၁၉၇၁ ဧပြီနွေရက် တစ်ရက်မှာ သူ့ကို မွေးဖွားခဲ့တယ်။ မိဘတွေက ကျေးဇူးကြီးမားတဲ့အကြောင်း သူဖွင့်ဟခဲ့တယ်။
၁၉၈၈ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး ရှုတ်ထွေးခဲ့တဲ့ မြန်မာ ပညာသင်နှစ်တစ်နှစ်။အဲဒီနှစ်မှာ သူ သီချင်းစရေးတယ်။
၁၉၉၀ ဂီတအစည်းရုံးရဲ့အသိမှတ်ပြုမှုနဲ့အနုပညာရှင်တစ်ယောက်ရဲ့ ဘဝကို သူ စတင်ခဲ့တယ်။
၁၉၉၄ နှလုံးသားစေရာလွင့်ပြီးအပျော်အပါးတွေကြား ရူးသွပ်စွာနဲ့ သီချင်းတွေကို သူ ဖန်တီးသီဆိုခဲ့တယ်။ လူငယ်တွေ သူနဲ့အတူ မြူးခဲ့ကြတယ်။
၁၉၉၈အဟောင်းဆုံးတေးများနဲ့အဲဒီနှစ်ကို သူ မှတ်ရနေခဲ့တယ်။
၂၀၀၁ “ကျနော် နာမည် မျိုးကျော့မြိုင်ပါ။ ၇မိုင်မှာနေပါတယ်။” ဆိုပြီးအရိုးသားဆုံး သီချင်းတစ်ပုဒ်ကို ပရိသတ်တွေနဲ့ သူ မိတ်ဆက်ပေးခဲ့တယ်။ ကျနော် နာမည် ဘယ်သူပါလို့ လူတိုင်းပါစပ်ဖျား စွဲခဲ့ရတယ်။
၂၀၁၀ ဝန်းကျင်နှစ်တွေအထိအချစ်သီချင်းတွေ သူ ရေးနေဆဲ။ မိုးတွေရွာတိုင်း သူရဲ့မိုးသီချင်းတွေနဲ့ လူတိုင်းဆွေးလို့ မေ၃၁ တိုင်းမှာ စိတ်တွေလေခဲ့ရတယ်။
၂၀၁၉ လူငယ်တွေကို Sorry ပါလို့ ၄၈ နှစ်ရွယ် မျိုးကျော့မြိုင်က ဖွင့်ဟသွားတယ်။အဲဒီနှစ်ရဲ့ မိုးတွေရွာနေတဲ့ ရက်သတ္တပတ်တစ်ခုမှာ MODAအဖွဲ့သားတွေနဲ့ တွေ့ဆုံပြီး MODA ART ကဏ္ဍမှတဆင့် သူ့ရဲ့အနုပညာအတွေးအမြင်တွေကို ဝေမျှပေးသွားတယ်။
![]()
မိုးရာသီဆိုတော့ မိုးသီချင်းတွေနဲ့ စလိုက်ရအောင်။ မိုးနဲ့ ပတ်သက်ပြီး ဘာသီချင်းတွေရေးခဲ့လဲ။
မိုးတွေရွာနေချိန်ခဏ၊ မိုးလေးဖွဲတုန်း၊ မေ ၃၁ ၊ ထစ်ချုန်းမိုး စတာတွေ။
ဘယ်လို inspiration မျိုးကြောင့် မိုးသီချင်းတွေကို ရေးဖြစ်ခဲ့လဲ။
ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရာသီဥတုက ကွဲကွဲပြားပြား (၃)မျိုးရှိခဲ့တယ်။ နွေရယ်၊ မိုးရယ်၊ ဆောင်းရယ်ပေါ့။ ဒီဘက်နေ့တွေ မှာကျတော့ ရာသီဥတုက နည်းနည်းရောသွားပြီ။ ကျွန်တော်တို့ ခပ်ငယ်ငယ်က ဆောင်းတွင်းကို ကြိုက်တယ်။ ဆောင်းတွင်းမှာအပြင်တွေထွက်တယ်။ ဒါပေမယ့် မိုးတွင်းမှာ ပိုပြီးတော့ စိတ်ကူးယဉ်ကြတယ်။အဲဒီလို စိတ်ကူးယဉ်ပြီး မိုးသီချင်းတွေကို ရေးဖြစ်သွားတာပါ။
မိုးရာသီနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြားအမှတ်တရမျိုးရှိလား။
လူတိုင်းမှာတော့ မိုးရာသီနဲ့ ပတ်သက်တဲ့ ခံစားချက်တွေရှိပါလိမ့်မယ်။ ကျွန်တော်မှာလည်း ရှိပါတယ်။အဲဒီရာသီနဲ့ ပတ်သက်ပြီး တော်တော်များများတော့ ရှိပါတယ်။ ထင်ထင်ရှားရှားအမှတ်တရဆိုရင် မိုးလေးဖွဲတုန်း ကိုအခုလို မိုးဖွဲဖွဲလေးကျနေတဲ့အချိန်မှာ ရေးခဲ့တယ်။
မေ ၃၁ ကရော။
မေ ၃၁ က ကျွန်တော်တို့ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ မိုးတွေရွာတဲ့အကြောင်းကို ရေးခဲ့တာဖြစ်တယ်။ မိုးအကြောင်း ဆိုပေမယ့်အဓိကကတော့အဲဒီတုန်းက တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ပျက်ကို ရေးခဲ့တာ။ မေ ၃၁ က ကျွန်တော်တို့ ကျောင်းနေဖက် သူငယ်ချင်းတွေကြားမှာ ရှိတဲ့အမှတ်တရနေ့ပါ။
သီချင်းတွေကို ဖန်တီးတိုင်း planအသေအချာ ချပြီးမှ လုပ်လေ့ရှိတယ်ပြောဖူးတယ်။ ဘာကြောင့်များလဲ။
ကျွန်တော်တို့အနုပညာသမားဆိုတာက လူတွေကို entertain လုပ်တာ။အဲဒီလို entertain လုပ်ရင်းနဲ့ လူတွေအတွက်အကျိုးရှိတဲ့ message ပါရမှာဖြစ်တယ်။အဲဒီလို message တွေကို ကျွန်တော်ရဲ့ သီချင်းထဲမှာ ထည့်ပြီးပြောတဲ့ သဘောပါ။ ကိုယ်ပြောချင်တာက ဘာလဲ၊ ဘယ်လိုအကြောင်းအရာမျိုးနဲ့ စပြီး ဆုံးမလဲ၊ လူတွေအတွက် ဘာကျိုးရှိစေမလဲ ဆိုတာတွေကို ခွဲခြားပေးရတာပေါ့။အဲဒီ သီချင်းတွေကို နားထောင်ပြီး နားလည်သွားတဲ့ ပရိသတ်တွေက ဘာအကြောင်းရာလဲ ဆိုတာ သိတယ်။အခုနောက်ပိုင်း ဒီမှာအားနည်းတာက message တွေသိပ်မပါဘူးလို့ မြင်တယ်။
သီချင်းထဲမှာ တွေ့ရတဲ့ ဇာတ်ကြောင်းပြောသူဟာ ကိုမျိုးကျော့မြိုင်ကိုယ်တိုင်လား။ ဇာတ်ကောင်တစ်ခုခုကို ဖန်တီးပြီး ပြောခိုင်းတာလား။
ကျွန်တော် ကိုယ်တိုင်ပဲ။
Stuffs they don’t want you to know သီချင်းကတဆင့် ပရိသတ်တွေကို ဘာအကြောင်းပြောချင်တာလဲ။
ကိုယ်တွေနေထိုင်တဲ့ နေရာကအနေကြာတာများလာလေလေ ပိုပြီးရင်းနှီးလာရမယ်။ ဒါပေမယ့် တကယ်တမ်းမှာ ကျွန်တော်တို့ဟာအဲဒါတွေနဲ့ ပိုပြီး သူစိမ်းဆန်လာခဲ့တယ်။အသက်ကြီးလာရင်တော့ တဖြည်းဖြည်းနဲ့ နားလည်လာလိမ့်မယ်။ “ ကိုယ်နေထိုင်တဲ့မြို့လေးက ကိုယ့်မြို့ မဟုတ်တော့ သလိုပဲ။ ပတ်ဝန်းကျင်မှာလည်း လူအသစ်တွေ…” ကျွန်တော့် သီချင်းထဲမှာ ပြောထားတဲ့အဲဒီ ခံစားချက်တွေကို လူတိုင်းကြုံတွေ့ရမှာပဲ။အခုလို မရင်းနှီးတော့သလို ခံစားရပြီဆိုရင် ကိုယ်ဟာ တဖြည်းဖြည်းနဲ့အားလုံးရဲ့အဝေးကို ရောက်လာပြီ ဆိုတာ သိရမယ်။ ဒီလို မဝေးကွာချင်ရင် society နဲ့အသားကျအောင် ပြန်နေရမယ်။ Community တွေတည်ဆောက်ရမယ်။ သီးသန့်ကြီးနေရင်တော့ ကိုယ်တစ်ယောက်တည်း ဖြစ်သွားမှာအသေချာပဲ။
ပြီးတော့ နောက်ထပ်ပြောချင်တာက လူတွေဟာ ကိုယ့်ရဲ့ ဘဝထဲမှာ နိစ္စဓူဝအလုပ်တွေလုပ်ပြီးအဆင်ပြေနေကြတော့ ကိုယ့်အသိပညာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်သိနေပြီလို့ ထင်နေကြတယ်။ တကယ်တော့ ကျွန်တော်တို့ မသိသေးတဲ့အရာတွေအများကြီး ရှိပါသေးတယ်။အဆင်ပြေနေကြတော့ တကယ်အမှန်တရားက ဘာလဲဆိုတာ ထပ်ပြီး မရှာဖွေကြတော့ဘဲ မေ့လျော့ပြီး နေထိုင်နေကြတယ်။အဲဒါကြောင့် Stuffs they don’t want you to know ဆိုပြီး ပေးမသိစေချင်တဲ့အမှန်တရား တွေကို မြင်တတ်ဖို့ သီချင်းထဲ ထည့်ဆိုထားတာပါ။
![]()
လူငယ်တွေ Sorry ပါလို့ ပြောတဲ့အကြောင်းရင်ကရော။
တစ်ချို့တွေက ဒါကို No ပါ၊ မင်းတို့အတွက် မဟုတ်ဘူး sorry ဆိုတဲ့ သဘောမျိုး ထင်နေကြတယ်။ ကိုယ့်ကြောင့် တစ်ခုခုဖြစ်သွားလို့ sorry ပါလို့ပြောတဲ့ သဘောပါ။ တကယ့်အဓိပ္ပာယ်ကအဲဒီလို မဟုတ်ဘူး။ နောင် လူကြီးဖြစ်လာမယ့် လူငယ်တွေကို တွေးမိလိုက်တိုင်း စိတ်ပူမိတယ်။ သူတို့တွေအများကြီး ဖြတ်ကျော်ရဦးမယ်။ ကိုယ်တွေလုပ်ခဲ့တဲ့အရာတွေရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကို သူတို့ ခံစားရနိုင်တယ်။အဲဒီအတွက် ကျွန်တော် က sorry ပါလို့ ခြုံပြောလိုက်တာပါ။
ဒီ လူငယ်တွေ Sorry ပါဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးအရွယ်တူ လူကြီးတွေကိုရော ဘယ်လိုမျိုး message ပေးချင်လဲ။
ဒီ sorry ပါက ကျွန်တော်ရဲ့ ကိုယ်ပိုင်အတွေးအမြင်တစ်ခုပါ။ ကျွန်တော်တို့အရွယ်ရောက်လာရင် လူတွေက ကိုယ်လုပ်ခဲ့တဲ့ ဟာတွေကို ပြန်ပြီး recall လုပ်မိလိမ့်မယ်။အဲဒီမှာ ပီတိဖြစ်ပြီး ကြည်နူးရတာတွေလည်း ရှိသလိုအပြစ်မကင်းသလို ခံစားရတာတွေကိုလည်း တွေးမိနိုင်တယ်။ ဒီလိုအချိန်မျိုးက တစ်ချိန်မဟုတ် တစ်ချိန် ရောက်လာမှာပဲ။အခုလိုမျိုး ခံစားရတာတွေကို ထုတ်ပြောတဲ့သူ ရှိသလို စိတ်ထဲမှာပဲ ထားထားတဲ့သူလည်း ရှိမှာပါ။အပြင်ထုတ်ပြောတာကို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်အကုန်လုံးမှာအဲဒီအတွေ့အကြုံတွေ ရှိတယ်လို့ ကျွန်တော်ပြောရဲတယ်။
ဒီ သီချင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဘယ်လိုမျိုးတုန့်ပြန်ကြလဲ။
ကျွန်တော်တို့အရွယ် တစ်ချို့တွေက ဘာဖြစ်လို့ ကလေးတွေကို sorry လို့သွားပြောနေမှာလဲ။ ဒါကို ကြည့်ရရင် လူကြီးတွေက ကလေးတွေကို please လုပ်စရာမလိုဘူးဆိုတဲ့အတွေးမျိုး သူတို့မှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီလို ပုံစံမဟုတ်တော့အဲဒီမှာ သူတို့နဲ့ နည်းနည်း ကွဲပြားသွားတာပေါ့။အတူတူ ရှေ့ဆက်မယ့်လမ်းမှာအခက်အခဲတွေအတွက် sorry လို့ပြောရမှာ ကျွန်တော် ဝန်မလေးဘူး။ လူကြီးနဲ့ လူငယ်က တစ်ယောက်ကို တစ်ယောက် ရှိန်နေကြတယ်။ တစ်ဖက်ဖက်ကသာ စပြီး please လုပ်လိုက်ရင်အားလုံးအဆင်ပြေသွားမှာပါ။
လူငယ်ဘဝတုန်းက လူကြီးတွေပေါ်ထားတဲ့ သဘောထားနဲ့ လူကြီးဖြစ်သွားတော့ လူငယ်တွေကို မြင်တဲ့အမြင်။
ကျွန်တော် ငယ်ငယ်တုန်းကတော့ လူကြီးတွေကို ပေါင်းလည်းပေါင်းချင်တယ်။ ရှိန်လည်းရှိန်တယ်။ ကိုယ်လုပ်ချင်တာကို ပေးမလုပ်မှာလဲ စိတ်ပူတယ်။ လူငယ်နဲ့ လူကြီးကြားမှာ ချိတ်ဆက်ပေးမယ့် တစ်ခုခုက လိုနေတာပါ။ လူကြီး ဖြစ်လာတော့ ကိုယ်နဲ့အဆင်ပြေနိုင်မယ်ထင်တဲ့ လူငယ်တွေကို ကျွန်တော်ဘက်က စပြီး communicate လုပ်တယ်။ တစ်ယောက်ယောက်ကသာအရင်စလိုက်ရင် တခြားတစ်ယောက်ကလည်း ပြန်ပြီး ပြောလာမှာပဲ။ ကိုယ်ဘက်ကအရင်စလိုက်တော့ မြန်မြန်အဆင်ပြေသွားတာပေါ့။ လူကြီးတွေဘက်ကအရင်လျှော့သင့်တယ်လို့ ထင်တယ်။ လူကြီးတွေက လူငယ်ဘဝကို ဖြတ်ကျော်ခဲ့ဖူးပြီးသားလေ။ သူတို့ ဘာအခက်အခဲ ဖြစ်နိုင်လဲ ဆိုတာ လူကြီးတွေသိနေတာပဲ။
![]()
Generation နှစ်ခုစာရဲ့အထက်မှာ ကိုယ်တိုင် လူကြီးတစ်ယောက် ဖြစ်နေရတာကို ဘယ်လိုမြင်လဲ။
ကျွန်တော်အသက်ကြီးလာတော့ ငယ်တဲ့သူတွေကိုအတွေ့အကြုံအရ လိုအပ်တာတွေကို ပြောပြပေးလို့ရတာပေါ့။ ပြီးတော့ ကျွန်တော်ကအသက်ကြီးရတာကို ကြိုက်တယ်။ လူတွေက တဖြည်းဖြည်းနဲ့ ရင့်ကျက်လာရမယ်။ ကိုယ်ရဲ့ စိတ်နဲ့အတွေးအခေါ်တွေကို မြင့်သထက်မြင့်အောင်လုပ်ရမယ်။ သဘာဝအရ ကျွန်တော်တို့က ရပ်တန့်နေလို့ မရဘူးလေ။
Generation က တစ်ခုနဲ့ တစ်ခု ပိုပြီးနီးစပ်လာတော့အနာဂတ်မှာ လူကြီးနဲ့ လူငယ်ဟာ တသားတည်းဖြစ်သွားမယ်ထင်လား။
ကျွန်တော်က ဒီလို ဖြစ်သွားမယ်လို့ မထင်ဘူး။ Generation by Generation သွားနေတာဆိုတော့အရင်မျိုးဆက်တစ်ခုရဲ့ လူနေမှုပုံစံ ဆိုးကျိုးတွေကို နောက်မျိုးဆက်တစ်ခုမှာ ထပ်မဖြစ်အောင် လူကြီးတွေက တားဆီးမယ်။ ပိတ်ပင်မယ်။ လူငယ်တွေက ဘာကြောင့် မလုပ်ရမှာလဲဆိုပြီး ပြန်ပြောကြမယ်။အဲဒီလူငယ်တွေ လူကြီးဖြစ်လာတဲ့အခါ သူတို့ရဲ့အတွေ့အကြုံအရ မကောင်းဘူးထင်တာတွေကို နောက်မျိုးဆက် တစ်ခုကို မလုပ်မိဖို့ ထပ်တားဆီးမယ်။ ဒီလိုနဲ့ပဲ တစ်လှည့်ပြီး တစ်လှည့်သွားနေမှာပါ။
Generation X မှာ မျိုးကျော့မြိုင်ရဲ့ turning point တွေကို ၂၀၀၁အထိတွေ့ရတယ်။အဲဒီနောက်ပိုင်း မျိုးကျော့မြိုင်ကရော ဘယ်လို direction နဲ့သွားနေခဲ့လဲ။
ဒီသီချင်းထဲမှာပါတဲ့ turning point တွေက ကျွန်တော်ရဲ့ ထင်ထင်ရှားရှားရှိခဲ့တဲ့ သက္ကရာဇ်တွေပါ။ ၂၀၀၁ မှာ ကျွန်တော်နာမည် မျိုးကျော့မြိုင်၊ ၇မိုင်မှာနေပါတယ်နဲ့ ဖြတ်ချခဲ့ပြီး လူကြီးတွေအနေနဲ့လည်း လူငယ်တွေယုံပြီးအေးအေးဆေးဆေး နားလို့ရသွားပြီ။ ပြီးတော့ လူငယ်တွေဆီအသိပညာတွေ မျှဝေပေးရင်း ဘဝကိုအေးအေးဆေးဆေး ဖြတ်ကျော်သွားမယ် ဆိုပြီး ပြောထားတာပါ။ ၂၀၀၁ နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် settlement ဖြစ်သွားပြီးအခုထိ ဒီပုံစံနဲ့ ကျွန်တော်ရဲ့ နေ့တွေကိုအေးအေးဆေးဆေး ဖြတ်ကျော်နေပါတယ်။
ဖြတ်ကျော်ခဲ့ပြီးတဲ့ သက္ကရာဇ်တွေထဲမှာမှအစ်ကိုအကြိုက်ဆုံး နှစ်ပိုင်းခြားတစ်ခုက ဘာဖြစ်မလဲ။
အခုရောက်နေတဲ့ နှစ်တွေ၊ ၂၀၁၂ နောက်ပိုင်းနှစ်တွေကို ကြိုက်တယ်။အဲဒီနောက်ပိုင်းအခုလက်ရှိရောက်နေတဲ့အချိန်ကို moments of glory (ရွှေရောင်နေ့ရက်များ) ဆိုပြီး ကိုယ့်ကိုယ်ကိုယ် တင်စားမိတယ်။ ကိုယ်လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးအကျိုးပြန်ခံစားနေရတာတွေ၊ လုပ်ခဲ့တဲ့အရာတွေအပေါ်မှာ ဆက်ပြီး လုပ်နေနိုင်သေးတာတွေကနေ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကြောင့် ဖြစ်မယ်ထင်တယ်။
လူငယ်မျိုးကျော့မြိုင်ကနေ လူကြီးမျိုးကျော့မြိုင်အထိ ဖန်တီးမှုတွေကို ဟောင်းနွမ်းမသွားအောင် ဘာနဲ့ ထိန်းထားလဲ။
Talent က ဒါကို ထိန်းထားတယ်လို့ ယူဆမိတယ်။ ဒီ Talent ကို ကြာကြာခံအောင်ကတော့ ကိုယ့်ကိုယ်ကိုယ်အမြဲစောင့်ကြည့်ပြီး ထိန်းသိမ်းနေရမယ်။ ပြုတ်ကျသွားတဲ့အချိန်ရှိသလို ပြန်ထတဲ့အချိန်လည်းရှိရမှာ ဖြစ်တယ်။ ကိုယ့်ရဲ့အနုပညာနဲ့ ဖန်တီးမှုကို ပရိတ်သတ်ရင်ထဲ ရောက်အောင် ကြိုးစားထားရင် ကိုယ် ဆိုးတာတွေ၊ ကောင်းတာတွေကို သိပ်မမှတ်နေတော့ဘူး။ သူတို့ရဲ့ စိတ်ထဲမှာအနုပညာကိုသာအမှတ်ရနေမှာပါ။ ဒါက ကျွန်တော်ရဲ့ technique လို့ပြောရင် ရတယ်။အစကတော့ မသိဘူး။ နောက်ပိုင်း လုပ်ရင်းနဲ့ သိလာပြီးအဲဒါကိုလက်ခံသွားတယ်။
![]()
အသက်ကြီးလာတဲ့ နောက်ပိုင်းမှာရော သီချင်းဖန်တီးမှုတွေကို ရပ်တန့်သွားလိမ့်မလား။
ကျွန်တော်ကတော့ နေ့တိုင်းအပျော်ဆိုလည်း တီးမိနေတာပဲလေ။အဆက်ပြတ်သွားတာ ရယ်လို့မရှိပါဘူး။ တကယ်တော့အနုပညာဆိုတာက သူ့အရွယ်နဲ့ သူလုပ်ရတာပါ။ သူ့ Generation နဲ့ သူလုပ်ရတာဆိုတော့ ကျွန်တော်တို့မှာအရှေ့ထွက်ခဲ့ရတဲ့အချိန်တွေရှိသလိုအနောက်ကနေ ဖန်တီးပေးပြီး မျိုးဆက်သစ်တွေကို မြေတောင်မြောက်ပေးတာတွေ၊ music producer လုပ်ရတဲ့အချိန်တွေလည်း ရှိပါတယ်။အရွယ်လည်း ရောက်လာပြီဆိုတော့ ကိုယ်ကအနုပညာနဲ့ ပတ်သက်တာတွေကို ဖန်တီးနေပေမယ့်လည်းအရှေ့ကိုတော့ ထွက်ချင်မှ ထွက်မှာပေါ့။ ဒီ သီချင်းဖန်တီးမှုတွေကိုတော့အမြဲတမ်းလုပ်နေမှာပါ။
အခုခေတ် ဂီတယဉ်ကျေးမှုကို ဘယ်လို ခေါင်းစဉ်တပ်လိမ့်မလဲ။
ကျွန်တော်အတွက်တော့ ဒီနေ့ခေတ်က နှစ်ပတ်ပြန်လည်တယ်လို့ ဆိုရမှာပဲ။အခုခေတ်ဆိုရင် Pop ၊ Rock ၊ Hip Hop တွေအပြင် သူတို့ကနေ ပေါင်းစပ် ခွဲထွက်လာတဲ့ ဂီတအမျိုးအစားတွေကိုလည်းအများကြီးတွေ့ရတယ်။ ဒါပေမယ့်အကုန်လုံးခြုံကြည့်လိုက်ရင် music form က နှစ်မျိုး၊ သုံမျိုးထက်မပိုဘူး။ နာမည်အရသာ ကွာနေကြတာပါ။ ကျွန်တော်တို့တုန်းက electronic ဆိုရင်ကအခုက EDM ။အခုခေတ် category ကို ကျွန်တော်တို့ ဟိုးငယ်ငယ်က သီချင်းတွေခေတ်ဆိုပြီး ပြောရင် ရတယ်။ စတိုင်တွေသာ ပြောင်းသွားတာ။ သီချင်းပုံစံက သိပ်မပြောင်းဘူး။အဲဒီမှာ နည်းနည်းလေး ကွဲပြားသွားတာလေးတွေတော့ ရှိပါတယ်။ Rock music တွေပဲ ခေတ်ထသွားတဲ့အချိန်ဆိုတာအမြဲမရှိနေဘူး။ တစ်ချိန်တည်းမှာပဲ တခြား music တွေလည်း ရှိနေတယ်။ ဒီတစ်ခေါက် Rock တွေ top ten ဝင်သွားပြီးရင် သိပ်မကြာဘူး။ နောက်တစ်ခေါက်ဆိုရင် Hip Hop တွေဝင်လာလိမ့်မယ်။အဲဒါတွေပဲ တစ်လှည့်ပြီး တစ်လှည့် လည်နေကြတာပါ။
ခုလိုနှစ်ပတ်လည်တဲ့ ခေတ်ကို ဘာခေတ်လို့ ပြောချင်လဲ။
အခုက Kpop ခေတ်ဆိုပြီး ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်တဲ့ music တွေကတော့ ရှိတယ်။ Kpop ကအခုမှအသစ်အနေနဲ့ ဝင်လာတယ်။ ပြောရမယ်ဆိုရင် new age style ပေါ့။ ကျွန်တော် နားလည်သလောက် ပြောရရင် သူက ကျန်တဲ့ music တွေကို ဦးဆောင်သွားမှာ။ Kpop က စဝင်လာကတည်းက strategy ကအရမ်းကောင်းတယ်။ Supporting လည်းကောင်းသလို management လည်းအရမ်းကောင်းတယ်။ ပြီးတော့ သူတို့လူမျိုးထဲကနေ ဖောက်ထွက်လာတဲ့ music ပုံစံမျိုးဆိုတော့ ပိုအားကောင်းတယ်။အရင်တုန်းက Hip Hop နဲ့ R&B တွေအာဖရိကန်နွယ်တွေကနေ ဖြစ်ပေါ်လာသလိုမျိုးပေါ့။အဲဒီ Kpop ကလည်းအရှိန်ကောင်းကောင်းနဲ့အရှေ့ကို ဆက်သွားဦးမှာ ဖြစ်တယ်။
Culture တစ်ခုလိုမျိုးကို ဖြစ်သွားနိုင်လား။
ဟုတ်တယ်။ သူတို့က music trend တစ်ခုတည်းအနေနဲ့တောင်မဟုတ်ဘဲ culture တစ်ခုအဖြစ်နဲ့ပါ ဆက်သွားလိမ့်မယ်။ သူတို့က တစ်ကမ္ဘာလုံးကိုတောင် လွှမ်းမိုးသွားဖို့အခြေအနေရှိတယ်။ လွှမ်းမိုးနေပြီလို့တောင် ဆိုရမယ်။အခုခေတ် ဟောလိဝု ရုပ်ရှင်တော်တော်များများက ဇာတ်ကောင်တွေကြားမှာ Korean character တစ်ခုအမြဲပါနေတာကို ကြည့်ရင် သိနိုင်ပါတယ်။
မြန်မာပြည်မှာ ရှိပြီးသား ဂီတတွေကိုပဲ တီးဆိုကြတဲ့ guitarist ၊ pianist ၊ singer တွေလိုမျိုးပဲရှိပြီးအသစ်ဖန်တီးတဲ့ musician မရှိသလောက်ရှားတယ်လို့ ဝေဖန်ရင် ဘယ်လိုတုန့်ပြန်မလဲ။
ဂီတပညာရှင်အနေနဲ့က မရှားဘူး။ ဒါပေမယ့် ကျွန်တော်တို့က register မလုပ်ထားတဲ့ လူတွေလိုမျိုးဖြစ်နေတယ်။ ပညာပိုင်းအနေနဲ့လည်း တတ်ကြတယ်။ သိကြတယ်။ ဒါပေမယ့် နိုင်ငံတကာကို ရင်ဘောင်တန်းဖို့ဆိုတာကအားနည်းနေသေးတယ်။ ဘာကြောင့်အားနည်းနေလည်း ပြောရရင် ဒီကအနုပညာ သက်တမ်းက တိုရတဲ့အထဲအနုပညာကို စနစ်တကျလုပ်ဖို့ manage လုပ်ပေးမယ့်အေးဂျင့်တွေ မရှိဘူး။ ဒါတွေအတွက် ပြိုင်ပွဲတွေလည်း မရှိဘူး။ ဒီလိုမျိုး ဘာမှမရှိပဲ ကိုယ်ဘာသာ ရုန်းကန်ရတော့ တခြားတိုင်းပြည်တွေထက်အမြဲနောက်ကျ ကျန်ခဲ့ရတယ်။
ပြီးတော့ ကျွန်တော်တို့ရဲ့ တိုင်းပြည်အခြေအနေကြောင့် ကိုယ်ကအင်တာနေရှင်နယ်အထိ သွားဖို့အချိန်ပေးမလား စားဝတ်နေရေးကို ဦးစားပေးမလား ဆိုတာကလည်းရှိသေးတယ်။ ဒီလို ဘဝရှင်သန်ဖို့အတွက် ရွေးချယ်ရတဲ့အခါမှာ musician တွေက မမှေးမိန်သင့်ပဲ မေးမှိန်ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့အနီးဆုံး နိုင်ငံကို ကြည့်ပြီးပြောရရင် ဘန်ကောက်မှာဆိုအဲဒီအတွက် association ရှိတယ်။ community တွေရှိတယ်။ ပညာတွေသင်ကြား ပို့ချပေးတဲ့ education system တွေလည်းရှိတယ်။ ကျွန်တော်နိုင်ငံမှာတော့အဲဒီလိုတွေမရှိဘူး။အခုမှ စပြီးလုပ်နေကြတုန်းပါ။ ကျွန်တော်တို့ရဲ့အနုပညာနဲ့ ပတ်သက်တဲ့ copyright ဆိုတာက မနေ့တစ်နေ့ကမှအကောင်အထည်ဖော်ခဲ့တာ။အရှေ့တက်ဖို့ သိပ်အလှမ်းဝေးသေးတော့ ရှိနေတဲ့ ဂီတပညာရှင်တွေက မှေးမိန်နေခဲ့ရတာပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိ ကိုယ်ပိုင် သံစဉ်ဖန်တီးမှုကို ဘယ်လိုမြင်လဲ။
အရင်တုန်းကလည်း ကျွန်တော်ပြောဖူးပါတယ်။ သူများသီချင်းကို ကြိုက်လွန်းလို့ ဆိုတာကို cover လို့ပဲ ကျွန်တော်အသိထဲမှာရှိထားတယ်။ ရှိပြီးသား ဂီတနဲ့အတိအကျတူအောင် ဖန်တီးတာကို ကျွန်တော်အနေနဲ့ ဖန်တီးမှုလို့လည်း မမြင်သလိုအနုပညာလို့လည်း မသတ်မှတ်ချင်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်ပိုင်သံစဉ်ပဲ ရေးတာပါ။ ကျွန်တော်အမြင်အရ ပြောရရင်တော့ ကိုယ်တိုင် ချရေး၊ ချဆိုလိုက်တာကမှ ပိုပြီး လွယ်မယ် ထင်တယ်။။
မြန်မာနိုင်ငံမှာရော တခြားနိုင်ငံတွေလိုမျိုး ကိုယ်ပိုင် music trend တစ်ခုဖြစ်လာမယ်လို့ထင်လား။
သေချာတာပေါ့။ ဖြစ်လာလိမ့်မယ်။ Senior ကျတဲ့ သီချင်းရေးသူတွေက သူတို့ရဲ့ သီချင်း သီဆိုတာနဲ့ ပတ်သက်ပြီး စည်းကမ်းလေးတွေ ထုတ်လိုက်တဲ့အချိန်မှာအခုနောက်ပိုင်းအဆိုတော်တွေက သီချင်းတွေကို ကိုယ်တိုင်ရေးလာကြတယ်။အဲဒီလိုမျိုး ကိုယ်တိုင်ရေးပြီး ကိုယ်ပိုင်ဆိုဟန်တွေနဲ့ ပေါ်ထွက်လာကြတော့ နောက်ပိုင်းဆို ကိုယ်ပိုင် music trend တစ်ခုက ဖြစ်လာနိုင်ပါတယ်။
Interviewed by: Min Chit Paing