စီးပွားဖြစ် ထိုင်းအဆာပြေစာ ပိုးကောင်များ အရောင်းသွက်
mmtimes.com
|
2019-11-24



ဘန်ကောက် စူပါမားကက်တွင် ရောင်းချနေသည့် ဟိုင်ဆို ပုရစ်ကြော်ထုပ်များ။ ဓာတ်ပုံ - အေပီ

စီးပွားဖြစ် ထိုင်းအဆာပြေစာ ပိုးကောင်များ အရောင်းသွက်


ဘန်ကောက် - မြေပဲဆားလှော်များကဲ့သို့ အိတ်လေးများထဲထည့်ကာ၊သို့မဟုတ် အာလူးကြော်အတောင့်လေးများကဲ့သို့ အိတ်ရှည်ထဲထည့်ကာ ၎င်းတို့ကို ရောင်းချသော်လည်း ထိုင်းစတိုးဆိုင်များနှင့်စူပါမားကက်ရှိ စင်များပေါ်တွင် ထိုကြွပ်ကြွပ်ရွရွ အဆာပြေစာများသည် အခြား အဆာပြေစာများနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည်။

ဆီဖြင့်ကြော်ထားခြင်းမဟုတ်ဘဲ လှော်ထားသည့် ပိုးကောင်လေးများသည် နောင်တွင် အရသာရှိသည့် အစားအစာများ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ကျေးလက်ဒေသရှိ ထိုင်းလူမျိုးများသည်ပိုးကောင်များကို ၎င်းတို့၏ အစားအစာအဖြစ် စားသုံးကြသည်မှာကြာမြင့်နေပြီဖြစ်သည်။အာလူးကြော်ကဲ့သို့ အထုပ်ဖြင့် ရောင်းချရန် အကြံဉာဏ်ကို လုပ်ငန်းရှင် သာနတ်ချန်သာသမ်ဆိုသူက ရရှိခဲ့ကာ သတင်းတစ်ခုတွင် ပါရှိသည့် အကြောင်းအရာတစ်ခုက ၎င်း၏ အာရုံကို ဖမ်းစားခဲ့သည်။

''ရုပ်မြင်သံကြားသတင်းတစ်ခုမှာ ကျွန်တော်ကြားလိုက်တယ်။ အင်းဆက်ပိုးမွှားတွေက အနာဂတ်မှာ အသားဓာတ်အရင်းအမြစ်အတွက် အခြား ရွေးချယ်စရာနည်းလမ်းဖြစ်တယ်ဆိုတဲ့ဟာကိုကုလသမဂ္ဂက ပြောခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် စဉ်းစားခဲ့တယ်။ ထိုင်းတွေက အင်းဆက်တွေ အများကြီး စားသုံးနေကျဖြစ်ပြီး ဒါကို လမ်းဘေးစာအဖြစ် ရောင်းနိုင်မယ်ဆိုတာ။ ဘယ်သူက ဒါတွေကို အိတ်နဲ့ စနစ်တကျထည့်ပြီး ရောင်းတာမျိုးရှိလဲ''လို့ အသက် ၄၆ နှစ်ရှိ အဆိုပါလုပ်ငန်းရှင်က အေပီသို့ ပြောကြားခဲ့သည်။

fo1.jpg


ပုရစ်ကြော်လုပ်ငန်းရှင် သာနတ်ချန်သာသမ်။ ဓာတ်ပုံ - အေပီ

၎င်း၏ ကုန်ပစ္စည်းတင်ပို့မှု ဆိုင်ခွဲများကို ဘန်ကောက်မြို့မှ အနောက်ဘက် ကီလိုမီတာ ၁ဝဝ အကွာ ရတ်ချာဘူရီပြည်နယ်ရှိ စမိုင်းပုရစ်မွေးမြူရေးခြံမှ စတင်လိုက်သည်။ ပုရစ်မွေးမြူသည့် အခန်းတစ်ခုတည်းမှာပင် ကောင်ရေ တစ်သန်းကျော်ကို မွေးမြူနိုင်ပြီး ဥဘဝမှ အရွယ်ရောက်သည်အထိ ၄၅ ရက် ကြာမြင့်သည်။ အချို့သော ပုရစ်များကို ထိုနေရာတွင်ပင် ကင်ကြကာ အချို့ကို ဘန်ကောက်ရှိ စက်ရုံတစ်ရုံသို့ ပို့ဆောင်ကာ အထုပ်အပိုးများ ထုပ်ပိုးပြီး လက်လီအရောင်းဆိုင်များသို့ ရောင်းချခဲ့သည်။

ထိုင်းဘန်းစကားဖြင့် 'အထက်တန်းစား' ဟု အဓိပ္ပာယ်ရသည့် ဟိုင်ဆို (HiSo) ကုန်အမှတ်တံဆပ်ဖြင့် ရောင်းချသည့် ပုရစ်များသည် ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းတစ်ခုဖြစ်သည်။ဝါးပိုးကောင်၊ ပုရစ်နှင့် ပိုးချည်ထုတ်သည့် ပိုးကောင်များသည် ဟိုင်ဆို အဆာပြေစာမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများဖြစ်သည်။

၎င်းတို့ကို မူလအရသာ၊ ဘာဘီကျူအရသာနှင့် တုံယမ်းအရသာ တို့ဖြင့် ထုတ်လုပ်ကာ ထိုင်းနိုင်ငံရှိ နေရာအနှံ့၌ရှိသော 7-Eleven ဆိုင်များနှင့် စူပါးမားကက်ကြီးများတွင် ဝယ်ယူရရှိနိုင်သည်။ ပုရစ်တစ်ထုပ်လျှင် ၂၅ ဘတ်ဈေးနှုန်းရှိကာ ဝါးပိုးကောင်မှာမူ ဘတ် ၁၆ဝ ရှိသည်။

၎င်း၏ ဘန်ကောက်စက်ရုံမှ လစဉ် အင်းဆက်ပိုးမွှား နှစ်တန်ထုတ်လုပ်ရောင်းချရသည်။ ဝင်ငွေမှာ လစဉ် ဒေါ်လာ တစ်သိန်းဝန်းကျင် ရှိသော်လည်း အခြားကုန်ကျစရိတ်များမှာ မြင့်မားလှသည်။ပုရစ်များကို ကိုယ်တိုင်မွေးမြူသော်လည်း လုံလောက်သည့် ပိုးချည်ကောင်နှင့် ဝါးပိုးကောင်များထုတ်လုပ်ရန် နည်းလမ်းမတွေ့သေးသည့်အတွက် ပြင်ပမှ ရောင်းချသူများထံမှ ဝယ်ယူနေရသည်။

မကြာသေးမီအချိန်ထိ စားသုံး၍ရသော ပိုးကောင်းများကို ဝယ်လိုအားသည် အာရှ၊ အာဖရိကနှင့် တောင်အမေရိကရှိ နိုင်ငံအချို့မှ ဖြစ်သည်။ ဟိုင်ဆို ကုန်အမှတ်တံဆိပ် ပေါ်ထွက်လာခြင်းသည် အင်းဆက်များကို အစားအစာအဖြစ် ကမ္ဘာမှ စိတ်ဝင်စားမှု ကြီးထွားသည့်အချိန်တွင် ဖြစ်လာခြင်း ဖြစ်သည်။

အင်းဆက်တို့အတွက် နေရာယူစရာများစွာ မလိုအပ်သလို အစာများစွာ ကျွေးမွေးရန် မလိုအပ်သည့်ပြင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုလည်း မရှိပေ။ ထို့ပြင် ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့က ထောက်ပြထားသကဲ့သို့ အင်းဆက်တို့သည် ခြံမွေးတိရစ္ဆာန်နှင့် လူသားများအတွက် အာဟာရအကျိုးကျေးဇူး များစွာကိုလည်း ပေးအပ်သည်။ အင်းဆက်များတွင် ပရိုတိန်းပါဝင်မှုမြင့်မားသည့်အပြင် သတ္တုဓာတ်နှင့် ဗီတာမင် ဘီ ၁၂ တို့လည်း ပါရှိသည်ဟု ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ကာတင်ကာ ဒီဘာလော့က ပြောကြားသည်။ (အေပီ)

နွယ်နွယ်ယဉ် ဘာသာပြန်သည်။


#ပိုးကောင်
#အင်းဆက်
#ဘန်ကောက်
#အာလူးကြော်
#အစားအစာ

Some text some message..