![]()
ကိုယ့်ရဲ့တစ်နေ့တာ နေထိုင်မှုပုံစံအသေးမွှားကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရုပ်ရည်ပေါ် သက်ရောက်မှုရှိတယ်ဆိုတာ လူတိုင်းသိမှာပါ။ ကိုယ့်ရဲ့စိတ်နေ စိတ်ထား ၊အတွေးခေါ်တွေ ၊ လုပ်ရည်ကိုင်ရည်အားလုံးဟာ ကိုယ့်ရဲ့အသွင်ပြင်မှာ ပြန်ပြီးပေါ်တာပါပဲ။ ဒါကြောင့် မိမိရဲ့ တစ်နေ့တာ နေထိုင်မှုပုံစံဟာ ဘယ်လောက်ထိအရေးကြီးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်သည် ဆိုတဲ့စာကို နေရာမရွေးတွေ့နိုင်ပြီး သောက်တဲ့ ဆေးလိပ်ဗူးမှာလည်း စာနဲ့တကွ ပုံကိုပါပူးတွဲဖော်ပြပြီးသားပါ။ ဒါပေမယ့်လည်း လူတွေက သောက်မြဲ၊ သောက်ဆဲ ၊ သောက်လတ္တံပါပဲ။ မကောင်းမှန်းသိလည်း ဖြတ်ဖို့ခက်တာအမှန်ပါပဲ။ တွေ့ဖူးတဲ့အမွှာညီအစ်မနှစ်ယောက်မှာဆို တစ်ယောက်က လုံးဝမသောက်ဘူး။ နောက်တစ်ယောက်က ဆေးလိပ်သောက်လာတာ ၁၆နှစ်လောက်ရှိပါပြီ။အသက်ချင်းတူပေမယ့် နှစ်ယောက်ယှဉ်ကြည့်လိုက်တဲ့အခါ ဆေးလိပ်သောက်တဲ့တစ်ယောက်ကအရမ်းကိုအိုစာနေတာတွေ့ရတယ်။ ဆေးလိပ်က သူမရဲ့အရေပြားတွေကို မွဲခြောက်အောင်လုပ်နေပြီ။ ခန္ဓာကိုယ်အတွင်းပိုင်းကအင်္ဂါတွေကို သူမ မသိလိုက်တဲ့အချိန်မှာပဲ ဘယ်လောက်ထိ တိုက်စားနေပြီလဲဆိုတာ မခန့်မှန်းနိုင်အောင်ပါပဲ။အသားရည်လှပချင်ရင် ဆေးလိပ်သောက်တာကိုအပြတ်ဖြတ်ပြီး ရှောင်လိုက်တာအကောင်းဆုံးပါပဲ။
မိတ်ကပ်မဖျက်တဲ့အခါ
အသားရည်ဆိုတာ ခန္ဓာကိုယ်လိုပဲအနားပေးသင့်တယ်။ တစ်ဖန်ပြန်လည် လန်းဆန်းနေအောင် ညစဉ်သန့်စင်ပေးနေဖို့လိုပါတယ်။အသားရည်ဟာ ဘယ်လောက်ပင်ပန်းနေပါပြီလို့တော့ ကိုယ်လက်အင်္ဂါတွေလိုအချက်မပြနိုင်ဘူး။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဝက်ခြံတွေ ၊ နီမြန်းဖူးရောင်နေခြင်းနဲ့ ယားယံနေမယ်ဆိုရင်အသားရည်ကပြောနေတဲ့အချက်ပြမှုတွေပါပဲ။ ဒါကြောင့် မိတ်ကပ်လိမ်းပြီးရင် သေချာအချိန်ပေးပြီး မျက်နှာကိုသန့်စင်ပေးဖို့လိုပါတယ်။ မိတ်ကပ်တွေ မပြောင်တဲ့အခါအညစ်ကြေးတွေအဖြစ်ကျန်ခဲ့ပြီး ဝက်ခြံဖြစ်ရတာပါ။ မျက်နှာကို ပုံမှန်သန့်စင်ပေးဖို့လိုသလို တစ်ပတ်တစ်ခါ ချေးချွတ်ပေါင်းသင်းပေးမှ မျက်နှာအသားရည်ကအမြဲတမ်း စိုပြေလှပနေမှာပါ။
အရက်သောက်ခြင်းရဲ့ ရလဒ်
ကြည့်လိုက်ရင် ဘီယာဆိုင်၊အရက်ဆိုင်တို့ဆိုအမြဲလူစည်ကားနေတာ တွေ့ရပြန်တယ်။အပေါင်းသင်းတွေနဲ့ တစ်ခါတစ်လေ ကြုံတုန်းကြိုက်တုန်း စကားပြောကောင်းရုံသောက်တာလောက်က ဘာမှမဖြစ်ပေမယ့်အမြဲတမ်း သောက်သုံးနေသူတွေအတွက် စိုးရိမ်စရာအခြေအနေပါ။အရက်ကြောင့် ဆေးရုံပေါ်ရောက်နေတဲ့ လူနာတွေ တစ်နေ့ တစ်နေ့မနည်းပါဘူးနော်။အရက်ဟာ မိမိခန္ဓာကိုယ်ထဲက ကလီစာတွေကို ဘယ်လောက်ဖျက်ဆီးနိုင်တယ်ဆိုတာ သိပြီးကြမှာပါ။အရက်ဘီယာကိုအပြတ်ဖြတ်နိုင်လိုက်တဲ့ လူတွေတွေ့ရတာလည်း ဝမ်းသာစရာတစ်မျိုးပါပဲ။ ၇လလောက် ဘာမှမသောက်ပဲ ရှောင်လိုက်တဲ့အခါ ဘီယာမသောက်ပဲနဲ့လည်း သူကောင်းကောင်းအိပ်ပျော်လာတယ်။ ဘီယာသောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့အမြည်းတွေလည်း မစားဖြစ်တော့ဘူး။ ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တစ်ဝက်ကို ကိုယ်လုပ်ချင်တာ လုပ်ပြီး ရှင်သန်နေရတာ ကောင်းလား ၊အရက်ကြောင့် ကုတင်ပေါ်လှဲပြီး ဝေဒနာခံစားနေရတာ ကောင်းလား.. ကိုယ်တိုင်သာ ရွေးချယ်ပါ။
ခေါင်းခဏခဏလျှော်တဲ့အခါ
အရေပြားဆရာဝန်ကတော့ ခေါင်းခဏခဏ မလျှော်ကြဖို့အကြံပြုထားပါတယ်။ ခေါင်းခဏခဏ လျှော်တဲ့အခါ ဆံပင်မှာရှိသင့်တဲ့အဆီဓာတ်တွေလျော့နည်းကုန်ပြီး ကြာလာတော့ ဆံပင်ဟာခြောက်သွေ့မွဲကျနေတာပဲ ရပါလိမ့်မယ်။ မှန်ကန်တဲ့ hair care ထုတ်ကုန်တွေကိုအသုံးပြုပြီး ဆံပင်ကို ထိန်းသိမ်းပါ။ ဆံပင်ကျွတ်မှုနည်းပါးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားလေးကို ပိုင်ဆိုင်နိုင်ပါစေ။
ရေဓာတ်ပြည့်ဝမှုလို
တစ်နေ့ကို ရေဘယ်နခွက်သောက်လဲဆိုတာ ကိုယ်တိုင် ရေတွက်ကြည့်ဖူးလား ။ မလုပ်ဖူးသေးရင်အခုကစပြီး ရေတွက်ထားပါ။ တစ်နေ့ကို ကိုယ်ဘယ်လောက်ရေသောက်လဲဆိုတာ သိပ်အရေးပါပါတယ်။ လူကြီးတစ်ယောက်အတွက် တစ်နေ့ကို ရေ ၁.၈ လီတာ သောက်ပေးသင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှအသားရည်စိုပြေမှု ရှိမှာပါ။ ရေများများသောက်ခြင်းကအသားရည်တစ်ခုတည်းတင်မဟုတ် ၊ ခန္ဓာကိုယ်တစ်ခုလုံးနဲ့အများကြီးသက်ဆိုင်ပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ဘယ်လောက်နေလို့ကောင်းလဲဆိုတာ သတိထားမိလာပါလိမ့်မယ်။
ကဲ.. ဒါလေးတွေကတော့ ကိုယ်တိုင်သတိမထားမိတဲ့ တစ်နေ့တာ နေထိုင်မှုပုံစံအသေးမွှားလေးတွေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီအကျင့်တွေကို နည်းနည်းပဲဖြစ်ဖြစ်ပြင်နိုင်ရင်တောင်အကျိုးသက်ရောက်မှုနည်းနည်းလေးတော့ ခံစားရမှာပါ။ ဖြည်းဖြည်းချင်း ကြိုးစားပြင်ယူသွားနိုင်ပါစေနော်။