မကြာခဏဆံပင်အရောင် ပြောင်းတဲ့သူတွေအနေနဲ့ ဘာမှမလုပ်ထားတဲ့ ဆံပင်ထက်ကို ပိုပြီးပျက်စီးလွယ် တာကြောင့် ဆံသားထိန်းသိမ်းမှုတွေ ပြုလုပ်သင့်ပါတယ်။ ဆံပင်အရောင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများက နူးညံ့တဲ့ဆံသားများကို များစွာထိခိုက်နိုင်တာကို သိကြပေမယ့်လည်း ခေတ်နဲ့အညီလှပချင်တော့ ဆိုးလိုက်မိကြ တာပါပဲ။ ဒါ့ကြောင့်မို့လို့ ဆံပင်အရောင်ဆိုးပြီးတာနဲ့ ဆံသားထိန်းသိမ်းမှုကို သာမာန်ထက်နှစ်ဆ ဂရုစိုက်ဖို့ မမေ့ပါနဲ့။ ဒီတော့.. ဆံပင်အရောင်ဆိုးထားတဲ့ သူတွေအနေနဲ့ ဆံပင်ပျက်စီးမှုလျော့ပါးစေဖို့ ဆံသားထိန်းသိမ်းမှုတွေ ဘယ်လိုပြုလုပ်သင့်လဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
(၁) ပျော့ဆေးပုံမှန်အသုံးပြုပါ
ဆေးဆိုးထားတဲ့ဆံပင်က သာမာန်ဆံပင်ထက်ကို ပိုပြီး ခြောက်သွေ့တတ် ပါတယ်။ ဒါ့ကြောင့် ဆံသား ထိန်းသိမ်းတဲ့အနေနဲ့ တစ်ပတ်ကိုတစ်ကြိမ်လောက် Deep conditioning treatment ပြုလုပ်ဖို့ လိုပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်း ပျော့ဆေးနဲ့မိနစ်အနည်းငယ်ခန့် ပေါင်းပေးပါ။ ဒီလိုပုံမှန်ပြုလုပ် ပေးမယ်ဆိုရင် ဆံသားတောက်ပလာတာကို တွေ့မြင်ရမှာပါ။
(၂) ဆံပင်လေမှုတ်စက်မသုံးပါနဲ့
ခေါင်းလျှော်ပြီးတဲ့အခါတိုင်း hair dryer သုံးတာက မိန်းကလေးတိုင်းရဲ့အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ သင်ကဆံပင်ဆေးဆိုးထားတဲ့ သူဆိုရင်တော့ ဒါကိုဆင်ခြင်ဖို့ လိုပါတယ်။ ဆံပင်လေမှုတ်စက်၊ ကောက်စက်၊ ဖြောင့်စက်တွေကိုအသုံးပြုတာက ဆံသားတွေကို ကျိုးကြေပျက်စီးလွယ်ပြီး ဆိုးထားတဲ့ ဆံပင်အရောင်ကလည်း ကြာရှည်ခံတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သဘာဝအတိုင်း ဆံပင်အခြောက် ခံတာကအကောင်းဆုံးပါပဲနော်။
(၃) ခေါင်းလျှော်ရည်ရွေးချယ်မှုမှန်ကန်ပါစေ
ဆေးဆိုးထားတဲ့ ဆံပင်တောက်ပြောင်လှပဖို့နဲ့ ဦးရေပြားကျန်းမာစေမယ့် ခေါင်းလျှော်ရည်ကို ရွေးချယ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ဆံပင်အရောင်ဆိုးတဲ့သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။
(၄) ဆံပင်အဖျားတိပေးပါ
ဆံပင်နှစ်ခွဖြစ်တာကို ကာကွယ်ဖို့အတွက် နှစ်လတစ်ကြိမ်လောက် ဆံပင်အဖျားတွေကို တိပေးဖို့ လိုပါတယ်နော်။ ဆံသားတွေကျန်းမာလှပနေမှ ဆိုးထားတဲ့အရောင်ကလည်း ကြာရှည်ခံမှာပါ။ ဆံပင်အရောင်ဆိုုးဆေးမှာပါဝင်တဲ့ ဓာတုပစ္စည်းများက ဆံသားကို ခြောက်သွေ့စေတာကြောင့်အဖျားနှစ်ခွဖြစ်နိုင်ချေများသွားပါပြီ။
(၅) နေလောင်ဒဏ်ကာကွယ်ပါ
နေရောင်ခြည်ဒဏ်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း ကင်းဝေးစေဖို့အတွက် နေပူထဲသွားတဲ့အခါ ဦးထုပ်ဆောင်းတာ၊ နေလောင်ခရင်မ်လိမ်းပေးတာမျိုး ပြုလုပ်ဖို့ လိုပါတယ်။ နေရောင်ခြည်ကနေ သင့်အသားအရည်တစ်ခုတည်းကို ကာကွယ်ဖို့လိုအပ်တာမဟုတ်ပါဘူး။ သင်ဆိုးထားတဲ့အရောင်သစ်လေးကို ကြာရှည်ခံဖို့နဲ့အမြဲတမ်းတောက်ပနေဖို့ သင့်ဆံပင်ကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ခရင်မ်တွေကိုသုံးပေးဖို့လိုပါတယ်။ ရေကိုအခြေခံထားတဲ့အလှကုန်တွေက ဆေးဆိုးထားတဲ့ဆံပင်အတွက် ပိုပြီးသင့်လျော်ပါတယ်။
(၆) ရေဓာတ်ဖြည့်တင်းပေးပါ
ဆံသားကျန်းမာစေဖို့အတွက် ရေဓာတ်ဖြည့်တင်းဖို့ကိုလည်း မမေ့ပါနဲ့။ ရေနဲ့ လတ်ဆတ်တဲ့အသီးအနှံများ၊ ဖျော်ရည်များကို သောက်သုံးပေးပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ဆံပင်ကို ရေဓာတ်များများဖြည့်ပေးလေလေအရောင်က ပိုကြာကြာခံလေပါပဲ။ ဒါ့အပြင် ဆံပင်အစိုဓာတ်ထိန်းတဲ့ ပစ္စည်းတွေကိုအသုံးပြုပေးနိုင်ပါတယ်။