![]()
သိချင်တဲ့အကြောင်းရာကိုအင်တာနက်မှအလွယ်တကူရှာလို့ရနေပြီဆိုတော့ သိပ်ပြီး ထူးဆန်းတာမရှိပေမယ့်အခုပြောပြပေးသွားမယ့် နည်းလမ်းလေးတွေက ပျိုမေတို့အတွက် တကယ်အသုံးဝင်ပါလိမ့်မယ်။အဖြစ်များတဲ့အလှပရေးရာအသေးမွှားပြဿနာလေးတွေအတွက် ဖြေရှင်းနည်းလို့လည်း ပြောလို့ရပါတယ်။
လက်သည်းပေါ်က အစွန်းထင်းတွေကို ဖယ်ရှားဖို့အတွက်
လက်သည်းနီ ၊ ဆေးလိပ်သောက်ခြင်း ၊အသည်းရောဂါ နဲ့ နေထိုင်မှုပုံစံ မှားယွင်းနေခြင်းအစရှိတဲ့အကြောင်းပြချက်အမျိုးမျိုးကြောင့် လက်သည်းခွံတွေအဝါရောင်သန်းနေတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် ပျင်းပြီးအချိန်တန်ပျောက်သွားမှာပဲလို့ မတွေးပါနဲ့။ ကိုယ့်လက်သည်းကြီးဝါနေရင် ကြည့်ရဆိုးပါတယ်။ ဒါကြောင့်အိမ်မှာအလွယ်တကူရနေတဲ့ ပစ္စည်းလေးတွေနဲ့ပဲ ကိုယ့်ကိအရုပ်ဆိုးအောင်လုပ်နေတဲ့အရာတွေကို ဖယ်ရှားလိုက်ရအောင်လား ။ လီမွန်သီးနဲ့ မုန့်ဖုတ်ဆော်ဒါမှုန့်ကို ရောစပ်ပြီးအသုံးပြုပေးမယ်ဆိုရင် သင့်ရဲ့လက်သည်းက ဝါကျင်နေတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
လီမွန်ရည်ကို သံလွင်ဆီအနည်းငယ်နဲ့ မုန့်ဖုတ်ဆော်ဒါမှုန့်ကို ခပ်ပျစ်ပျစ်လေးရောစပ်ပြီး သွားတိုက်တံလေးနဲ့ လက်သည်းပေါ်ပွတ်တိုက်ပေးပါ။ ၅မိနစ်ကြာထားပြီးရင် ရေနဲ့ဆေးချလို့ရပါပြီ။ မြန်မြန်ထူးခြားချင်တယ်ဆိုရင် ၂ပတ်တစ်ခါလုပ်ပေးပါ။
ဖြူဖွေးတဲ့ သွားလေးတွေပိုင်ဆိုင်နိုင်ဖို့
မည်းနက်နက်အစင်းရှိတဲ့ မီးသွေးခဲဟာ သင့်ရဲ့သွားတွေကို ဖြူဝင်းစေတယ်ဆိုတာ တကယ်ကိုအံ့သြစရာပါပဲ။ သင်လုပ်ရမှာက မီးသွေးတုံးအသေးလေးကိုယူပြီးအမှုန့်ခြေကာ ရေအနည်းငယ်နဲ့ ပျစ်ပျစ်လေးရောပြီး သွားမှာပွတ်တိုက်ပေးပါ။ ၃မိနစ်လောက်ထားပြီးမှ ရေဆေးချပါ။ မီးသွေးနဲ့ မကြာခဏပွတ်တိုက်မျိုးတော့ မလုပ်ပါနဲ့။ သုံးပါများရင် သင့်သွားတွေကို ထိခိုက်စေနိုင်ပါတယ်။အလုပ်လည်း မရှုပ်ချင် ၊ သွားထိခိုက်မှာကိုလည်း ကြောက်တဲ့သူတွေကတော့ မီးသွေးခဲပါရောစပ်အသုံးပြုထားတဲ့ မီးသွေးခဲကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။
ဆံပင်အဖျားတွေ နှစ်ခွဖြစ်နေရင်
ဆံပင်ညှပ်ဆိုင်တွေသွားပြီး ပိုက်ဆံကုန်ခံ သွားပြင်မယ့်အစားအနက်ရောင် ပဲနီနဲ့ နှစ်ခွဖြစ်နေတဲ့ သင့်ရဲ့ဆံပင်တွေကို ပြန်လည်ပြုပြင်လိုက်ပါ။ ပေါင်းတင်ဖို့အတွက်အနက်ရောင်ပဲနီကို ဒိန်ချဉ် ၊ ပဲနံသာပင်တို့နဲ့ ရောစပ်လိုက်ပါ။ ပြီးရင် ထိုအရောကို ဆံပင်ကိုပဲ လိမ်းပါ။ တစ်နာရီကြာထားပြီးတာနဲ့ ရေဆေးချလို့ရပါပြီ။
ဖွာလန်ကျဲနေတဲ့ ဆံပင်ပိုင်ရှင်များအတွက်
ဆံပင်တွေ ဖွာလန်ကျဲနေရင် ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန်ဝတ်ထားပါစေ ကြည့်လို့မလှပါဘူး။ ဒါကိုဖြေရှင်းမှာကတော့ ထောပတ်သီးပဲဖြစ်ပါတယ်။ ထောပတ်သီးကို ဒိန်ချဉ်နဲ့ရောပြီး သင့်ဆံသားတွေပေါ် သုတ်လိမ်းပါ။ ၄၅မိနစ်ကြာထားပြီးရင် ရေနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ခေါက်သာလုပ်ပေးဖို့လိုပါတယ်။ ထောပတ်သီးမှာ ဆံပင်ကိုပြန်လည်အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်တွေအပြည့်ပါပြီး ဒိန်ချဉ်က ဆံသားကိုပျော့ပျောင်းစေတဲ့အတွက် တကယ်အကျိုးသက်ရောက်မှုကောင်းတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။
အကြောပြတ်ရာတွေအတွက် အာလူး
အကြောပြတ်ရာဆိုတာ မိန်းကလေးတွေရဲ့အဓိကပြဿနာပေါ့။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ပျိုဖော်ဝင်ချိန်တို့မှာ ဖြစ်လေ့ရှိပါတယ်။အာလူးရည်မှာပါတဲ့ ဗီတာမင်ကအရေပြားဆဲလ်တွေ ပြန်လည်လန်းဆန်းစေပြီးအကြောပြတ်ရာတွေကို လျော့ကျစေပါတယ်။
အာလူးကို ပါးပါလေးလှီးပါ။အကြောပြတ်နေတဲ့ နေရာကိုထိုအာလူးအပါးလေးနဲ့ ပွတ်ပေးပါ။အကြိမ်ပေါင်းများစွာ ပွတ်ပြီးရင် ရေနဲ့ဆေးချလိုက်ပါ။
မျက်ကွင်းညိုနေတဲ့ ပန်ဒါလေးများ
လက်ဖက်အထုပ်၊ သခွားသီးနဲ့အာလူးတို့ မျက်လုံးနားကပ်ပေးခြင်းက မျက်ကွင်းညိုတာတွေ သက်သာစေတယ်ဆိုတာ စာဖတ်သူတို့လည်း သိပြီးကြမှာပါ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဒီနည်းလမ်းတွေကလည်း ထိရောက်ပါတယ်။ ဒီထက်ပိုပြီး လုပ်ရလွယ်ကူတာမျိုးဆိုရင်တော့ ရေခဲသေတ္တာထဲက ဇွန်းတစ်ချောင်းကိုယူပြီး မျက်လုံးမှာကပ်ပေးပါ။ မိတ်ကပ် မလိမ်းခင် ၁၀မိနစ်လောက်ကပ်ထားပါ။ သိသိသာသာ မျက်ကွင်းညိုတာတွေ သက်သာသွားပါလိမ့်မယ်။
နှုတ်ခမ်းကွဲ ၊ ခြောက်သွေ့သူများအတွက် ပျားရည်
လူတိုင်း နှုတ်ခမ်းကွဲပြီး ခြောက်သွေ့တာကို ခံစားဖူးကြပါတယ်။ နှုတ်ခမ်းခြောက်သွေ့တဲ့အခါ နှုတ်ခမ်းနီဆိုးလည်းအရောင်ထွက်မလှ ၊အဖက်ဖက်တွေလန်ပြီး ကြည့်ရဆိုးပါတယ်။ ခြောက်သွေ့ ကွဲအက်နေတဲ့ နှုတ်ခမ်းသားကို ပျားရည်လေးနဲ့ ပေါင်းတင်ပေးကြည့်ပါ။ ပျားရည်ဟာအရေပြားပြဿနာအများစုကိုဖြေရှင်းပေးနိုင်ပြီးအစိုဓာတ်လည်း ထိန်းညှိပေးနိုင်တာကြောင့် ဟိုးရှေးခတ်တည်းကအီဂျစ် ၊ တရုတ်နဲ့အာဖရိကတို့မှာ သုံးစွဲလာတာဖြစ်ပါတယ်။ ညအိပ်မရာဝင်ခင် ပျားရည်ကို သကြားနဲ့ရောပြီး နှုတ်ခမ်းလေးကို ဖွဖွပွတ်ပေးပါ။ ၁၅မိနစ်လောက်ထားပြီး ရေဆေးလိုက်ပါ။
ဒီလိုအသေးစားပြဿနာလေးတွေကြောင့် ကိုယ့်ရဲ့ပြည့်စုံနေတဲ့အလှတရားကို မပျက်စီးလေအောင် ဖော်ပြပါ နည်းလမ်းတွေနဲ့အမြန်ဆုံးဖြေရှင်းလိုက်နော်။