Deadpool 2 စတန့်မယ် ဆိုင်ကယ်စီးသရုပ်ဆောင်ရင်း သေဆုံးမှု ဘေးကင်းရေးစည်းမျဉ်းအားနည်းချက်ကြောင့်
Deadpool 2 ရုပ်ရှင် ဆိုင်ကယ်စတန့်ခန်း ရိုက်ကူးစဉ် စတန့်မယ် သေဆုံးမှုကို စုံစမ်းစစ်ဆေးမှုတွေအရ ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေ အားနည်းခဲ့တာကြောင့်လို့ သိရပါတယ်။
ကနေဒါ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအဖွဲ့ WorkSafeBC က စတန့်မယ် ဂျွိုင် ဟားရစ် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ဆိုင်ကယ်မောင်းခြင်း ရှိ မရှိကို ရုပ်ရှင်ထုတ်လုပ်သူက သေသေချာချာ စစ်ဆေးခဲ့သင့်တယ်လို့ ဆိုပါတယ်။
၂၀၁၇ သြဂုတ် ၁၄ ရက်က စတန့်ခန်းမှာ ဟားရစ်ရဲ့ ဆိုင်ကယ်ဟာ ရိုက်ကွင်းအပြင်ဘက်ထိ အရှိန်လွန် ထွက်မသွားအောင် အတားအဆီးတွေ ချထားသင့်တယ်လို့လည်း WorkSafeBC က ပြောပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူ 20th Century Fox ကတော့ WorkSafeBC ရဲ့ စစ်ဆေးမှု ရလဒ်အချို့ကို လေးစားစွာပဲ သဘောမတူနိုင်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဘေးကင်းလုံခြုံရေးဟာ ဦးစားပေးအချက်ဖြစ်တဲ့အကြောင်း၊ အခင်းဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း ရိုက်ကွင်း ဘေးကင်းလုံခြုံရေး စည်းမျဉ်းတွေကို ပိုကောင်းအောင် အားဖြည့်ခဲ့တဲ့အကြောင်း Fox က ထုတ်ပြန်ပါတယ်။ ဟားရစ်ဟာ Deadpool 2 ထဲမှာ မင်းသမီး ဇာဇီ ဘိဇ်အစား ဆိုင်ကယ်စတန့်ခန်းမှာ သရုပ်ဆောင်ရင်း ဆိုင်ကယ်အရှိန်လွန်ပြီး လွင့်ထွက်၊ အနီးက အဆောက်အဦး မှန်ပြတင်းထဲ လွင့်ဝင်သွားတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
Fox ဟာ ဘေးကင်းလုံခြုံရေး အကြိုမလေ့လာခဲ့သလို၊ ဆိုင်ကယ်မြန်နှုန်းနဲ့ သုံးထားတဲ့ ဘေးကင်းလုံခြုံရေး ပစ္စည်းတွေ လိုက်ဖက်ရဲ့လား စမ်းသပ်ခဲ့တာမျိုးလည်း မရှိဘူးလို့ WorkSafeBC အစီရင်ခံစာက ဆိုပါတယ်။ စတန့်မယ်ဟာ ဆိုင်ကယ်ဦးထုပ် ဆောင်း မဆောင်းကိုလည်း လုံလုံလောက်လောက် ကြီးကြပ်စစ်ဆေးဖို့ Fox က ပျက်ကွက်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။ Deadpool 2 ကို ၂၀၁၈ ခုနှစ်က ရုံတင်ပြသခဲ့ပါတယ်။