ဆော်ဒီအာရေဗျရှိ ဖွံ့ဖြိုးလာသောအလှကုန်လုပ်ငန်း ခေါင်းမြီးခြုံအောက်က နှုတ်ခမ်းနီမလေးများ
mmtimes.com
|
2019-06-14



ဆော်ဒီအာရေဗျတွင်အမျိုးသမီးများသည်အများပြည်သူဆိုင်ရာနေရာများတွင် ဦးခေါင်းမှခြေဖျားအထိရှည်သည့် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားရပြီး မျက်နှာနှင့် ဆံပင်တို့ကိုလည်း လူမမြင်အောင် ဖုံးဖိထားရသည်။

သို့သော် ခေတ်အနေအထားကြောင့် ဥပဒေနှင့် လူမှုရေးဆိုင်ရာစည်းမျဉ်းများပြောင်းလဲလာခဲ့ရာ မိတ်ကပ်အပါအဝင်အလှကုန်ပစ္စည်းများသည် ဆော်ဒီအမျိုးသမီးများကြား ဝယ်ယူမှုအများဆုံးပစ္စည်းများ ဖြစ်လာခဲ့သည်။

အဆိုတော် ရီအန်းနား၏ မိတ်ကပ်တံဆိပ်များကိုလည်း ဆော်ဒီအမျိုးသမီးများအထူးနှစ်သက်ကြသည်။ ရီအန်းနား မိတ်ဆက်ပေးသည့် ဖန်တီအမည်ရှိအရောင်တောက်တောက် မိတ်ကပ်သစ်ကို ဆော်ဒီသူများအထူးအားပေးကြသည်။ ဆံပင်၊ မိတ်ကပ်နှင့်အဝတ်အစားတို့နှင့်ပတ်သက်လျှင် ရဲရဲဝံ့ဝံ့စမ်းသပ်တတ်သည့် ရီအန်းနားနှင့် ကင်ကာဒါရှီးယန်းတို့မှာ ဆော်ဒီအာရေဗျမိသားစုများကြား မသိသူမရှိသလောက်ဖြစ်သည့် နာမည်များဖြစ်ကြသည်။




သို့သော် ဆော်ဒီသူများမှာအကြိုက်နှင့်အပြကို ခွဲထားရဆဲဖြစ်သည်။ နှစ်သက်သော်လည်း လိုက်လံတုပ မဝတ်ရဲကြသေး။ ဝတ်ခွင့်မရသေး။ သူတို့အများဆုံးစမ်းသပ်နိုင်သည်မှာ မိတ်ကပ်၊ နှုတ်ခမ်းနီအစရှိသည့်အလှကုန်ပစ္စည်းများသာ ရှိသေးသည်။ မဘယာဟုသိကြသည့် ဝတ်ရုံရှည်ကြီးများကို လူမြင်ကွင်းထွက်ရာတွင် ဝတ်ဆင်ရသဖြင့် သူတို့အလှပြင်ထားသည်ကို သတိထားမိသူရှားကြသည်။ သို့သော်အလှပြင်ထားသည်ကိုအမျိုးသားများက တစ်ချက်လောက် ကြည့်လျှင်ပင် တန်သွားပြီဟုအမျိုးသမီးတချို့က ဆိုကြသည်။

နိုင်ငံတစ်ဝန်းရှိ ဆီဖိုရာမိတ်ကပ်ဆိုင်များတွင် ရောင်းချသည့် ဖန်တီမိတ်ကပ်များကို ဝယ်ယူရန်အမျိုးသမီးများ တန်းစီခဲ့ကြကြောင်းအသက် ၁၈ နှစ်အရွယ်အယ်လ်ကာတာနီဆိုသည့်အမျိုးသမီးကပြောသည်။အမျိုးသားများနှင့်ခွဲနေရသည့် မင်္ဂလာဆောင်များ၊ ပါတီများတွင် မိတ်ကပ်ထူထူလိမ်း၊ နှုတ်ခမ်းနီရဲရဲဆိုးပြီး ရှိုးပြလို့ရနိုင်ကြောင်း ၎င်းကပြောသည်။




ဆော်ဒီအမျိုးသမီးများအလုပ်လုပ်ခွင့်ရလာပြီးနောက် ကိုယ်ပိုင်လစာဖြင့်အလှကုန်ပစ္စည်းများ ဝယ်ယူလာနိုင်ခြင်းကြောင့်လည်း ဆော်ဒီတွင်အလှကုန်ပစ္စည်းဈေးကွက် တွင်ကျယ်လာခြင်းဖြစ်သည်။အသားအရောင်နှင့် များစွာကွဲမထွက်သည့် မိတ်ကပ်များကို နှစ်သက်သည့်အနောက်နိုင်ငံများနှင့် ကွဲပြားသည့်အချက်မှာ ဆော်ဒီအာရေဗျသူများသည်အရောင်တောက်တောက် မိတ်ကပ်များကို နှစ်သက်ကြခြင်းဖြစ်သည်။

"ပင်လယ်ကွေ့သူတွေမို့လို့ လှတာကိုကြိုက်တယ်၊ ကိုယ်လှတာကို ပြခွင့်မရတာပဲ ရှိတာပါ" ဟု ဆီဖိုရာ စတိုးဆိုင်တစ်ဆိုင်၌ ယမန်နှစ်မှစ၍ လုပ်ကိုင်ခဲ့သည့်အသက် ၃၀ ကျော်အရွယ်အိမ်ထောင်ရှင်အမျိုးသမီး နာဂျလာ ဆူလ်တန် ဘင်အောဝတ်က ပြောဆိုခဲ့သည်။ "မျက်တောင်တုတပ်ပြီးမှအပြင်ထွက်တဲ့အမျိုးသမီးတွေများလာပြီ၊ မျက်ကပ်မှန်တပ်တဲ့ မိန်းကလေးတွေလည်း ရှိတယ်လေ" ဟု မီးခိုးရောင်အိုင်းရှဲဒိုး ဆိုးထားသည့် ဘင်အောဝတ်က ပြောသည်။

မိတ်ကပ်ဝယ်လွန်းပြီး စမ်းလိမ်းလွန်းသောကြောင့် ခင်ပွန်းဖြစ်သူသည်အလှကုန်ပစ္စည်းဆိုင်တွင်အလုပ်လုပ်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရယ်ရယ်မောမောဖြင့်ပြောသည်။အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ခွင့်ရမှုကြောင့်အလှကုန်ပစ္စည်း ရောင်းအားမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ယူရိုမော်နီတာအင်တာနေရှင်နယ်သုတေသနအဖွဲ့က ပြောသည်။ မိတ်ကပ် လက်လီရောင်းအားသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သန်း ၄၁၀ ရှိခဲ့ရာမှ ယမန်နှစ်တွင် ဒေါ်လာ ၅၇၆ သန်းအထိရှိလာခဲ့ကြောင်းအဖွဲ့၏အစီရင်ခံစာတွင်ဖော်ပြထားသည်။




ဘုရင်အဗ္ဗဒူလာ(ယခုကွယ်လွန်) ကအမျိုးသမီးများအားအလှကုန်နှင့်အဝတ်အစားဆိုင်များတွင်အလုပ်လုပ်ခွင့်ပေးမည့် ဆုံးဖြတ်ချက်ကို ၂၀၁၂ ခုနှစ်တွင်အကောင်အထည်ဖော်ခဲ့သည်။ ယင်းကိုအကောင်အထည်မဖော်မီကအမျိုးသမီးများသည်အမျိုးသားများသာရှိသည့်အလှကုန်ပစ္စည်းများဆိုင်များတွင် ဝယ်ယူခဲ့ရသည်။ ယင်းကြောင့် မိတ်ကပ်၊အသားအရေထိန်းသိမ်းရေး လိုးရှင်းစမ်းလိုသည့်အမျိုးသမီးသည် သူစိမ်းအမျိုးသားတစ်ဦးရှေ့တွင် ခေါင်းမြီးခြုံဖြေရခက်၊အရေပြားကို သူစိမ်းအမျိုးသားကို ထိကိုင်ခွင့်ပေးရန် မသင့်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ပြင်အောက်ခံအင်္ကျီအရွယ်အစားကို သူစိမ်းအမျိုးသားတစ်ဦးအား ပြောပြရန်လည်း မလွယ်ကူခဲ့ချေ။

ဆီဖိုရာတွင် စတင်လုပ်ကိုင်စဉ်ကတည်းက မိတ်ကပ်ကို ပိုလိမ်းတတ်လာပြီး ပရော်ဖက်ရှင်နယ်ကျကျအလှပြင်တတ်လာခဲ့ကြောင်း ဟိုင်ဖာအယ်လ်ဝါသလန်ဆိုသည့်အမျိုးသမီးတစ်ဦးကပြောဆိုခဲ့သည်။


#မိတ်ကပ်
#အလှကုန်ပစ္စည်း
#အမျိုးသမီး
#သူစိမ်း
#ဝတ်ရုံ

Some text some message..