင်ပါဝါ နည်းပညာသုံးပြီး ခရီးရှည်သွားနိုင်တဲ့ မော်တော်ကားကို တီထွင်နိုင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုကအခိုင်အမာ ပြောဆိုလိုက်ပါတယ်။
တရုတ်သတင်းဌါန SCMP ရဲ့ ဖော်ပြချက်မှာ ‘Qingnian Car’ လို့အမည်ပေးထားတဲ့ ကားဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ရေအသုံးပြုပြီး သူ့ရဲ့ပထမဆုံး ခရီးစဉ်ကို စတင်မောင်းနှင်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့အကြီးအကဲ Pang Qingnian ရဲ့အဆိုအရ ကားဟာ ကီလိုမီတာ ၃၀၀ ကနေ ၅၀၀ လောက်ထိ ခရီးနှင်ခဲ့ပြီးအဲဒီအတွက် ရေလီတာ ၃၀၀ နဲ့ ၄၀၀ လောက်သာ ထည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီနည်းပညာအတွက် စမ်းသပ်မှုတွေများစွာလုပ်ပြီး ကုန်ကျစရိတ်များခဲ့တာကြောင့် သူတို့ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်အနေနဲ့သာ ထားပြီး ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကားရဲ့အင်ဂျင်ကို ရေ၊ ရောစပ်ထားတဲ့အလှူမီနီယံမှုန့်တို့ ပေါင်းစပ်ပြီး ဟိုက်ဒရိုဂျင်ပါဝါ ထွက်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ဟိုက်ဒရိုဂျင်ပါဝါအင်ဂျင်တွေဟာအပူစွန့်မှုနည်းပါးတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တဲ့အတွက်အမေရိကန်၊ ဂျပန်စတဲ့ နိုင်ငံတွေက ထုတ်လုပ်နိုင်အောင် တစ်ဖြည်းဖြည်း ကြိုးစားလာနေကြပါတယ်။
‘Qingnian Car’ ဖြစ်လာဖို့ ဟိုက်ဒရိုဂျင်နည်းပညာကို ကုမ္ပဏီနဲ့ ဟူဘေတက္ကသိုလ်တို့ ပူးပေါင်းပြီး ၂၀၀၆ ခုနှစ်ထဲက တီထွင်ကြံဆနေခဲ့ကြတာပါ။ ဗုဒ္ဓဟူးနေ့က စမ်းသပ်မောင်းနှင်ခဲ့တဲ့ ကားကတော့ နမူနာထုတ်လုပ်ထားတဲ့ ကားဖြစ်ပြီး လက်တစ်လောမှာတော့အများအပြား မထုတ်လုပ်နိုင်သေးကြောင်း သိရပါတယ်။
ယခင်ကလည်း ရေနဲ့မောင်းနိုင်တဲ့ ကားတွေ တီထွင်နိုင်ပြီလို့ သတင်းတွေထွက်ခဲ့ပြီး နောက်ပိုင်းမှာအမှန်တစ်ကယ်မအောင်မြင်ပဲ ပျောက်ကွယ်သွားခဲ့ဖူးတဲ့ သတင်းတွေရှိခဲ့တဲ့အတွက်အခု ‘Qingnian Car’ ရဲ့အခြေအနေကိုလည်းအားလုံးက စောင့်ကြည့်နေကြပါတယ်။