ဆံပင်အဆီပြန်ရခြင်းရဲ့အဓိကအကြောင်းအရင်း
shweinnlay.com
|
2018-11-25



မကြာခဏဆိုသလို ဆံပင်အဆီပြန်လွန်းတာကြောင့် ဆံသာထိန်းသိမ်းမှုတွေအမြဲပြုလုပ်နေတာကို ငြီးငွေ့နေပြီလား။ တခါတစ်ရံဆိုရင် ခေါင်းလျှော်ပြီးနာရီပိုင်းအတွင်းမှာပဲ ဆံပင်ကစေးကပ်ကပ်နဲ့အဆီပြန်တာကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ လျော့ပါးနေရပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဆံသားထိန်းသိမ်းမှုများက ဘာတွေလိုအပ်ချက်ရှိနေသလဲဆိုတာကို ဆန်းစစ်သိရှိနိုင်ဖို့အတွက် ဆံပင်အဆီပြန်ရခြင်းရဲ့အဓိကအကြောင်းအရင်းများကိုအခုပဲဖော်ပြပေးလိုက်ပါတယ်နော်။


(၁) ပုံမှန်ခေါင်းမလျှော်ခြင်း

မကြာခဏခေါင်းလျှော်တာက ဆံပင်ကျွတ်တယ်လို့ ထင်တဲ့သူတွေအနေနဲ့ ပုံမှန်ခေါင်းလျှော်ဖို့ကိုု တွန့်ဆုတ်နေတတ်ကြပါတယ်။ တစ်ပတ်ကို ၃ကြိမ်ပုံမှန်ခေါင်းလျှော်တာကအကောင်းဆုံးပါပဲ။ ခေါင်းကိုရေနဲ့သေချာ မလျှော်ဘဲ dry shampoo ကိုပဲအသုံးပြုပြီးအနံ့ပျောက်ရုံအတွက်သာအသုံးပြုတာလည်း မကောင်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဦးရေပြားမှာကပ်ငြိနေတတ်တဲ့ ဖုန်မှုန့်၊ ဘတ်တီးရီးယားပိုးမွှားများနဲ့ ဆဲလ်သေများကို ဖယ်ရှားသန့်စင်ဖို့အတွက် ဦးရေပြားကိုနှိပ်နယ်ပြီး ရေနဲ့သေချာခေါင်းလျှော်ဖို့ လိုပါတယ်။ dry shampoo များက ဦးရေပြားပေါ်ကအဆီပြန်စေတဲ့အညစ်အကြေးများကို မသန့်စင်ပေးနိုင်ပါဘူး။ ဒါ့ကြောင့် တစ်ပတ်ကို ၃ကြိမ်လောက်ခေါင်းသေချာလျှော်ပေးဖို့ မမေ့ပါနဲ့နော်။


(၂) လိုတာထက်ပိုပြီး ခေါင်းလျှော်ခြင်း

တစ်ပတ်၃ကြိမ်ထက်ပိုပြီးတော့လည်း ခေါင်းမလျှော်ပါနဲ့။ ဆံပင်စေးကပ်ကပ်နဲ့အဆီပြန်နေလို့ ခေါင်းမကြာခဏလျှော်တာက မှားယွင်းတဲ့အယူအဆပါပဲ။ လိုတာထက်ပိုပြီး ဦးခေါင်းနှိပ်နယ် ခေါင်းလျှော်တာကြောင့် ဦးရေပြားအဆီဂလင်းများ ပေါက်သွားပြီးအဆီပိုထွက်လာနိုင်တာကို သတိပြုဆင်ခြင်သင့်ပါတယ်။ ဒါ့ကြောင့် လိုတာထက်ပိုပြီး မကြာခဏခေါင်းလျှော်ခြင်းမျိုး ရှောင်ကြဉ်ပါ။


(၃) Hair Conditionerကိုမှန်မှန်ကန်ကန်မရွေးချယ်တတ်ခြင်း

ဆံသားမပျက်စီးဖို့အတွက် hair conditioner ကိုအသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲကဆံသားအခြေအနေပေါ်ကို မူတည်ပြီး သင့်တော်မှုရှိတာကို ရွေးချယ်အသုံးပြုတတ်ဖို့လည်း လိုပါသေးတယ်။အဆီပြန်တဲ့ဆံသားအတွက်၊ ခြောက်သွေ့ပျက်စီးတဲ့ဆံသားအတွက်ဆိုပြီး သီးသန့်ထုတ်လုပ်ထားတဲ့အထဲကမှ မှန်ကန်ရာကိုရွေးချယ်အသုံးပြုပေးပါ။ ဒါ့အပြင်အသုံးပြုရာမှာလည်း ဦးရေပြားကိုပွတ်လိမ်းစရာမလိုဘဲ ဆံသားအလယ်လောက်မှစပြီးအဖျားပိုင်းလေးပိုင်းအသုံးပြုဖို့ ဆံပင်ကျွမ်းကျင်ပညာရှင်များကအကြံပြုထားပါတယ်။


(၄) ရေပူနဲ့ခေါင်းလျှော်ခြင်း

ရေပူနဲ့ခေါင်းလျှော်တာက ဦးရေပြားဆဲလ်များကို ပျက်စီးစေတဲ့အပြင် ဆံသားခြောက်သွေ့မှုကိုပါ ဖြစ်ပေါ်စေတတ်တာကို သတိပြုသင့်ပါတယ်။ ဒါ့ကြောင့် ဆံပင်အဆီပြန်တာကို သက်သာပျောက်ကင်းချင်တယ်ဆိုရင်တော့ ရေပူနဲ့ခေါင်းလျှော်ခြင်းမျိုး ရှောင်ကြဉ်ပါ။အကြောင်းအမျိုးမျိုးကြောင့် ရေအေးနဲ့ခေါင်းမလျှော်ရဘူးဆိုရင်တော့အရမ်းမပူလွန်းတဲ့ ရေနွေးလေးနဲ့ပဲ လျှော်ပေးပါနော်။

နန်း(ရွှေအင်းလေး)




Some text some message..