အာဂျင်တီးနားသမ္မတ အယ်လ်ဘာတို ဖာနန်ဒက်စ်(ဝဲ)နှင့် ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်စ်ဒီ ကာခ်ျနာတို့ကို ဒီဇင်ဘာ ၁၀ ရက်က ကွန်ဂရက်လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ • အေပီ
အယ်လ်ဘာတို ဖာနန်ဒက်စ် အာဂျင်တီးနားသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို
ဗျူနိုအေးရိစ် - အယ်လ်ဘာတို ဖာနန်ဒက်စ်သည် အာဂျင်တီးနားနိုင်ငံ သမ္မတရာထူးကို ဒီဇင်ဘာ ၁၀ ရက်တွင် ရယူခဲ့ပြီး အနောက်ကမ္ဘာခြမ်းတွင် လက်ယာယိမ်းအစိုးရများပြန်လည်ထွန်းကားလာသည့် အချိန်၌ အာဂျင်တီးနားနိုင်ငံကို လက်ဝဲယိမ်းနိုင်ငံအဖြစ် ပြန်လည် ထူထောင်ရန်ဆောင်ရွက်မည်ဖြစ်သည်။
ဒုတိယသမ္မတနေရာကို အသက် ၆၆ နှစ်အရွယ်ရှိ ခရစ္စတီးနား ဖာနန်ဒက်စ်က ရယူခဲ့သည်။ ၎င်းသည် ၂၀ဝ၇မှ ၂၀၁၅ အထိ အာဂျင်တီးနားနိုင်ငံ၏ သမ္မတအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုကာလက အကျင့်ပျက်ခြစားမှု စွပ်စွဲ ချက် အများအပြားကို ရင်ဆိုင်ခဲ့ရသည်။ အစိုးရအဖွဲ့တွင်သူပါလာခြင်းက ယခုအစိုးရအဖွဲ့သစ်တွင် ၎င်း၏ သြဇာ မည်သည့် အတိုင်းအတာထိ လွှမ်းမိုးမည်ဆိုသော ပြဿနာများ ပေါ်လာခဲ့သည်။
အာဂျင်တီးနားနိုင်ငံ၏ ဗဟိုလက်ဝဲ ပီယွန်ဝါဒီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အသက် ၆၀ အရွယ်ရှိ ရှေ့နေတစ်ဦးဖြစ်သူ အယ်လ်ဘာတို ဖာနန်ဒက်စ်သည် အာဂျင်တီးနား နိုင်ငံကို တစ်ဖက်မှ လူမှုရေးတရားမျှတမှုများ ပိုမိုရရှိရန် ဆောင်ရွက်ပေးမည်ဆိုသော ကတိကဝတ်များ ပြည့်မီအောင်ဆောင်ရွက်ရင်း အာဂျင်တီးနားနိုင်ငံကို စီးပွားရေး အကျပ်အတည်း နွံအတွင်းမှ ဆွဲထုတ်ရန် ကြိုးပမ်းရာ၌ လက်ငင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။အာဂျင်တီးနားနိုင်ငံသည် ဆင်းရဲမွဲတေမှုနှုန်း ၃၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံက တင်ရှိနေသော ြွေကးမြီများ အချိန်မီ ဆပ်နိုင်ရေးအတွက် လုံးပန်းနေရသည်။ ယင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၉ ခုနှစ်အကုန်တွင် ၃ ရာခိုင်နှုန်းအထိ ကျုံ့သွားပြီး ငွေကြေးဖောင်းပွမှုမှာ ၅၅ ရာခိုင်နှုန်း ရှိမည်ဟု မျှော်မှန်းထားသည်။
ဖာနန်ဒက်စ်က ကွန်ဂရက်လွှတ်တော်ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံး မိန့်ခွန်းပြောကြားရာ၌"အာဂျင်တီးနားနိုင်ငံသူ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်ရေးနဲ့ တစ်မျိုးသားလုံး သွေးစည်းရေး ညီရင်းအစ်ကိုမောင်ရင်းနှမ ဆက်ဆံရေး လူမှုပဋိညာဉ်သစ်တစ်ရပ်ကိုတည်ဆောက်ရေး မေတ္တာရပ်ခံဖို့ ဒီနေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်"ဟု ထည့်သွင်းပြောကြားခဲ့သည်။
အယ်လ်ဘာတို ဖာနန်ဒက်စ်သည် ခရစ္စတီးနား ဖာနန် ဒက်စ် အစိုးရအဖွဲ့ရုံးတွင် အကြီးအကဲအဖြစ် အမှုထမ်းခဲ့ ဖူးပြီး ယခု ဒုသမ္မတဖြစ်လာသည့် ဖာနန်ဒက်စ်သည် အစိုးရအဖွဲ့သစ်တွင် သူ၏ အခွင့်အာဏာကို ပိုမိုသုံးနိုင်မည့်အရေးအတော်များများက ဆင်ခြင်သုံးသပ်လာကြသည်။ သူတို့ နှစ်ဦးစလုံးက ထိုသို့ဝေဖန်မှုများကို ငြင်းဆိုခဲ့သည်။
မြို့တော်၏ ဏူဖေ ိန ြပေသ တွင် သမ္မတသစ်ကို ချီးကျူးဂုဏ်ပြုရန်ရောက်ရှိလာကြသော ထောင်သောင်းချီရှိသည့် ပီယွန်ဝါဒီ လူထုပရိသတ်ကို ဒီဇင်ဘာ ၁၀ ရက် ညက မိန့်ခွန်းပြောကြားရာ၌ သမ္မတဟောင်း မာကရီမူဝါဒများကြောင့် "ဒီနိုင်ငံဟာ အစစအရာရာ ပျက်ပြုန်းပြီး မြေကြီးပင်မီးလောင်ပြင်ပမာ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ အဖြေရှိတယ်ဆိုတာကို ကျွန်မ သိပါတယ်။ လူထုကို ကျွန်မယုံကြည်တယ်။ အံ့သြစရာကောင်းတဲ့ အာဂျင်တီးနားလူထုက သူတို့အတွက် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေကို ဘယ်တော့မှ စွန့်လွတ်ထားခဲ့မှာ မဟုတ်ဘူး ဆိုတာ ကျွန်မသိပါတယ်"ဟု ပြောကြားခဲ့သည်။
ခရစ္စတီးနား ဖာနန်ဒက်စ်နှင့် ရင်းနှီးသူများကို အစိုးရအဖွဲ့တွင် အရေးပါသော ရာထူးနေရာများ၌ အဆိုပြုထားခဲ့ပြီး သူ့သားကိုလည်း ဥပဒေပြုအောက်လွှတ်တော်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲအဖြစ် လျာထားခဲ့သည်ဟု ဆိုသည်။ သမ္မတသစ်က ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် အခြေခံစားသောက်ကုန် ထောက်ပံ့ကြေးများ ပေးရေးအစီအစဉ်ကို ကြေညာထားပြီးဖြစ်သည်။ ထို့ပြင် စားရေရိက္ခာဈေးနှုန်းများ ကျဆင်းစေရေးနှင့် ဆင်းရဲသော မိသားစုများ အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန် အစီအစဉ်များကိုလည်း ချထားပြီးဖြစ်သည်။ ထို့ပြင် အငြိမ်းစားများ၏ ပင်စင်လစာငွေကို တိုးမြှင့်ရေးအစီအစဉ်နှင့် အစိုးရဝန်ထမ်းများအတွက် လူမှုဖူလုံရေးနှင့် အခြားအကျိုးခံစားခွင့်များ တိုးမြှင့်ရရှိရန် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်
တင်စိန်
ဘာသာပြန်သည်။