သွေးသားအပြောင်းအလဲ၊ ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းကလေးဖြစ်နေပါလျက်နဲ့ ပါးမွှေး၊ နှုတ်ခမ်းမွှေးရေးရေးလေးတွေ ထွက်လာလို့ မကြာခဏစနောက်ခံနေရတာလား။ ဒါဆိုရင်တော့အခုဖော်ပြပေးမယ့် နည်းလမ်းလေးအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်။ မုတ်ဆိတ်ရိတ်ဓားကိုအသုံးပြုပြီးရိတ်ပစ်မယ်ဆိုရင်အမွှေးတွေကြမ်းသွားပြီး ပိုသန်လာတတ်တာကြောင့် ဒီလိုသဘာဝနည်းလမ်းလေးအတိုင်းပဲ ဖယ်ရှားဖို့အကြံပြုချင်ပါတယ်။
ပထမဦးဆုံးနည်းလမ်းအနေနဲ့ သကြားနဲ့ပျားရည်ကိုအသုံးပြုပြီးဖယ်ရှားတဲ့ နည်းလမ်းလေးပါ။ သကြားကအမွှေးအမျှင်ပေါက်တဲ့ ဆဲလ်များကို ဟန့်တားပေးနိုင်ပြီး ပျားရည်ကအစိုဓာတ်ထိန်းပေးနိုင်တာကြောင့်အသားအရေပျက်စီးသွားခြင်းအတွက်လည်း စိုးရိမ်စရာမလိုတော့ဘူးပေါ့။အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ သကြားစားပွဲတင်ဇွန်း၃ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်တစ်လုံးထဲရောထည့်လိုက်ပါ။ သကြားတွေပျော်ဝင်သွားဖို့အတွက် မိုက်ခရိုဝေ့ဖ်ထဲကို မိနစ်အနည်းငယ်ခန့်အပူပေးပါ။ ပြီးရင်တော့ သံပရိုရည်စားပွဲတင်ဇွန်းတစ်ဇွန်းရောမွှေးပြီး ရရှိလာတဲ့အရောအနှောကို ခပ်နွေးနွေးလေးဖြစ်နေချိန်မှာ နှုတ်ခမ်းတစ်ဝိုက် ဒါမှမဟုတ် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။အမွှေးအမျှင်များကို ဆန့်ကျင်ပြီးသုတ်လိမ်းပေးဖို့တော့ လိုပါတယ်နော်။ မိနစ်အနည်းငယ်ခန့်အခြောက်ခံပြီး ရေအေးနဲ့ဆေးကြောသန့်စင်လိုက်ရုံပါပဲနော်။ ပြီးရင်တော့အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းပေးပါ။ ဒီနည်းလမ်းလေးအတိုင်း တစ်ပတ်ကို၄ကြိမ်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ရက်သတ္တပတ်အတွင်းအမွှေးအမျှင်များ ပါးသွားတာကို တွေ့မြင်ရမှာပါ။
နောက်ထပ်နည်းလမ်းလေးကတော့အိမ်မှာအလွယ်တကူရရှိနိုင်တဲ့ နနွင်းမှုန့်နဲ့ ဖယ်ရှားတဲ့နည်းလမ်းလေးပါနော်။ နနွင်းမှုန့်ကို ရှေးယခင်နှစ်ပေါင်းများစွာကတည်းကအလှအပရေးရာမှာအသုံးပြုခဲ့ကြပါတယ်လို့ သိရပါတယ်။အခုနည်းလမ်းလေးကတော့ နနွင်းမှုန့်ကို နွားနို့နဲ့ရောစပ်ပြီးအသုံးပြုမှာဆိုတော့ မလိုအပ်တဲ့အမွှေးအမျှင်များကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။ နနွင်းမှုန့်နဲ့ နွားနို့်ကို စားပွဲတင်ဇွန်းတစ်ဇွန်းစီ ဆတူရောစပ်ပြီး ဆန်မှုန့်အနည်းငယ်နဲ့နှံ့သွားအောင်မွှေးပေးပါ။ ရရှိလာတဲ့အရောအနှောကို နှုတ်ခမ်းအပေါ်ကို သုတ်လိမ်းပြီး ၅မိနစ်၊ ၁၀မိနစ်ခန့် massage ပြုလုပ်ပေးပါ။အခြောက်ခံပြီး ရေစိုနေတဲ့လက်ချောင်းကလေးနဲ့ ဖယ်ရှားသန့်စင်ပေးပါ။အမွှေးအမျှင်များကို ဆန့်ကျင်ဘက်ပွတ်တိုက်ပြီး ဖယ်ရှားပေးပါနော်။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းလေးအတိုင်း တစ်ပတ်ကို နှစ်ကြိမ်ပုံမှန်ပြုလုုပ်ပေးမယ်ဆိုရင်တော့ တစ်လအတွင်းမလိုချင်တဲ့အမွှေးအမျှင်တွေ လျော့ပါးသွားတာကို တွေ့မြင်ရမှာပါနော်။
နန်း(ရွှေအင်းလေး)