![]()
မြန်မာသီချင်းတွေကို ချစ်စရာအသံလေးနဲ့ သီဆိုတတ်တဲ့ ကိုရီးယားသူလေးဟာ မြန်မာအိုင်ဒေါမှာ သီချင်းဆို ဝင်ပြိုင်ဖို့အတွက်အထိ ရည်မှန်းထားတယ်လို့ သိရပါတယ်။ သူမဟာ မြန်မာပြည်ကို ချစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့အပြင် မြန်မာသီချင်းတွေကို ပိုင်ပိုင်နိုင်နိင် သီဆိုနိုင်ပါတယ်။
သူမဟာ ၂၀၁၇ခုနှစ်မှာ မြန်မာပြည်ကိုရောက်လာခဲ့ပြီး KOICAမှာ volunteerလုပ်ရင်းနဲ့ မြန်မာစာသင်ခဲ့တယ်။ ထို့နောက် မြန်မာနိုင်ငံက သူမအတွက်အချစ်ဦးဖြစ်ခဲ့ပြီး မြန်မာစာကို သင်ရတာ ပျော်ရွင်တာကြောင့် ပိုပြီးတော့ လေ့လာခဲ့ပါတယ်။အခုဆိုရင် မြန်မာသီချင်းတော်တော်များများကို ပီပီပြင်ပြင် သီဆိုနိုင်နေပါပြီ။
အသက် ၂၆ နှစ်အရွယ် ကိုရီးယားမလေး က “ဘန်နီဖြိုးသီချင်းတွေကို ဆိုလေ့ရှိပြီး ဘန်နီဖြိုးကိုလည်း တွေ့ဖူးချင်တယ်၊ ကိုရီးယားကို လာရင် ကူညီချင်တယ်လို့ ဆိုပါတယ်။ မြန်မာဆရာမက သူမကို နီနီခင်ဇော်ရဲ့ “မျှော်လင့်ချက် တစ်စုံတစ်ရာ” သီချင်းကို သင်ပေးခဲ့ပြီးအဲသီချင်းဟာ သူမအတွက် ပထမဆုံး သိခွင့်ရတဲ့ မြန်မာသီချင်း ဖြစ်ခဲ့ပါတယ်။ ”
“အဲ့ဒီသီချင်းက မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုုကြည်က သူအရမ်းအခက်အခဲကြုံခဲ့ရတဲ့အချိန်၊ မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့အချိန်နဲ့ ပက်သက်ပြီးရေးထားတယ်ဆိုတာကို သိခဲ့ရတယ်။အရင်နှစ် ကျွန်မမြန်မာပြည်မှာ ရောက်နေတုန်းက ကျွန်မအခက်အခဲတွေကြုံရတိုင်း ဝမ်းနည်းတဲ့အချိန်တိုင်းအဲ့ဒီသီချင်းကိုအမြဲဆိုခဲ့တယ်။ မြန်မာသီချင်းတွေက ကျွန်မကိုအမြဲ ခွန်အားတွေ ပေးခဲ့တယ် ” လို့ သူမက ဆိုပါတယ်။
သူမအကြိုက်ဆုံးအဆိုတော်တွေကတော့ မြန်မာနိုင်ငံမှ နာမည်ကြီးအဆိုတော် ဖြစ်တဲ့ နီနီခင်ဇော်၊ ဖြိုးပြည့်စုံ၊ ထူးအယ်လင်း၊ ဇာနည်၊ မျိူးကြီး၊ ဝဏ္ဏ တို့ကို ဖြစ်တယ်လို့ ဆိုပါတယ်။
သူမဟာ ကိုရီးယားလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေပေါင်းထားတဲ့ music band တစ်ခုလုပ်ပြီး သီချင်းတွေတီး သီချင်းတွေ ဆိုချင်တယ် သိရပြီး နီနီခင်ဇော်နဲ့လည်း တွဲဖက်ပြီး သီချင်းတွေ ဆိုချင်တယ်လို့ ဆိုပါတယ်။ နောက် မြန်မာအိုင်ဒေါမှာလည်း ဝင်ပြိုင်ခွင့်ရချင်တယ်လို့ သူမက ဆိုပါတယ်။
အခုဆိုရင် ကိုရီးယားသူလေးဟာ
Korean Girl Loving Myanmar Songs
ဖေ့စ်ဘုတ်ပေ့မှ သူမကိုယ်တိုင်ဆိုထားတဲ့ မြန်မာ သီချင်းလေးတွေကို တင်ပေးနေပြီးအားပေးသူ Follower ၁၇၀၀၀ ကျော်ရှိနေပါတယ်။