မိုး ဘာကြောင့်ခြိမ်း၊ မိုးကြိုး ဘာကြောင့်ပစ်
yoyarlay.com
|
2019-07-10



မိုးရွာတဲ့အခါမျိုးမှာ မိုးခြိမ်းတာ၊ လျှပ်စီးလက်တာတွေကို မြင်ရ၊ ကြားရအခါတိုင်း လျှပ်စီးလက်တာ၊ မိုးခြိမ်းတာတွေဖြစ်တာဟာ ဘာကြောင့်ပါလိမ့်လို့ ကျွန်တော်တို့စဉ်းစားဖူးကြမှာပါ။ တချို့ကတော့အဲဒီအကြောင်းအရင်းကိုသိပြီးနေကြပေမဲ့ သေသေချာချာမသိကြတဲ့သူတွေလည်း ရှိနေနိုင်သေးတာကြောင့် ဒီတစ်ပတ်ရဲ့ ” Do You Know? ” ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။

တိမ်တွေကြား (ဒါမှမဟုတ်) တိမ်တိုက်တစ်ခုနဲ့ မြေပြင်ကြားကအီလက်ထရွန်စီးကြောင်းတစ်ခုရဲ့ လျှပ်စစ်စီးဆင်းမှုကြောင့် မိုးခြိမ်းသံ ဖြစ်ပေါ်လာတာပါ။အဲဒီအီလက်ထရွန်စီးကြောင်းဟာအနီးနားကလေထုကို (၅၀၀၀၀) ဒီဂရီဖာရင်ဟိုက် (နေထက် သုံးဆလောက်ပိုပူ) ထိပူလာစေပြီး ဒီလိုအပူလွန်ကဲနေတဲ့လေထုကအပူလျော့သွားစေဖို့ လျှပ်စစ်စီးရာလမ်းကြောင်းအနီး လေဟာနယ်အတွင်းမှာအသံဟိန်းပြွန်တစ်ခုကိုအလိုအလျောက်ထုတ်လုပ်လိုက်ပါတယ်။

အဲဒီနောက်အနီးနားက လေထုက ကျုံ့လိုက်၊ ပွလိုက်ဖြစ်မှုတွေကြောင့် တုန်ခါမှုတွေဖြစ်လာပြီး ပြင်းထန်တဲ့အက်ကွဲသံတစ်ခုကို ထွက်ပေါ်လာစေပါတယ်။ တုန်ခါမှုတွေမရှိတော့တဲ့အခါအသံကပဲ့တင်ထပ်မြည်ဟည်းရင်း ကျွန်တော်တို့ပြောပြောနေကြတဲ့ မိုးခြိမ်းသံဆိုတာကို ကြားလာရတာပါ။ မိုးခြိမ်းသံကိုဖြစ်စေတဲ့လျှပ်စီးကြောင်းနဲ့ (၁၀ ) မိုင်လောက်အကွာကနေ (ဒါမှမဟုတ်)အဲဒီထက်ပိုကွာဝေးတဲ့နေရာလောက်ကနေလည်း ကြားရနိုင်ပါတယ်။

လျှပ်စီးလက်တာကိုအရင်မြင်ပြီးမှ မိုးခြိမ်းသံကြားရတာကိုကျွန်တော်တို့တွေ သိခဲ့ကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက လေထဲမှာဆိုရင်အသံရဲ့သွားနှုန်းဟာ လျှပ်စီးရဲ့သွားနှုန်း (အီလက်ထရွန်စီးဆင်းမှု) ထက် ပိုနှေးတာကြောင့်လို့လည်း ကျောင်းမှာသင်ခဲ့ရဖူးမှာပါ။

မိုးခြိမ်း၊ လျှပ်စီးလက်တဲ့ဖြစ်စဉ်တွေအကြောင်းကေိုပြောတဲ့အခါ မိုးကြိုးပစ်တာကိုလည်း မဖြစ်မနေထည့်ပြောရမှာပါ။ လွန်ကဲလွန်းလာတဲ့အပူချိန်ကြောင့် ဗို့အား သန်း (၁၀၀) လောက်ထိရှိတဲ့လျှပ်စီးမိုးကြိုးတွေ မြေပြင်ဆီပစ်လွှတ်တဲ့ဖြစ်စဉ်မျိုးကို မိုးကြိုးပစ်တာလို့ သိကြပါတယ်။ မိုးကြိုးပစ်တဲ့ဖြစ်စဉ်ဟာ တိမ်တွေကြားမှာ (ဒါမှမဟုတ်) မြေပြင်ပေါ်မှာ ဖြစ်ပွားတတ်ပြီး မြေပြင်ဆီ မိုးကြိုးပစ်တာက မကြာခဏဖြစ်တတ်ပေမဲ့ သမုဒ္ဒရာတွေထဲမှာကတော့အဲဒီလိုမပစ်တတ်ပါဘူး။ ဒါပေမဲ့ မိုးကြိုးပစ်ခဲ့တယ်ဆိုရင်လည်း လျှပ်ကူးပစ္စည်းဖြစ်နေတဲ့ရေပြင်ဆီပစ်တဲ့အတွက်အနီးနားကလှေတွေ၊ ရေမျက်နှာပြင်အနီးအနားကို ရောက်နေတဲ့ငါးတွေအနေနဲ့ လျှပ်စီးမိုးကြိုးတွေ ထိမှန်ခံရနိုင်ပါတယ်။

ကမ်းခြေမှာရှိနေပြီး မိုးခြိမ်းသံနဲ့ လျှပ်စီးကို မြင်ရကြားရပြီဆိုရင် ကမ်းခြေမှာဆက်မနေတော့ဘဲအဆောက်အဦတစ်ခုခု (ဒါမှမဟုတ်) ကားတစ်စီးထဲမှာအကာအကွယ်ယူနေရပါမယ်။ ပင်လယ်ထဲမှာဆိုရင်တော့ ကုန်းပေါ်ပြန်တက်ပြီးအကာအကွယ်ယူရမှာပါ။ မိုးကြိုးပစ်နေတဲ့အချိန်မျိုးမှာအီလက်ထရောနစ်ပစ္စည်းတွေကိုအသုံးမပြုမိဖို့ကတော့အရေးကြီးပါတယ်။

မိုးကြိုးပစ်ခြင်းဟာအရမ်းအန္တရာယ်များပြီးအသက်သေဆုံးနိုင်တဲ့ဖြစ်စဉ်တစ်ခုပါ။ မိုးကြိုးပစ်ခံရပြီဆိုရင်အရေပြားတစ်လျှောက် စိမ့်ဝင်စီးဆင်းသွားတဲ့ ဗို့အားမြင့်မားလျှပ်စီးကြောင်းကြောင့် ခန္ဓာကိုယ်မှာအကိုင်းအခက်ပုံစံအနီရောင်စီးကြောင်းကြီးတွေ ပေါ်လာပြီး သေဆုံးရစေတာဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ဘဝမှာ မိုးကြိုးပစ်ခံရနိုင်ချေက တစ်သောင်းနှစ်ထောင်ပုံ (၁) ပုံနီးပါးပဲရှိပါတယ်။အမေရိကမှာဆို မိုးကြိုးပစ်ခံရမှာကို ကြောက်တဲ့ရောဂါ (astraphobia) ကအမြင့်ကြောက်ရောဂါနဲ့ တိရစ်ဆာန်ငယ်လေးတွေကိုကြောက်တဲ့ရောဂါတွေပြီးရင် တတိယအဖြစ်များဆုံးပါ။ ဒါပေမဲ့ မိုးလေဝသအပြောင်းအလဲတွေကြောင့် မိုးကြိုးပစ်ခံရနိုင်တဲ့အန္တရာယ်က တိုးလာနိုင်ချေရှိတဲ့အတွက် မပေါ့ဆဘဲ သတိပြုနေထိုင်သင့်တယ်လို့ သိပ္ပံပညာရှင်တွေကတော့ သတိပေးထားကြပါတယ်။


Ref: Ocean Today and Scentific American
Team (ရိုးရာလေး)


#လျှပ်စီး
#အီလက်ထရွန်
#မြေပြင်
#လေထု
#ဗို့အား

Some text some message..