
ကင်ညာ၌ လိင်စိတ်ကွဲပြားသူများအရေးချီတက်ဆန္ဒထုတ်ဖော်ခဲ့စဉ်။အေပီ
ကင်ညာ၌အမျိုးသားမဟုတ်၊အမျိုးသမီးမဟုတ်အင်တာဆက်စ်ဦးရေ သန်းခေါင်စာရင်းကောက်ယူမည်
ကင်ညာနိုင်ငံ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ပထမဆုံးအကြိမ်အဖြစ်အမျိုးသားလည်းမဟုတ်၊အမျိုးသမီးလည်းမဟုတ်ဘဲ လိင်အင်္ဂါနှစ်မျိုးလုံး၏ကြင်အင်လက္ခဏာများပါဝင်သည့်အင်တာဆက်စ်များကိုလည်း ထည့်သွင်းကောက်ယူမည်ဖြစ်သည်။
သြဂုတ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအရအမျိုးသားလည်းမဟုတ်၊အမျိုးသမီးလည်းမဟုတ်သည့် နိုင်ငံသားဦးရေကိုပါသိရှိရေးလုပ်ဆောင်မည်ဖြစ်သည်။ ကင်ညာ၌အင်တာဆက်စ်များသည်အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများနှင့်ကြုံတွေ့နေရသည်။ လူဦးရေ ၄၉ သန်းအနက်အင်တာဆက်စ် ၇၀ဝဝဝ၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။
သန်းခေါင်စာရင်းတွင်အင်တာဆက်စ်များနှင့်ပတ်သက်၍ သတင်းအချက်များရရှိခြင်းကြောင့် ၎င်းတို့ရင်ဆိုင်နေရသည့်အခက်အခဲများကို ပိုမိုနားလည်လာနိုင်ကြောင်း ကင်ညာအင်တာဆက်စ်အသင်းကိုတည်ထောင်သူ ရိုင်ယန် မူရူရီကပြောဆိုခဲ့သည်။သန်းခေါင်စာရင်းတွင် ထည့်သွင်းဖော်ပြခံရခြင်းသည်အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ တောင်အာဖရိကသည် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးဥပဒေတွင်အင်တာဆက်စ်များကိုထင်ရှားစွာဖော်ပြခဲ့သည့် ပထမဆုံးအာဖရိကနိုင်ငံဖြစ်သည်။
၂၀ဝ၉ ခုနှစ်တွင် ကင်ညာ၌အမျိုးသမီးတစ်ဦးသည် မွေးဖွားလာသည့် ကလေးငယ်၏မွေးစာရင်းတွင် ဆရာဝန်များက လိင်ကိုဖော်ပြခြင်းမပြုခဲ့သောကြောင့် တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့သည်။ ကလေးငယ် စာသင်ကျောင်းတက်ရောက်နိုင်ရေးအတွက် လိင်အမှတ်အသားသတ်မှတ်ချက်ဆိုင်ရာမှတ်တမ်းမှတ်ရာ၊ ဆေးပညာအရ လိုအပ်ခြင်းမရှိပါကအင်တာဆက်စ်ကလေးငယ်များကို ခွဲစိတ်ကုသခြင်းမပြုရန်သတ်မှတ်သည့် ဥပဒေနှင့် မိဘများအတွက် စိတ်ပိုင်းနှင့် သတင်းအချက်အလက်ပိုင်းအရအကူအညီပေးမှုတို့ကို ယင်းအမျိုးသမီးက တောင်းဆိုခဲ့သည်။
၂၀၁၄ ခုနှစ်တွင်အသက်ငါးနှစ်ရှိနေပြီဖြစ်သည့် ကလေးငယ်အတွက် မွေးစာရင်းထုတ်ပေးရန်အထက်ရုံးကအစိုးရကို ညွှန်ကြားခဲ့သည်။ ထို့ပြင်အင်တာဆက်စ်ကလေးငယ်များကို ပိုမိုထောက်ပံ့နိုင်ရေးနည်းလမ်းရှာဖွေရေးအထူးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် တရားရုံးက ရှေ့နေချုပ်ကိုညွှန်ကြားခဲ့သည်။ ကလေးများ ၎င်းတို့လိုလားသည့် လိင်အင်္ဂါကိုဆုံးဖြတ်နိုင်သည့်အရွယ်ရောက်သည်အထိ ခွဲစိတ်မှုကို ရွှေ့ဆိုင်းထားရန်နှင့်အင်တာဆက်စ်ဦးရေကိုရေတွက်ရန်အထူးအဖွဲ့က ရှေ့နေချုပ်သို့တင်ပြသည့်အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထို့ပြင်အများပြည်သူဆိုင်ရာမှတ်တမ်းများတွင်အင်တာဆက်စ်များအတွက်အိုင်ဆိုသည့် သင်္ကေတကိုအသုံးပြုရန်လည်းအစီရင်ခံစာတွင်တိုက်တွန်းထားသည်။