မျိုးရိုးအရ ဆံပင်ပါးတာလည်း ရှိသလို၊ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ပြီး ပါးလာတာမျိုးလည်း တွေ့ရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ဆံပင်ပါးတဲ့သူတွေအတွက် ဆံပင်အုံထူလာစေမယ့်နည်းလမ်းနဲ့ ဆံပင်ထူသယောက်ထင်ရစေမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးလိုက်ပါတယ်။
(၁) ဆံပင်အဖျားများကို တိပေးပါ
ဆံသားနှစ်ခွဖြစ်ခြင်းနဲ့ ဆံပင်အဖျားပိုင်း ပျက်စီးခြင်းကလည်း ဆံပင်ပါးစေတဲ့အကြောင်းအရင်း တစ်ရပ်ပါပဲ။ ဒါ့ကြောင့်လည်း ဆံပင်အဖျားပိုင်းတွေကို ပုံမှန်တိပေးဖို့ လိုပါတယ်။အဖျားပိုင်းက ပျက်စီးနေတဲ့ ဆံသားများကို လစဉ်ပုံမှန် ညှိပေးမယ်၊ တိပေးမယ်ဆိုရင် ဆံပင်ပါးတာကို ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် ဆံပင်အရှည်မြန်စေပါတယ်။
(၂) ဂုတ်ဝဲဆံပင်ကေညှပ်ပါ
ဆံပင်ပါးတဲ့သူတွေအတွက်အကြံပြုချင်တာကတော့ ဆံပင်ရှည်ထားမယ့်အစား ဆံပင်အတိုလေးနဲ့ ရှိုးထုတ်လိုက်ပါ။ ဆံပင်တိုတို၊ ဂုတ်ဝဲဆံပင်က ဆံပင်ပါးတဲ့သူတွေအတွက် ဆံပင်အုံထူသယောင် ထင်စေပါတယ်။ ဆံပင်တိုတဲ့အတွက် ဆံသားထိန်းသိမ်းမှုတွေအလွယ်တကူပြုလုပ်နိုင်ပြီး ဆံသားပျက်စီးခြင်းနဲ့ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
(၃) မှန်ကန်တဲ့အလှကုန်ပစ္စ့ည်းရွေးချယ်ပါ
ကိုယ့်ရဲ့ ဆံပင်အမျိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့အလှကုန်ပစ္စည်းများကို သေချာရွေးချယ်အသုံးပြုတတ်ဖို့လည်းအရေးကြီးပါတယ်။ ဆံပင်ကောက်တဲ့သူကလည်း ကောက်တဲ့အလျောက်၊ ဆံပင်ဖြောင့်တဲ့သူကလည်း ဆံပင်ဖြောင့်တဲ့အလျောက်ကို သင့်တော်မှုရှိတဲ့ ဆံသားအားဖြည့်အဆီ၊ ခေါင်းလျှော်ရည် စတာတွေကို သေချာရွေးချယ်ပါ။
(၄) Dry Shampooအသုံးပြုပါ
ဆံပင်မကြာခဏအဆီပြန်တာကလည်း ဆံပင်ပါးစေတဲ့အဓိကအချက်ပါပဲ။ Dry Shampoo မှာပါဝင်တဲ့ ဓာတ်ပစ္စည်းများက ဆံပင်အဆီပြန်တာကို ထိန်းချုပ်ပေးနိုင်ပြီး ဆံသားပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျန်းမာလှပစေတဲ့အတွက် သဘာဝအတိုင်း ဆံပင်အုံထူသယောင် ထင်ရစေပါတယ်။
(၅) ခေါင်းလျှော်ပြီးတိုင်း ဆံပင်ခြောက်အောင်သုတ်ပါ
ဆံသားများကိုအမြဲတမ်းသန့်ရှင်းနေအောင် တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်လောက် ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ဆံပင်ခြောက်သွေ့နေအောင် သုတ်ပေးပါ။ တဘတ်နဲ့ ရေတွေခြောက်အောင်သုတ်ပြီးမှ လေမှုတ်စက်ကိုအသုံးပြုပေးပါ။ ဆံပင်လေမှုတ်စက်ကိုအသုံးပြုတဲ့အခါမှာလည်း ဆံပင်အရင်းကစလို့ တဖြေးဖြေးအဖျားဖက်ကို ခြောက်သွေ့သွားအောင် လေနဲ့အခြောက်ခံပေးပါ။
နန်း(ရွှေအင်းလေး)