Godzilla: King of Monsters ရုပ်ရှင် ရုံတင်တာလည်း တစ်ပတ်ကျော်သွားပါပြီ။အခုနောက်ပိုင်းထွက်တဲ့ ရုပ်ရှင်တွေအားလုံးလိုလိုပဲ ဒီကားဟာလည်း ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေကြားထဲမှာ သဘောထားကွဲလွဲမှုတွေခံခဲ့ရပါတယ်။ ဝေဖန်ရေးသမားတွေက ကောင်းတယ်ပြောရင်
ပရိသတ်တွေက မကြိုက်…ပရိသတ်တွေကြိုက်တဲ့ကားကို ဝေဖန်ရေးသမားတွေက ရှုတ်ချလိုက်တွေရှိတတ်ပေမဲ့ ဒီကားမှာတော့ တော်တော်ကြီးကို သဘောထားကွဲလွဲတာပါ။
![]()
Godzilla ရုပ်ရှင်က Monsterverse တစ်ခုကိုတည်ဆောက်နေတာဖြစ်ပြီးတော့ နောက်ပိုင်းမှာလည်း sequel ကားတွေထပ်ထွက်ဖို့အသင့်ရှိနေ
Godzilla ရုပ်ရှင်က Monsterverse တစ်ခုကိုတည်ဆောက်နေတာဖြစ်ပြီးတော့ နောက်ပိုင်းမှာလည်း sequel ကားတွေထပ်ထွက်ဖို့အသင့်ရှိနေပါသေးတယ်။အခုဇာတ်ကားကလည်း 2014 ကထွက်ရှိခဲ့တဲ့ Godzilla၊ 2017 မှာထွက်တဲ့ Kong: Skull Island တွေရဲ့နောက်ဆက်တွဲကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂေါ်ဇီလာလို Monster ကြီးတွေကို လိုက်လေ့လာနေတဲ့ Monarchအဖွဲ့ Godzilla နဲ့အတူ ဗီလိန်ကြီးဖြစ်တဲ့ Ghidorah ကြီးတို့ကိုရင်ဆိုင်ရတာပါပဲ။ ပြောရရင်တော့ ဇာတ်လမ်းပိုင်းမှာ လှည့်ကွက်လည်းမရှိဘူး။ ရှုပ်ထွေး ပွေလီနေတာမျိုးတွေလည်း မရှိပါဘူး။ တော်တော်ကြီးကို ရိုးရှင်းပါတယ်။ ဒီလိုရိုးရှင်းတဲ့အထဲမှာမှ တချို့ဇာတ်ကောင်တွေက Plot armor ကြောင့် မသေနိုင်တာကိုလည်း မြင်ရမှာပါ။ ဒါကြောင့်လည်း ဝေဖန်ရေးသမားတွေရဲ့အထင်ကြီးမှုကို မရခဲ့တာဖြစ်လောက်ပါတယ်။
ကောင်းကွက်ကတော့ ဂေါ်ဇီလာကားလို့ဆိုတဲ့အတိုင်း ဂေါ်ဇီလာတို့ Monsters ကြီးတွေအချင်းချင်းချတာကိုအားရပါးရမြင်ရတယ်။ ပရိသတ်တွေကလည်း ဒါကိုပဲကြည့်ချင်တာဖြစ်တဲ့အတွက် ဇာတ်လမ်းရိုးရှင်းပြီး ဂေါ်ဇီလာကြီးပွဲကြမ်းနေတာကိုမြင်ရတာ ဘာမှသိပ်ပြီး စိတ်အနှောက်အယှက်ဖြစ်စရာမရှိဘူး။ Fight Scene တွေကတော့ တကယ်သပ်ရပ်ပါတယ်။ CGI တွေလည်းအသေးစိတ်ပြင်ဆင်ထားတာသိသာပြီး
ဘာမှပြောစရာမရှိပါဘူး။ Soundtrack တွေသာ Pacific Rim လောက်ကြမ်းရင် ပိုပြီးကြည့်လို့ကောင်းမှာဖြစ်ပေမဲ့အခုတော့ နည်းနည်းလိုနေသေးသလိုခံစားရပါတယ်။
![]()
အကောင်ကြီးကြီးတွေ ဝုန်းဒိုင်းကြဲတိုက်နေကြတာကို ကြည်ကြည်လင်လင်မြင်ရလို့လည်းအားရဖို့ကောင်းပါတယ်
Cinematography ပိုင်းလည်း ကြည့်ပျော်ရှုပျော်ရှိပါတယ်။အကောင်ကြီးကြီးတွေ ဝုန်းဒိုင်းကြဲတိုက်နေကြတာကို ကြည်ကြည်လင်လင်မြင်ရလို့လည်းအားရဖို့ကောင်းပါတယ်။ 2014 Godzilla တုန်းက ဂေါ်ဇီလာကို သိပ်မတွေ့ခဲ့ရလို့ ဝေဖန်ခံရတာတွေကိုအခုတော့အပြည့်အဝပြန်ပေးဆပ်နိုင်ခဲ့တယ်။ Easter egg တွေအနေနဲ့လည်း Kong နဲ့ Skull Island ကိုလည်း ထည့်ထည့်ပြောသွားပါတယ်။
![]()
2014 Godzilla
Cast တွေကလည်း ဝါရင့်တွေကိုခေါ်သုံးသွားတဲ့အတွက် ထွေထွေထူးထူးအပြစ်ပြောစရာမရှိခဲ့ဘူး။ Stranger Things နဲ့ နာမည်ရလာတဲ့ Millie Bobby Brown လည်း ဒီကားမှာ ပရိသတ်တွေ ထပ်ပြီးအကြိုက်တွေ့နိုင်ပါသေးတယ်။ တချို့ကားတွေကအရမ်းကြီး နက်နက်နဲနဲခံစားဖို့မကောင်းပါဘူး။ ဟာသတွေလည်းအများကြီးထည့်ဖို့မလိုပါဘူး။ Godzilla လည်း ဒီလိုကားမျိုးထဲမှာ ပါမယ်ထင်ပါတယ်။ ရုပ်ရှင်ရုံကို ဂေါ်ဇီလာကြည့်ဖို့သွားမယ့်သူတိုင်းရဲ့စိတ်မှာ ဂေါ်ဇီလာကိုပဲမြင်ချင်မှာပါ။ ဒီမျှော်လင့်ချက်ကို ဒီကားကအပြည့်အဝပေးစွမ်းနိုင်ပါတယ်။
ပြီးပြည့်စုံတဲ့ရုပ်ရှင်တစ်ကားလားလို့မေးရင်တော့အဝေးကြီးပါ။ ဒီဇာတ်ကားရဲ့အနာအဆာတွေ၊ ဇာတ်လမ်းရိုးရှင်းမှုတွေနဲ့ plot armor တွေက တစ်ခါကြည့်ပြီးရင်မေ့လွယ်တဲ့ ကားထဲမှာ ပါစေပါလိမ့်မယ်။ ဒါပေမဲ့ ဂေါ်ဇီလာဇာတ်ကားဆိုတဲ့အတိုင်း ရုံထဲမှာ နှစ်နာရီစာလောက် Monsters တွေတိုက်ခိုက်တာကိုအဝကြည့်ရတယ်။ ဒီလိုကားမျိုးက ရုပ်ရှင်ရုံမှာ ပိုပြီးကြည့်သင့်တဲ့ကားဖြစ်ပြီး ပေးရတဲ့ပိုက်ဆံနဲ့လည်း တန်ပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ရုံမှာသွားကြည့်လိုက်ဖို့တိုက်တွန်းချင်ပါတယ်။
စိတ်မကောင်းစရာကေ ဂေါ်ဇီလာကို ပရိသတ်တွေအကြိုက်တွေ့ကြပေမမဲ့ ဝေဖန်ရေးဆရာတွေရဲ့ ရှုတ်ချမှုတွေကြောင့် ရုံဝင်ငွေမှာ မျက်နှာပန်းမလှခဲ့ရှာပါဘူး။ ဒါဟာ Monsterverse ပရိသတ်တွေအတွက် စိုးရိမ်စရာပါပဲ။ Warner Bros ကအမြတ်မရရင် ဘာမှမလုပ်တဲ့နေရာမှာ သိပ်ပြီးနာမည်ကြီးလွန်းလို့ပါ။ ဒီကားကြည့်ပြီးရင် Kong Vs Godzilla ကိုတော့ ပိုပြီးကြည့်ချင်စိတ်ဖြစ်သွားမှာအမှန်ပါ။ ဒါကြောင့် Monsterverse ကြီးကိုတော့အနည်းဆုံး နောက်တစ်ကားလောက် ထပ်ထွက်စေချင်ပါသေးတယ်။
Nyi Min Tun (ရိုးရာလေး)