ပျိုမေတို့အတွက် ဆန်းသစ်တဲ့ပွဲတက်ကျစ်ဆံမြီးဆံထုံးပုံစံများ
myanmaplatform.com
|
2018-10-16



မကြာခင် သီတင်ကျွတ်တော့မှာဆိုတော့ ပွဲလမ်းသဘင်ရာသီရောက်ပြီလို့ပြောလို့ရပါတယ်။ ဆိုတော့ ပွဲလမ်းသဘင်အခမ်းအနားတွေတက်ဖို့ရှိနေတဲ့ ပျိုမေတို့အတွက် လွယ်ကူရိုးရှင်းပြီး ဆံထုံးလေးနဲ့ ကျက်သရေရှိရှိလှပနေစေဖို့ ဆံထုံးထုံးနည်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။ ဆံပင်ကိုဘာမှမလုပ် တတ်ဘူးဆိုပြီးနေမနေဘဲ ဒီနည်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေလိုက်ဖက်မယ့်နည်း ကိုအသုံးပြု ကြည့်ပါ၊အရင်ကထက်အမြင်ဆန်းပြီး ထူးခြားလှပစေမှာပါနော်။




ဘေးထွက်ကျစ်ဆံမြီးဆံထုံး

ဒီဘေးထွက်ကျစ်ဆံမြီး ဆံထုံးလေးကတော့ ထုံးရတာလည်းလွယ်ကူသလို ပျိုမေတို့ကိုတစ်မျိုးလေး လှနေစေမှာပါ။ ကျစ်ဆံမြီးကို ဆံပင်အရင်းကနေကျစ်ယူပြီးအဖျားမှာစုစည်းထုံးလိုက်ပါတယ်။ Hair Accessories လေးတွေကြိုက်တယ်ဆိုရင်တော့ ငွေရောင်ကလစ်လေးတွေနဲ့အလှဆင်ခြင်းအားဖြင့် ဆံထုံးအလှကိုပိုပြီးပေါ်လွင်စေပါတယ်။




ကျစ်ဆံမြီးနောက်တွဲဆံထုံး

ဒီဆံထုံးကတော့ ဘယ်ဝတ်စုံနဲ့ မဆိုလိုက်ဖက်ပါတယ်။ လှပပြီးအရွယ်တင်တယ်လို့ ထင်သွားစေမယ့် ဆံထုံးပုံစံလေးပဲဖြစ်ပါတယ်။ ဒီဆံထုံးထုံးမယ်ဆိုရင်တော့အရင်ဆုံး ဆံပင်ကိုအပူချောင်းနဲ့ ကောက်ပေးရပါမယ်။ တစ်ဝက်ကို ခေါင်းစည်းကွင်းနဲ့ စည်းပြီး တစ်ဝက်ချန်ထားပါ။ ဆံပင်ကို လိုအပ်သလိုခွေလိုက်ပါ။ ချန်ထားတဲ့ တစ်ဝက်ကို ဘယ်ဘက် နထင်နားကနေကျစ်ပါ။ ညာဘက်နထင်နားကနေ ထပ်ကျစ်ပါ။ ကျစ်ပြီးတောာ့ ခွေထားတဲ့ ဆံပင်အခွေတွေနားကနေ ပတ်ပေးလိုက်ပါ။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြန်ညှိပေးပါ။ ဒါဆိုရင်လှပပြီး သေသပ်တဲ့ ကျစ်ဆံမြီးနောက်တွဲဆံထုံးလေးရသွားပါပြီ။




ဘေးတစောင်းကျစ်ဆံမြီးဆံထုံး

ဆွဲဆောင်မှုရှိနေစေမယ့် ဒီကျစ်ဆံမြီးဆံထုံးကတော့ လူငယ်ဆန်ပြီးနုပျိုလှပနေစေမှာဖြစ်ပါတယ်။

ဒီဆံထုံးလေးကို နောက်ရင်းနားကနေ ကျစ်သွားပြီး ဘယ်ဘက်(သို့) ညာဘက် ကို ထုံးပေးလိုက်ပါ။ ဒါက ဘာအလှမှ ထပ်ဆင်စရာမလိုဘဲ လှနေစေမယ့် ဆံထုံးလေးပဲဖြစ်ပါတယ်။




တစ်ချောင်းတည်း ကျစ်ဆံမြီးဆံထုံး

တစ်ချောင်းတည်းကို ဦးခေါင်း ထိပ်ကနေ ကျစ်သွားပါ ဆံပင်ဆုံးတဲ့အခါအဖျားရောက်တဲ့အချိန်မှာ ထုံးပေးလိုက်ပါ။ ပြီးနောက် ထုံးထားတဲ့အဖျားမှာ ပန်းတစ်ပွင့်လောက် ဆင်ပေးလိုက်မယ်ဆိုရင် ပိုပြီး ကြည့်ကောင်းစေပါတယ်။အဲလိုမဟုတ်ဘဲ ပန်းမပန်ချင်ဘူးဆိုရင်လည်းအဖျားကအထုံးလေးကို တစ်ဖက်စောင်းလေး ထုံးပေးနိုင်ပါတယ်။




နှစ်ဖက်ခွဲ ကျစ်ဆံမြီးဆံထုံး

ဒီပုံစံကတော့ နန်းဆန်ဆန်လေးနဲ့လှနေစေမယ့် ဆံထုံးလေးပဲဖြစ်ပါတယ်။ ဆံပင်အရင်းမှ ဘယ်တစ်ဖက် ညာတစ်ဖက် ကျစ်လာပါ။အဖျားရောက်တဲ့အထိကျစ်ပြီး ကျစ်ဆံမြီးနှစ်ခုကို ပေါင်းထုံးလိုက်ပါ။အလှဆင်ချင်တယ်ဆိုရင်တော့အထုံးနေရာမှာပန်းပန်လိုက်မယ်ဆိုရင် ပိုပြီး လှပလာပါလိမ့်မယ်။

ကဲ ဒါဆိုရင် သီတင်းကျွတ်ပွဲလမ်းသဘင်ရာသီမှာ ဆန်းသစ်တဲ့ကျစ်ဆံမြီးဆံထုံးလေးတွေနဲ့ ရှိုးထုတ်နိုင်ပြီပေါ့နော်။




Some text some message..