နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ်
ဒီခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ ခေါင်းလျှော်တယ်ဆိုတာကိုယ်ငယ်ငယ်လေးထဲကလုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့အတွေးလေးခေါင်းထဲရောက်မှာကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလိုငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲတလွဲတွေ လုပ်နေတတ်ကြတာလူတိုင်းနီးပါးပါ။ ဒီတော့ ခေါင်းလျှော်တဲ့ကိစ္စမှာလည်းလွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ ဆံသားတွေ ခြောက်သွေ့အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။
ဒီတော့ ခေါင်းကိုစနစ်တကျ သေချာဘယ်လိုလျှော်ကြမလဲ။
( ၁ ) နည်းလေကောင်းလေပါ။
ခေါင်းကိုနေ့တိုင်းလျှော်တာမျိုးထက် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်ခွဲလျှော်တာကပိုပြီးစနစ်ကျပါလိမ့်မယ်။ လူတော်တော်များများက ဆံပင် လေးပုံကျချင်လို့အဆီပြန်နေတာမလိုချင်လို့ ဆိုပြီးခေါင်းကိုနေ့တိုင်းလျှော်တတ်ကြပါတယ်။ တကယ်တော့ တစ်ပတ်သုံးကြိမ်လောက်လျှော်တာကသာ ဆံသားအတွက်ရောဦးရေပြားအတွက်ပါအကောင်းဆုံးဖြစ်မှာပါ။အဆီပြန်တာမလိုချင်လို့ ခေါင်းကိုနေ့တိုင်းလျှော်လေခေါင်းကအဆီတွေပိုထုတ်လေနဲ့ သံသရာလည်နေပါလိမ့်မယ်။
( ၂ ) ရေပူကြီးနဲ့ ခေါင်းမလျှော်သင့်ပါ။
ရေပူကြီးနဲ့ ခေါင်းလျှော်လိုက်ရင် ဆံသားတွေ ခြောက်သွေ့သွားပြီးအဖျားနှစ်ခွ ပိုပြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ချိန် ရေအပူကြီးတွေ မသုံးဘဲရေနွေးနွေးလောက်ပဲသုံးလို့ရပါမယ်။ ခေါင်းလျှော်ပြီးလို့ ရေချိုးချိန်ကတည်းက ပြန်ထွက်ချိန်မှာရေအေးနဲ့ ခေါင်းကိုရေပြန်လောင်းချပေးခဲ့ဖို့လည်းမမေ့ပါနဲ့။ ဒါမှ ရေနွေးနဲ့ လျှော်ထားတုန်းကပွင့်နေတဲ့ ဦးရေပြားချွေးပေါက်လေးတွေ ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။
( ၃ ) ဦးရေပြားကို နှိပ်နယ်ပေးပါ။
ဆံသားကောင်းခြင်းမကောင်းခြင်းကဦးရေပြားနဲ့အများကြီးသက်ဆိုင်နေတာမို့ ခေါင်းလျှော်နေတဲ့အချိန် ဦးရေပြားကို နှိပ်နယ်ပေးဖို့အရေးကြီးပါတယ်။ နှိပ်တဲ့နေရာမှာ လက်သည်းတွေနဲ့ မကုတ်ခြစ်မိဖို့ကလည်း သတိထားရမယ့်အချက်ပါ။ ကိုယ်ကသာ ဆံပင်က စေးကပ်ကပ်ဖြစ်နေလို့အရမ်းညစ်ပတ်နေမယ် ထင်ပေမယ့် တကယ်တမ်းအဲလောက်လည်းမညစ်ပတ်တဲ့အတွက် လက်သည်းနဲ့အရမ်းကုတ်ပြီးခေါင်းလျှော်စရာမလိုပါဘူး။ လက်ချောင်းလေးတွေနဲ့အသာဖွပြီး နှိပ်ပေးခြင်းကြောင့် ဦးရေပြားကအကြောတွေ ပြေလျော့ပြီးလန်းဆန်းစေမှာအသေအချာပါ။
( ၄ ) ခေါင်းလျှော်ရည်နှစ်ကြိမ်ထည့်ပါ။
ခေါင်းလျှော်တဲ့အခါ ပထမတစ်ကြိမ်ခေါင်းလျှော်ရည်ထည့်တာကရှိနေတဲ့ ဦးရေပြားကကြေးတွေ စင်သွားအောင်လို့နဲ့ နောက်တစ်ကြိမ်ထည့်တဲ့ခေါင်းလျှော်ရည်ကကျတော့ ခေါင်းလျှော်ရည်ကပါဝင်ပစ္စည်းတွေရဲ့အာနိသင်ကိုရဖို့နဲ့ဆံသားကိုအားဖြည့်ပေးဖို့ဖြစ်ပါတယ်။ခေါင်းလျှော်ရည်ရွေးတဲ့နေရာမှာလည်းကိုယ့်ဦးရေပြားဆံသားနဲ့ ကိုက်ညီတဲ့ခေါင်းလျှော်ရည်ကိုရွေးချယ်ဖို့လည်းလိုပါသေးတယ်။
( ၅ ) ပေါင်းဆေးသုံးပါ။ ပျော့ဆေးသုံးပါ
ပေါင်းဆေးပျော့ဆေးတွေကဆံသားကိုအားဖြည့်ပေးရုံသာမကရှုပ်နေတဲ့ဆံသားတွေကိုပါ ရှင်းပေးတဲ့အတွက်ကြောင့် ဆံပင်ကျွတ်တာဆံပင်ပြတ်တာတွေကိုသက်သာစေမှာပါ။