
ကမ္ဘာကျော်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့ “Leonardo Opera Omina” ပန်းချီပြပွဲ
အမျိုးမျိုးသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ သုတေသနတွေ လုပ်ကြရတဲ့အထိ ခမ်းနားလှပလွန်းတဲ့ မိုနာလီဇာအပြုံးကို ၁၅၀၃ ခုနှစ်မှာ အသက်သွင်းခဲ့သူဟာ ကမ္ဘာကျော်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီပါ။
မိုနာလီဇာကားအပါအဝင် ကမ္ဘာကျော်ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကား ၁၇ ကားရဲ့ ပုံတူတွေကို "Leonardo Opera Omina" ပြပွဲနာမည်နဲ့ နိုဝင်ဘာလ ၉ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်အထိ Rosewood Yangon Hotel မှာ ပြသသွားမှာဖြစ်ပါတယ်။
"အခြားအာဆီယံနိုင်ငံတွေ သွားပြသတဲ့အခါမှာတော့ သူတို့ဘက်က တအားစိတ်ဝင်စားကြတယ်။ မြန်မာနိုင်ငံမှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်တဲ့အတွက် ပရိသတ်ဆီကလာတဲ့ တုံ့ပြန်မှုကိုပဲ စောင့်ကြည့်ရမှာပါ" လို့ သံအမတ်ကြီး Alessandra Schiavo က ပြောသွားခဲ့ပါတယ်။
လီယိုနာဒိုဒါဗင်ချီဟာ ကမ္ဘာကျော်ပန်းချီဆရာကြီး၊ ပန်းပုဆရာကြီး ဖြစ်ရုံသာမကပါဘူး။ စစ်လက်နက်ဒီဇိုင်းတွေ ရေးဆွဲဖန်တီးခဲ့တဲ့ အင်ဂျင်နီယာ၊ ဗိသုကာဒီဇိုင်းတွေ ရေးဆွဲခဲ့တဲ့ ဗိသုကာပညာရှင်၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း သွေးကြောမျှင်လေးတွေ ကြွက်သားတွေ အရိုးတွေကို တခမ်းတနား အနုစိတ်ဖန်တီးရေးနိုင်တဲ့ ခန္ဓာဗေဒပညာရှင်၊ ငှက်တွေရဲ့ပျံသန်းမှုကိုကြည့်ပြီး ပျံသန်းခြင်းကို ကိုယ်တိုင်လေ့လာခဲ့ကာ ပျံသန်းဖို့ကြိုးစားခဲ့တဲ့ သိပ္ပံပညာရှင်နဲ့ စွန့်ဦးတီထွင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါတွေအားလုံးကို သူဖန်တီးရေးခြစ်ခဲ့တဲ့ ပုံကြမ်းတွေနဲ့ ကမ္ဘာကျော် သူ့အနုပညာလက်ရာတွေက ပြောပြနေကြပါတယ်။
၁၄၅၂ ခုနှစ်မှာ မွေးဖွားပြီး ၁၅၁၉ မှာ ကွယ်လွန်ခဲ့တဲ့ ၁၅ ရာစုနှစ်က ကမ္ဘာကျော်အနုပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီဟာ သူ့အနုပညာတွေကို ဒီနေ့ထိ ရှင်သန်တောက်ပအောင် ဖန်တီးနိုင်ခဲ့သူပါ။ ကမ္ဘာတစ်ဝန်းက နာမည်ကျော်ပြတိုက်ကြီးတွေမှာ သူ့ပန်းချီကားတွေ စုဆောင်းပြသထားကြ တာလည်း လူတိုင်းအသိပါပဲ။ ဒီကားတွေထဲမှာ"Davinchi Code" 'ဒါဗင်ချီကုတ်' စာအုပ်နဲ့ ရုပ်ရှင်ရဲ့ အဓိကအခြေခံရေးသားထားတဲ့ ပန်းချီကားဖြစ်တဲ့ 'II Cenacolo' 'နောက်ဆုံးညစာ'ဆိုတဲ့ နာမည်ကျော်ကားလည်း ပါဝင်ပါတယ်။ ဒီပန်းချီကားထဲက လူတွေရဲ့မျက်နှာ အံ့သြမှု၊ ကြောက်ရွံ့မှု၊ စိုးရိမ်ထိတ်လန့်မှု ပျော်ရွှင်မှုစတဲ့ ခံစားမှု တစ်မျိုးစီ မတူညီတာတွေ့ရပြီး ပန်းချီကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရလည်း အင်မတန်မှ ရိုးရှင်းခမ်းနားတဲ့ ကားတစ်ချပ်လို့ ဝေဖန်ပြောကြားမှုတွေ အများဆုံးခံရတဲ့ နာမည်ကျော် ပန်းချီကားတစ်ကားဖြစ်ပါတယ်။
ပြပွဲမှာ ပြသမယ့် ပန်းချီကားတွေဟာ ပြတိုက်တွေတစ်ခုချင်း တကူးတကလိုက်ကြည့်ရမယ့် ကားတွေဖြစ်ပြီး ခုလို ၁၇ ကားစလုံးကို တစ်ပေါင်းတည်း တစ်နေရာတည်းမှာ ကြည့်ရှုခံစားရမှာဖြစ်တာမို့ ပန်းချီချစ်သူတွေ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါ။
ဒီပြပွဲကို အာရှနိုင်ငံတွဖြစ်တဲ့ ထိုင်း(ဘန်ကောက်)၊ မလေးရှား (ကွာလာလမ်ပူ)၊ တရုတ်(ပေကျင်း၊ ကန်တုံ)နဲ့ ဂျော်ဂျီယာ(တီဘီ)တို့မှာ ပြသခဲ့ပါတယ်။ နိုဝင်ဘာလ ၉ ရက်ကနေ ဒီဇင်ဘာ ၂ ရက်ထိ ရန်ကုန်မှာပြပြီးရင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ဆက်ပြီးပြသသွားဦးမှာပါ။ ဒီပြပွဲကို အီတလီသမိုင်းအနုပညာရှင် ပရော်ဖက်ဆာ Antonio Paolucci က တာဝန်ယူကြီးမှူး ကျင်းပတာဖြစ်ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတို့က ကူညီထောက်ပံ့ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှု မြှင့်တင်ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် "RAI COM" မှ တာဝန်ယူပြီး အဖိုးတန်အသိပညာများ ရရှိစေဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။
"အခုလို အထင်ကရပြပွဲကို အာရှမြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့မှာ ပြသတာက ယဉ်ကျေးမှုအချက်အချာနေရာဖြစ်တဲ့ မြို့တော်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းပံ့ပိုးပေးနေတာမျိုးပါ။ အီတလီနိုင်ငံက မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှာ ထိရောက်စွာကူညီဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီပဏာမခြေလှမ်းဟာ အီတလီဖန်တီးမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်များရဲ့ အောင်မြင်မှုသင်္ကေတဖြစ်ပြီး တစ်ဖက်မှာလည်း မြန်မာပြည်သူလူထုအတွက် ခင်မင်မှုကို ဖော်ဆောင်တဲ့ လက္ခဏာ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ သံအမတ်ကြီး Alessandra Schiavo က ပြောပါတယ်။
"Leonardo Opera Omnia" ပြပွဲဖွင့်ပွဲကို နိုဝင်ဘာလ ၈ ရက် ညနေ ၆ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပန်းချီဆရာ လီယိုနာဒိုရဲ့ လေးစားဖွယ်ဘဝနဲ့ အလုပ်အကြောင်းကို အီတလီပညာရှင်က အနုပညာလေ့လာနေတဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးခြင်းနဲ့ ၂၀၁၉ ခုနှစ်တွင် ဒါရိုက်တာ J.Garces Lambert က အီတလီသရုပ်ဆောင် Luca Argentero နဲ့ ရိုက်ကူးထားတဲ့ "10, LEONARDO" ဇာတ်ကားကိုလည်း ပြသသွားမှာဖြစ်ပါတယ်။
အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က အနုပညာကျောင်းသားတွေကို သင်ကြားပြသမယ့်အစီအစဉ်ကို နိုဝင်ဘာလ ၁၃ ရက်၊ ၂ နာရီမှာ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်မှာ ပြုလုပ်မှာဖြစ်ပြီးအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီမှာ SSFA (State School of Fine Arts) မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ လီယိုနာဒိုဘဝဇာတ်ကြောင်း ရုပ်ရှင်ကိုတော့ နိုဝင်ဘာလ ၁၄ ရက်၊ ည ၇ နာရီ Gothe Inistitut မှာ ပြသသွားမှာဖြစ်ပါတယ်။
လီယိုနာဒိုရှင်သန်ခဲ့တဲ့ ရီနေးဆန့်ခေတ်ခေါ် အနုပညာစာပေ ပြန်လည်ဆန်းသစ်လာသော ခေတ်ကာလဆီက အစားအသောက်ပုံစံအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ အထူးညစာစားပွဲကို အီတလီသံရုံးက စီစဉ်ပြီး Pullman Yangon Centerpoint Hotel မှာ နိုဝင်ဘာလ ၁၅ ရက်၊ ည ၇ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရီနေးဆန့်ခေတ် ဟင်းချက်လက်ရာများ အထူးကျွမ်းကျင်တဲ့ စားဖိုမှူးကားလို့စ်မာရီယာရိချိက အထူးစားပွဲအတွက် အီတလီကနေ လာရောက်ချက်ပြုတ်မှာဖြစ်ပါတယ်။
ပန်းချီပြပညာရှင်များ ပါဝင်ဆင်နွှဲနိုင်မယ့် ပြိုင်ပွဲတစ်ခုကိုလည်း အီတလီ သံရုံးက ကြီးမှူးကျင်းပသွားမှာဖြစ်ပြီး လီယိုနာဒိုရဲ့လက်ရာတွေကို စိတ်ကူးယူ ကွန့်မြူးထားတဲ့ အကောင်းဆုံးပန်းချီကားရေးဆွဲသူအဖြစ် ရွေးချယ်ခံရသူကို တည်းခိုဖို့နဲ့ အခြားကုန်ကျစရိတ်တွေမပါဝင်တဲ့ ရန်ကုန်ကနေ မီလန်သို့ အသွားအပြန်လေယာဉ်လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ အပြန်လက်မှတ်ဟာ ဖူးခက်မှတစ်ဆင့် ဖြစ်ပါတယ်။ ဒုတိယဆုရသူနဲ့ တတိယဆုရသူတွေလည်း ရန်ကုန်-မီလန် လက်မှတ်တစ်စောင်စီရမှာဖြစ်ပေမဲ့ အသွားအပြန်လက်မှတ် မဟုတ်ဘဲ အသွားသက်သက်လက်မှတ်သာ ရမှာဖြစ်ပါတယ်။ ဒီလက်မှတ်တွေကို အီတလီလေကြောင်းလိုင်းကုမ္ပဏီ NEOS ကနေ ပံ့ပိုးပေးတာဖြစ်ပြီး လေယာဉ်လက်မှတ်တွေကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်ကနေ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၄ ရက်အတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။
"Leonardo Opera Omnia" ပန်းချီပြပွဲကိုတော့ နိုဝင်ဘာလ ၉ ရက်ကဒီဇင်ဘာလ ၂ ရက်၊ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ Rosewood Yangon Hotel မှာ ခင်းကျင်းပြသထားမှာဖြစ်လို့ အနုပညာမြတ်နိုးတဲ့ ဘယ်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။