ထင်မှတ်မထားတဲ့အကွေ့အဝိုက်တွေနဲ့ ဒဏ္ဍာရီမိုး
mmtimes.com
|
2019-07-19



ထင်မှတ်မထားတဲ့အကွေ့အဝိုက်တွေနဲ့ ဒဏ္ဍာရီမိုး

ဘာလို့ ဒီအချစ်ဇာတ်လမ်းအမျိုးအစားကိုအော်လန်ရွေးရတာလဲ မေးစရာဖြစ်ပါလိမ့်မယ်။ မြန်မာ့ရုပ်ရှင် ရေစီးကြောင်းကို ပြန်ကြည့်ရင်အချစ်ဇာတ်လမ်းတွေ ပြသခဲ့ဖူးကြပေမဲ့ ရှင်းရှင်းပြောရရင် ပြူးပြူးပြဲပြဲ ဝူးဝူးဝါးဝါးဟာသတွေက မပါမဖြစ်ရယ်၊ သာမန် ချစ်ကြိုက်ကွဲညားရယ်၊ ပရိသတ်အနေနဲ့အဲဒီရုပ်ရှင်ကို မိနစ်အနည်းငယ်ပဲ ကြည့်လိုက် တာနဲ့ ဇာတ်သိမ်းခန်းတန်းသိတာနဲ့ ဇာတ်ကွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာ ကြိုသိနေတာမျိုးတွေ ချည်းပါပဲ။

ဒဏ္ဍာရီမိုးကတော့ ဇာတ်လမ်းအမြည်းကြည့်ပြီးကတည်းက ဆာတိုရီက မင်းသားနှစ်လက်ဖြစ်တဲ့ ရဲတိုက်နဲ့ ဒေါင်းကို တွေ့တာမို့အော်လန်တို့အမောက်ထောင်ချင်ချင်။ နောက်ပြီး ကဗျာလေးကလည်း စိတ်ဝင်စားစရာ။အဲဒီကဗျာနဲ့ ဘယ်လိုချိတ်မလဲကလည်း သိချင်၊ ဒီလိုနဲ့အချစ်ကြောင့် မခံစားဖူးခဲ့တဲ့အော်လန်အဖို့အချစ်အကြောင်းကြည့်ဖို့ ပိတ်ရက်မဟုတ်တဲ့ ကြားရက်ကြီး ဖောင်ပိတ်ရက်တွေကြားကနေအူယားဖားယား ရုပ်ရှင်ရုံထဲ ရောက်သွားတယ်ဆိုပါတော့။

မုန်းစွဲနဲ့အောင်မြင်မှုအကြီးကြီးရသွားတဲ့ 7EVEN SENSE ရုပ်ရှင်ထုတ်လုပ်ရေးက နောက်ထပ်ခြေလှမ်းတစ်လှမ်းကို ဒါရိုက်တာ ဝင်းလွင်ထက်၊ Diroctor of Photography သြရသနဲ့အတူတူ ရိုက်ကူးလာတဲ့ ဒီဇာတ်ကားကအော်လန်တို့အဖို့ ဝေဖန်ဖို့အတော်ရှာယူရတဲ့ ဇာတ်ကားလို့ ဝန်ခံပါရစေ။

ဇာတ်လမ်းကျောရိုးကအချစ်နဲ့မတွေ့သေးတဲ့ ကောင်လေး မိုးတိမ်ညို(ရွှေထူး)၊အချစ်နဲ့ပတ်သက်လို့အယုံအကြည်မရှိတော့တဲ့ ဒုက္ခိတဧက (ရဲတိုက်)၊ မိန်းကလေးတစ်ယောက်ကိုမှ စွဲစွဲလမ်းလမ်းချစ်မိတဲ့ သူဌေးသား ဒီလှိုင်း (ဒေါင်း)နဲ့ ပုံစံအမျိုးမျိုးသောအချစ်တို့ကို ပုံအောရထားတဲ့ ကောင်မလေး မိုးနှောင်း (ဝတ်မှုံရွှေရည်)တို့ရဲ့ ရင်ဖိုလှိုက်မောဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

သာမန်ကြည့်ရင်တော့ မိန်းမတစ်ယောက်ကို ဝိုင်းလုတဲ့ဇာတ်လမ်း ပေါ့။ ဒါပေမဲ့ ဒါရိုက်တာနဲ့ ဇာတ်လမ်းဇာတ်ညွှန်း မိုးနီလွင်တို့ရဲ့ တာဝန်ကျေမှုကြောင့်အော်လန်တို့ကို မြှုပ်ကွက်လေးတွေ၊အကွေ့အဝိုက် လေးတွေ၊ ထင်မထားတဲ့အရာလေးတွေနဲ့ လှုပ်ခတ်သွားစေပါတယ်။

ဇာတ်လမ်းအစမှာ ဧကနဲ့ သူ့ညီနာမည်ကြီးစာရေးဆရာ မိုးတိမ်ညို တို့ရဲ့ နှစ်ကိုယ့်တစ်စိတ်ဘဝကို ပုံပေါ်အောင် ပြတယ်။ နောက်ပြီးအဓိက ဇာတ်ကောင်တွေဖြစ်လာမယ့် သမီးရည်းစား ဒီလှိုင်းနဲ့ မိုးနှောင်းတို့ရဲ့ တစ်ဖက်သတ်အချစ်ကိုမြင်အောင်အပြလေးတွေနဲ့ပြတယ်။ ဥပမာ ဒီလှိုင်းကအကြောင်းအရာတစ်ခုကို စိတ်ဝင်တစားပြောနေတဲ့အချိန် မိုးက စာအုပ်ဖတ်နေတာမျိုးတွေ၊ လက်ထပ်ခွင့်တောင်းတဲ့အချိန် ဖုန်းဝင်လာတာကို ဂရု မစိုက်သလိုကိုင်လိုက်တဲ့အပြတွေပေါ့။

ဒါကြောင့် သာမန်ဇာတ်ကွက်တွေထဲကနေ ရုန်းထွက်လာနိုင်တဲ့အတွက် ချီးကျူးမိပါတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်ခိုင်မာတာကို လည်းအော်လန်တို့အဖို့ ကြည်နူးမိပါတယ်။ ဇာတ်အိမ်ကို ဇာတ်ကောင်တွေရဲ့ လက်ရှိအချိန်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကအချိန်ဆိုပြီး နှစ်မျိုးနဲ့ မြင်တွေ့ရမှာပါ။ ဇာတ်စစချင်းတော့အဓိက ဇာတ်ဆောင်လေးယောက်ကို မိတ်ဆက်ပြီးအဲဒီဇာတ်ကောင်တွေရဲ့နောက်ကွယ် ဒါမှမဟုတ်အတွင်းစိတ်ကိုမြင်အောင်အပြနဲ့ပဲ ပြသလာတာကို တွေ့ရတယ်။

ဇာတ်အရ တဖြည်းဖြည်းနဲ့အော်လန်တို့သတိထားမိတာက ဒီဇာတ်ကားထဲမှာ ပါလာတဲ့ ဇာတ်ကောင်တွေအကုန်လုံးက တစ်စုံတစ်ခုကြောင့် တစ်ခုခုချွတ်ယွင်းနေကြတဲ့ သနားစရာဇာတ်ကောင်တွေဖြစ်နေတာကိုပါပဲ။

ဝတ်မှုံရွှေရည်ဆိုရင်အပေါ်ယံအပြင်အဆင်အရ လှပကျော့ရှင်းနေပေမဲ့ စိတ်ထဲမှာ သူသိပ်ချစ်ရတဲ့ သူဘယ်တော့မှ မမေ့ချင်တဲ့ ရည်းစားဦးကြောင့် သတိတရနဲ့ လွမ်းဆွတ်နေရတဲ့ ဇာတ်ကောင်။ ရွှေထူးဆိုရင်လည်းအများအမြင်မှာအောင်မြင်တဲ့ စာရေးဆရာ ဒါပေမဲ့ နောက်ကွယ်မှာတော့ စာရေးဆရာအမည်ခံ၊ ငယ်ငယ်ကတည်းက တခြားသူတစ်ဦးက သူ့ပုံစံအတိုင်းအလားတူဖြစ်အောင် တဖြည်းဖြည်းနဲ့ ပုံသွင်းယူလေ့ကျင့်ခံလာရတဲ့ ဇာတ်ကောင်စရိုက်။ ရဲတိုက်ကတော့ မလိုအပ်လို့ လုံးချေပစ်လိုက်တဲ့ စက္ကူစုတ်တစ်ခုလိုအပြင်မှာရောအတွင်းမှာပါ ကြေမွနေတဲ့ ဝှီးချဲပေါ်က လူသားပုံစံနဲ့ နောက်ဆုံး ဒေါင်းကျတော့လည်း လူကသာ သူဌေးသား ရထားတဲ့ကောင်မလေး ကလည်းအလန်းစား သို့ပေမဲ့ မိန်းမတစ်ယောက်ကြောင့် ငယ်ငယ်ကတည်းက ကြီးတဲ့အထိ ြွမေပွေးခါးပိုက်ပိုက်သလို တစ်ခုခုဆို နွားသိုးကြိုးပြတ်သလို တရှူးရှူတရှဲရှဲနဲ့ ပူးလောင်နေရတဲ့ ဇာတ်ကောင် တွေကို စုစည်းထားတာပါပဲ။

ဇာတ်ကောင်စရိုက်တွေကို ပုံဖော်တဲ့အခါမှာလည်း ပါးပါးလေးနဲ့ ပုတ်သွားနိုင်တာကို တွေ့ရပါတယ်။ ဇာတ်ကောင်တွေအားလုံးကို လက်ရှိကာလမှာ ပုံဖော်ထားတယ်ဆိုပေမဲ့ တစ်ယောက်ချင်းစီက ဘယ်က လာတယ်၊ သူဘယ်လိုလူဖြစ်တယ်၊ သူဘာကို ဝါသနာပါတယ်၊ စိတ်ဝင်စားတယ်ဆိုတာကို ထောင့်စေ့အောင် ပြသသွားနိုင်ပါတယ်။ တစ်ခုပဲပြောစရာရှိတာ ရဲတိုက်ရဲ့အဖေ မင်းဦး (အောင်မင်း)က ဘယ်ကလာပြီး ဘယ်လို ပျောက်သွားသလဲဆိုတဲ့ တစ်ချက်ပါပဲ။

ရိုက်ကွက်တွေကတော့ ရိုက်ကွင်းနေရာ ခပ်နည်းနည်းပါပဲ။ ဒါပေမဲ့အဲဒီနည်းနည်းကိုမှ မထပ်အောင် ဇာတ်ကွက်ရဲ့သဘောသဘာဝ ဇာတ်ကောင်ရဲ့ ခံစားချက်ကိုလိုက်အောင်အလင်း၊အမှောင်တွေ ကစားသွားတာအားရဖို့ကောင်းပါတယ်။ ရဲတိုက်ရဲ့အိပ်ခန်း၊ စန္ဒရားတီးခန်း၊ ဧည့်ခန်းတွေကို ခပ်မှိုင်းမှိုင်းလေးဖန်တီးပေးထားသလိုပေါ့။

ဇာတ်ကောင်တွေရဲ့အဝတ်အစားပိုင်းနဲ့ ရိုက်ပြချက်တွေပိုင်းက လည်းအပြစ်ပြောစရာမရှိပါဘူး။ သူ့ဇာတ်ကောင်စရိုက်ကိုက်အောင် ပုံဖော်နိုင်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ လက်သည်းအရောင်လေးတွေ ပြောင်းနေတာ၊ လက်သည်းချက်ချင်းကြီး တိုလာတာရှည်လာတာမျိုး တွေနဲ့ ရွှေထူးရဲ့မျက်မှန်ထဲက တစ်ချက်တစ်ချက်မြင်ရတဲ့ မီးထိုးပေး ထားတဲ့အရိပ်တွေ၊ ကင်မရာမန်းရဲ့အရိပ်တွေက လွဲရင်ပေါ့။

နောက်ပြီး ငယ်ဘဝသရုပ်ဆောင်တွေအဖြစ် ပါဝင်သွားတဲ့ ကလေးတွေအကုန်လုံး ကောင်းပါတယ်။အော်လန် သဘောကျမိတာက မိုးနှောင်းနဲ့ မှိုင်းညိုတို့ ဆယ်ကျော်သက်အရွယ်က စာအုပ်ဆိုင်တန်းသွားတဲ့ ဇာတ်ဝန်ခန်းလေးကိုပါ။

အဲဒီမှာ ဝယ်လိုုက်တဲ့စာအုပ်ကို စက္ကူအညိုနဲ့ထုပ်ပေးတာ၊ တိုယိုတာ ပါဘလစ်ကာကားလေးတွေ၊ ကြံရည်စက်နဲ့ လွယ်အိတ်ရိုးရိုးလေး တွေလွယ်ပြီး စာအုပ်တန်းလေးကို ခေတ်နဲ့အညီ ပုံဖော်သွားနိုင်တာပါ။အလားတူပဲ မှိုင်းညိုတစ်ယောက် ထိုင်းကလူတွေနဲ့ ရန်ဖြစ်တဲ့အခန်းမှာ ထိုင်းလို့ထင်ရဖို့ ထိုင်းဘုရင် ပုံတွေနဲ့ လမ်းဘေးဈေးဆိုင်လေးတွေကို ထည့်သုံးသွားပါတယ်။

ဇာတ်ကားတစ်ကားလုံးကို ကဗျာလေးရွတ်လိုက်၊ ဆွေးလိုက်၊ ငေးလိုက်နဲ့ ငြိမ့်ငြိမ့်လေး သယ်သွားပါတယ်။ ဇာတ်ကောင်တွေထဲမှာအထူးအထူး သဘောကျမိတာ ရဲတိုက်ကိုပါ၊ သူ့ရဲ့မျက်လုံးတွေ၊ မျက်နှာအမူအရာတွေက ရဲတိုက်ပျောက်ပြီးအညို(မှိုင်းညို)ကိုပဲ မြင်မိပါတော့ တယ်။ ဒေါင်းကလည်း သူလာရင် ကွဲသံရှသံတွေ ကြားရလွန်းလို့ သွေးဆူလွယ်တဲ့ ဒီလှိုင်းပုံစံပီပြင်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ တစ်ခါတလေ မိတ်ကပ်များနေတာ ကလွဲရင် ဒီကားမှာ ပြောစရာမရှိပါ ဘူး။အဲဒီထဲမှာ ကြားညပ်နေတာက ရွှေထူးပါ။ ကဗျာလေး ရွတ်ပြီး ဆွေးရတဲ့ကားမို့ သူရွတ်တဲ့အချိန်၊ သူစကားပြောတဲ့အချိန် ခပ်တန်းတန်းကြီးဖြစ်သွားတဲ့ ဖီလင်ကိုအော်လန်တို့တော့ မကြိုက်မိပါဘူး။

ခြုံငုံပြောရရင် ဒဏ္ဍာရီမိုးကအော်လန်တို့အဖို့ ဒီနှစ်အတွက်အမှတ်ပေးမိတဲ့ ရှားရှားပါးပါးဇာတ်ကား စာရင်းထဲမှာ တစ်ချိတ်သွား ပြီလို့ ပြောလို့ရပါပြီ။




Some text some message..