တိရစ္ဆာန်လေးတွေရဲ့အိပ်တဲ့ပုံကတစ်ဆင့် သူတို့ရဲ့စရိုက်ကို သိနိုင်သတဲ့
shwemom.com
|
2019-11-15

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အိပ်တဲ့ပုံစံကိုကြည့်ပြီး သူတို့ရဲ့ပင်ကိုစရိုက်ကိုလေ့လာနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ သူတို့ရဲ့အိပ်ယာကို သူတို့ချစ်တဲ့တိရစ္ဆာန်လေးတွေနဲ့အတူမျှဝေသုံးစွဲ တတ်ကြတယ်လို့ တိရစ္ဆာန်ကျန်းမာရေးဝက်ဘ်ဆိုက်တစ်ခုကနေလေ့လာတွေ့ရှိခဲ့တာကို ဗြိတိန်တိရစ္ဆာန်အမူအကျင့်လေ့လာသူတစ်ဦးဖြစ်တဲ့ ပါမောက္ခ Peter Neville က သူလေ့လာမိတာတွေကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။


အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အိပ်နေတဲ့ပုံစံကိုကြည့်မယ်ဆိုရင် သူတို့ဟာ သူတို့ရဲ့သခင်က သူတို့ကို ပိုချစ်ပြီး ပိုစောင့်ရှောက်အောင် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ပိုခိုင်မာအောင်လုပ်ဖို့ အခုလိုမျိုးပုံစံအမျိုးမျိုးထားပြီး အိပ်နည်းအမျိုးမျိုးနဲ့သခင်တွေကိုဆွဲဆောင်တတ်ကြတယ်လို့ Peter Neville ကပြောပါတယ်။


သခင်တွေ သူတို့ကိုပိုချစ်လာဖို့အပြင် ညဘက်မှာ သူတို့လုံခြုံစိတ်ချစွာအိပ်စက်နိုင်ဖို့အတွက် သခင်တွေကို လိမ္မာပါးနပ်စွာအသုံးချနေကြတာပဲဖြစ်ပါတယ်။အခုပြောပြမယ့် သူတို့အိပ်တဲ့ပုံစံ(၁၀)မျိုးကိုကြည့်ပြီး သူတို့ဘာပြောချင်လဲဆိုတာကိုသိနိုင်ပါတယ်နော်။


(၁)သစ္စာရှိတဲ့ပုံစံ(သခင်ရဲ့ခြေရင်းမှာအိပ်တဲ့ပုံစံ)


အခုလိုအိပ်တဲ့ပုံစံဟာ မသိရင် သခင်ကိုခင်တွယ်တဲ့ခွေးလေးတစ်ကောင်ပုံစံလို့ထင်ရပေမယ့် တစ်ကယ်တော့ သူတို့ဟာ သခင်ကစိတ်မကြည်လို့နှင်ထုတ်ရင် အလွယ်တစ်ကူထွက်ပြေးလို့ရနိုင်တဲ့အနေအထားသဘောနဲ့ အိပ်နေကြတာပဲဖြစ်ပါတယ်။ဒါ့အပြင် အငြိမ်မအိပ်ပဲလှုပ်ရမ်းနေတဲ့သခင်တွေနဲ့အတူအိပ်ရမယ်ဆိုရင် သူတို့ကို ထိခိုက်မိမှာစိုးတဲ့အတွက် ကုတင်ခြေရင်းဖြစ်တဲ့ သခင်ရဲ့ခြေရင်းမှာ အိပ်ကြတာပဲဖြစ်ပါတယ်။


Dailymail

 


(၂)ဒူးခေါင်းကြားမှာလာအိပ်တဲ့ပုံစံ…


ဒီလိုပုံစံအိပ်တာကတော့ နွေးထွေးမှုနဲ့လုံခြုံမှု အပြည့်အဝရရှိဖို့အတွက်အပြင် သူတို့ရဲ့လုံခြုံရေးကို သခင်တွေကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။


Dailymail


(၃) ခြေထောက်ကြားမှာ ခွေပြီးလာအိပ်တဲ့ပုံစံ….


ခွေးငယ်လေးတွေ ၊ ကြောင်လေးတွေဟာ သခင်ရဲ့ခြေထောက်ကြားမှာ ဘောလုံးပုံစံအတိုင်းခွေပြီးလာအိပ်တာဟာ လူတွေမကြားနိုင်တဲ့အသံမျိုးကို သူတို့ကြားနိုင်တဲ့အတွက် အဲ့ဒီအသံတွေမကြားအောင် သူတို့ကိုယ်သူတို့ကာကွယ်ပြီး အိပ်စက်တာပဲဖြစ်ပါတယ်။ သခင်တွေရဲ့အကာအကွယ်ကိုယူပြီး သူတို့နှစ်ခြိုက်စွာအိပ်ပျော်နိုင်အောင်အိပ်တဲ့ ပုံစံပဲဖြစ်ပါတယ်။


Dailymail


(၄) သခင်(၂)ယောက်ကြား လာအိပ်တဲ့ပုံစံ….


ဒီလိုအိပ်တာကတော့ သူတို့ကိုနွေးထွေးမှုနဲ့လုံခြုံမှုရစေဖို့အတွက်လို့ထင်ရပေမယ့် တစ်ကယ်တော့ သူတို့ကိုပိုချစ်ခင်တဲ့သခင်ကို အခြားသူနဲ့မအိပ်စေချင်ပဲ သူတို့ကိုပဲ ကရုစိုက်စေချင်လို့ ဗျူဟာသုံးပြီး သခင်(၂)ယောက်ကြားမှာ ဝင်အိပ်စက်ကြတာပဲဖြစ်ပါတယ်။


Dailymail


(၅) ခေါင်းအုံးသူခိုးလေးတွေ ….


အိမ်မွေးတိရစ္ဆာန်လေးတွေဟာ သခင်ရဲ့ခေါင်းအုံးကို သူတို့ခေါင်းအုံးလိုသဘောထားပြီးလည်း အိပ်စက်တတ်ကြ ပါသေးတယ်။ ဒါ့အပြင် ခေါင်းအုံးသူခိုးလေးတွေဟာ သူတို့အိပ်နေရာကနိုးလာရင်လည်း မနက်စာစားနိုင်ဖို့ သခင်တွေရဲ့မျက်နှာကိုလျှာနဲ့ယက်ပြီးနှိုးတတ်ကြတဲ့လူလည်လေးတွေပါ။


Dailymail


(၆) စောင်အောက်ဝင်ပြီးအိပ်တဲ့ပုံစံ ….


ဒီလိုပုံစံအိပ်တာကတော့ နွေးထွေးတဲ့နေရာတစ်ခုမှာစိတ်ချလက်ချအိပ်ပြီး မှောင်မိုက်နေတဲ့အန္တရာယ်မှလွတ်မြောက်ဖို့ အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စောင်အောက်ထဲကိုဝင်အိပ်စက်ကြတာပဲဖြစ်ပါတယ်။


Dailymail


(၇) သခင်ရဲ့လက်မောင်းပေါ်မှာ ကလေးတွေလိုလာအိပ်တဲ့ပုံစံ ….


အခုလိုလာအိပ်တဲ့ပုံစံကတော့ သခင်ရဲ့နှလုံးခုန်သံဟာ သူတို့အတွက်အန္တရာယ်ကင်း၊ ဘေးကင်းလုံခြုံတယ်လို့ ခံစားရစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါ့အပြင် သူတို့ချစ်တဲ့သခင်နဲ့နီးနီးကပ်ကပ်ရှိနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။


Dailymail


(၈) သခင်ရဲ့ခေါင်းနဲ့ပိုမိုနီးကပ်စွာအိပ်စက်နိုင်ဖို့ကြိုးစားတဲ့ပုံစံ ….


သခင်ရဲ့စိတ်ကိုသက်သာစေမယ့် အသက်ရှူတဲ့ပုံစံကိုသိနိုင်ဖို့ သခင်ရဲ့ခေါင်းရှိရာ ခေါင်းအုံးနားကို ကပ်လာကြတာပဲဖြစ်ပါတယ်။အဲ့လိုလုပ်ဖို့ကြိုးစားရင်း သူတို့တွေဟာ ခေါင်းအုံးသူခိုးလေးတွေဖြစ်လာကြတာ ပဲဖြစ်ပါတယ်။


Dailymail


(၉) အိပ်ယာပေါ်မှာ ခြေကားရားလက်ကားယားလှဲပြီးအိပ်တဲ့ပုံစံ …


ဒီလိုအိပ်တာကတော့ သခင်နဲ့အနီးကပ်လုံခြုံစွာအဆက်အသွယ်လုပ်လိုတဲ့ရည်ရွယ်ချက်နဲ့ အိပ်စက်တဲ့ပုံစံပဲဖြစ် ပါတယ်။အရေးကြုံရင် သခင်အနားမှာအသင့်အနေအထားနဲ့ရှိနေဖို့အတွက်ပဲဖြစ်ပါတယ်။


Dailymail


(၁၀) သခင်ကိုအစွန်မှာထားပြီး အိပ်ယာအလယ်မှာ ခြေကားရားလက်ကားယားလှဲပြီးအိပ်တဲ့ပုံစံ …


ဒီလိုအိပ်တဲ့ပုံစံကတော့ မနက်ပိုင်းမှာ သူတို့ကိုသခင်ကရှာစေချင်တာကြောင့်ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေး တွေဟာ သူတို့ရဲ့သခင်နဲ့အတူ အခုလိုအိပ်ယာကိုအတူတူမျှဝေသုံးရတာကို သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် ညဘက်မှာတော့ သူတို့ဟာ သခင်ရဲ့အိပ်ယာကို သူတို့အိပ်ယာသဖွယ် နေရာယူတတ်ကြတာလည်း သူတို့ရဲ့သခင်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပြချင်တာကြောင့် ဖြစ်ပါတယ်။


Dailymail


ကဲ.. တိရစ္ဆာန်ချစ်သူတွေလည်း သင်တို့ရဲ့တိရစ္ဆာန်လေးတွေရဲ့အိပ်တဲ့ပုံစံလေးတွေ တူ မတူကိုကြည့်ပြီး သူတို့ရဲ့ရည်ရွယ်ချက်လေးတွေကိုလည်း သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော် …..

Thae


#သခင်
#ပုံစံ
#ခေါင်းအုံး
#အိပ်စက်
#အိမ်မွေးတိရစ္ဆာန်

Some text some message..