ပြစ်မျိုးမှဲ့မထင်ဘဲ ကြည်လင်တဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ချင်ပါသလား။ မျက်နှာရဲ့အလှအပတွေကို ဖုံးကွယ်နေတဲ့ ဆားဝက်ခြံတွေကြောင့် စိတ်ညစ်နေရပါသလား။အရေပြားပေါ်က မွှေးညှင်းပေါက်တွေရဲ့အောက်ခြေမှာအဆီအိတ်လေးတွေပါရှိပါတယ်။အဲ့ဒီအဆီအိတ်လေးတွေက မျက်နှာအသားအရေကို ချောမွေ့ပြီး နူးညံ့တဲ့အသားအရေဖြစ်အောင် စွမ်းဆောင်ပေးတာပါ။ ဒါပေမယ့်အဆီထွက်တာအရမ်းများတဲ့အခါ၊ ထွက်လာတဲ့အဆီဟာ ဆဲလ်အသေ ဒါမှမဟုတ် ဘက်တီးရီးယားပိုးဝင်မှုကြောင့် ပိတ်မိနေတဲ့အခါမျိုးမှာအဆီဟာအပြင်မထွက်နိုင်တော့ပါဘူး။အဲဒီအဆီလေးတွေဟာ လေနဲ့ထိသွားတဲ့အခါ ဓာတ်တိုးသွားပြီးအမည်းရောင်ပြောင်းသွားပါတယ်။အဲဒါလေးတွေကို ဆားဝက်ခြံလို့ ခေါ်ကြပါတယ်။ ဆားဝက်ခြံဆိုတာ ရောင်ရမ်းခြင်းမရှိတဲ့ဝက်ခြံတစ်မျိုးပါပဲ။ ဆားဝက်ခြံဟာအဆီထွက်များတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ ဒါ့အပြင် လူပျိုအပျို ဖြစ်ချိန်မှာ ထွက်လာတတ်တဲ့ ကြီးထွားဖို့လိုတဲ့ ဟော်မုန်းအထွက် များလာတာကြောင့်အဆီထွက်တာပိုများလာတတ်ပါတယ်။ ဒါ့အပြင် ဒီဟော်မုန်းက မျက်နှာဆဲလ်တွေ သေခြင်းနှင့်အသစ်ဖြစ်ခြင်းတို့လည်း မြန်မြန်ဖြစ်ပေါ်ပါတယ်။ ဒီအရွယ်ဟာ ဆားဝက်ခြံအများဆုံးထွက်တဲ့အရွယ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓမ္မတာပေါ်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းတို့ကြောင့်လည်း ဆားဝက်ခြံဖြစ်တတ်ပါတယ်။ ချောကလက်နှင့်အခွံမာသီးများစားခြင်း၊ masturbation ပြုလုပ်ခြင်းနှင့် မသက်ဆိုင်ပါ။ ဆားဝက်ခြံဟာ မျက်နှာမှာအများဆုံးပေါက်တတ်ပြီး လည်ပင်း၊ ရင်ဘတ်၊ ကျောနှင့် လက်မောင်းတို့မှာလည်း တွေ့ရတတ်ပါတယ်။ ဆားဝက်ခြံပျောက်ကင်းအောင် - မျက်နှာကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ (အဆီများကို ဖယ်ရှားနိုင်ပြီး၊ ပိုးသတ်နိုင်သည့် benzyol peroxide (သို့) retinoids (vitamin A) ပါဝင်သည့် gel, cream နှင့် မျက်နှာသစ်ဆေးတို့ကိုအသုံးပြုနိုင်ပါတယ်။ - ချွေးပေါက်ပိတ်စေသော မိတ်ကပ်နဲ့ cosmetic များလိမ်းခြင်းရှောင်ကျဉ်ပါ။ - ရေများများသောက်ခြင်း၊အဆီပါဝင်မှုများသောအစားအစာလျော့ချခြင်း ဟာလည်း ဆားဝက်ခြံဖြစ်ပွားမှုကို သက်သာစေနိုင်ပါတယ်။ - ဒါကတော့ လွယ်လွယ်ကူကူ သုံးနိုင်တဲ့နည်းပါ။ ပျားရည်ပူပူနွေးနွေးလေးကို ဆားဝက်ခြံဖြစ်တဲ့ နေရာမှာလိမ်းပြီး ၁၀မိနစ်လောက် ထားလိုက်ပါ။ ပြီးမှမျက်နှာကို ဆေးကြောပေးပါ။ ဒီနည်းဟာ ဆားဝက်ခြံအတွက်သာမက မျက်နှာအသားအရည်ကိုလည်း လှပစေပါတယ်။ - လူနေထူထပ်သော နေရာများကိုရှောင်ပါ။ - ယောင်ယမ်းလာပါက ပိုးသတ်ဆေးသောက်နိုင်ပါသည်။ (ပုံမှန်အားဖြင့် မလိုပါ)။ သတိပြုရန် - မျက်နှာကို သန့်ရှင်းအောင်ထားရန် လိုအပ်သော်လည်း မျက်နှာအလွန်အကျွံသစ်ခြင်းနှင့် မျက်နှာချေးချွတ် scrubbing လုပ်ခြင်းတို့သည် ဆားဝက်ခြံပိုမိုဆိုးစေနိုင်ပါသည်။ - ဆားဝက်ခြံများကိုညှစ်ခြင်း၊ ဇာဂနာဖြင့်ဖယ်ရှားပေးခြင်းကလတ်တလောတွင်အဆင်ပြေသွားသော်လည်း ရောင်ရမ်းခြင်း၊အမာရွတ်ထင်းခြင်း တို့ဖြစ်နိုင်သဖြင့် သတိထားသင့်ပါသည်။ သန့်ရှင်းပြီး လှပကြည်လင်သည့် မျက်နှာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။ Lei သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။