အသားစားသုံးမှု၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်
mmtimes.com
|
2019-02-01



မြန်မာနိုင်ငံမှာအသားစားသုံးမှုဟာ မြင့်တက်နေပါတယ်။ စားသုံးသူတွေရဲ့ ဝယ်လိုအားတက်လာမှုကြောင့် နိုင်ငံတွင်းမှာ ကြက်၊ ဝက်မွေးမြူရေးကလည်း တက်လာပါတယ်။အသားစားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတချို့ရှိပါတယ်။အသားဟာ ပရိုတိန်းဓာတ်ရရှိဖို့အရေးကြီးတဲ့အရင်းအမြစ်တစ်ခုဖြစ်ပြီး ဗီတာမင် ဘီ ၁၂ နဲ့ သံဓာတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေလည်းပါရှိပါတယ်။ ဒါပေမဲ့ (အမဲသား၊ ဝက်သား၊ ဆိတ်သား) တို့လိုအနီရောင်အသားတွေကိုအလွန်အကျွံစားသုံးခြင်းဟာအူမကြီးကင်ဆာ၊ နှလုံးရောဂါတို့နဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့အကိုးအကားက များပြားလာပါတယ်။

အစားအသောက်အကြောင်းရင်းတွေနဲ့ ကျန်းမာရေးကြားက ဆက်စပ်မှုကို ရှင်းလင်းဖို့အလွန်ခက်ခဲလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့အသားများများစားတဲ့ လူတွေမှာနှလုံးရောဂါ သို့မဟုတ် ကင်ဆာဖြစ်ပွားဖို့ ဆေးလိပ်သောက်ခြင်း၊အဝလွန်ခြင်း၊ သို့မဟုတ် မျိုးရိုးဗီဇတို့လို တခြားအကြောင်းအရာတွေလည်း ရှိနိုင်ပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့အသားတွေ (ဥပမာ-အချဉ်ဖောက်ထားခြင်း၊ တာရှည်ခံအောင်ပြုလုပ်ထားခြင်း၊ ဆားနယ်ထားခြင်း၊ ကျပ်တိုက်ထားခြင်း) စားသုံးမှုနဲ့ ကင်ဆာရောဂါကြားက ဆက်နွှယ်မှုကတော့ ပိုပြီးရှင်းလင်းပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့အသားတွေကို ကင်ဆာသုတေသနဆိုင်ရာ နိုင်ငံတကာအေဂျင်စီက ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့အုပ်စု (၁)အဖြစ်အမျိုးအစားခွဲခြားသတ်မှတ်ထားပါတယ်။အဓိပ္ပာယ်ကတော့အဲဒီအသားတွေကြောင့်လူတွေမှာ ကင်ဆာဖြစ် နိုင်တယ်ဆိုတဲ့ ယုံကြည်လောက်တဲ့အထောက်အထား တွေရှိပါတယ်။ ပြုပြင်ထားတဲ့အသား ၅ဝ ဂရမ်ကို နေ့စဉ်စားသုံးခြင်းအားဖြင့်အူမကြီးကင်ဆာဖြစ်ဖို့အန္တရာယ်ဟာ ၁၈ ရာခိုင်နှုန်းခန့် များလာတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

ဒါကြောင့်မို့ ကျွန်မတို့အနေနဲ့အနီရောင်အသားတွေကိုပဲ စိုးရိမ် ပူပန်ဖို့လိုအပ်ပါသလား၊ ကြက်သားဆိုရင် ဘယ်လိုဖြစ်မလဲဆိုပြီး မေးစရာရှိပါတယ်။အာရှမှာ ကြက်သားနဲ့ ကြက်ဥ ဝယ်လိုအားမြင့်တက်နေတာနဲ့အတူ လူတစ်ဦးချင်းစီရဲ့ ကြက်သားစားသုံးမှုဟာ ၁၉၆ဝ ပြည့်နှစ်ကထက် ငါးဆပိုများလာတယ်လို့ ကုလသမဂ္ဂအစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ရဲ့အဆိုအရ သိရှိရပါတယ်။ ကြက်သားစားသုံးမှုဟာ ကင်ဆာ

ရောဂါဖြစ်ပွားမှုအန္တရာယ်နဲ့ ဆက်နွှယ်မှုမရှိပါဘူး။ ကြက်သားနဲ့ ကြက်ဥဟာ တခြားအသား ထုတ်ကုန်တွေထက် ဈေးပိုသက်သာပြီး ပရိုတိန်းနဲ့ ဗီတာမင်အရင်းအမြစ်ကောင်းတစ်ခုအဖြစ်အာဟာရတန်ဖိုးတွေရှိပါတယ်။အသားနှင့်ပတ်ဝန်းကျင်အသားစားသုံးမှုနဲ့ ပတ်သက်ပြီး ကျွန်မတို့ စဉ်းစားကြည့်တဲ့အခါမှာ ကျွန်မတို့ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှု တစ်ခုတည်းကိုသာ စဉ်းစားဖို့မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုလည်း ရှိပါသေးတယ်။ တိုးလာတဲ့အသားဝယ်ယူစားသုံးမှုကို ဖြည့်ပေးဖို့ ကမ္ဘာတစ်ဝန်းမှာ တိရစ်ဆာန်မွေးမြူထုတ်လုပ်မှုကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

မြန်မာနိုင်ငံကျေးလက်ဒေသမှာအိမ်နောက်ဖက်မှာ ကြက်မွေးမြူတာရှိနေဆဲဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ စီးပွားဖြစ်ထုတ်လုပ်မှုကလည်း များပြားလာပါတယ်။ မြို့ကြီးတွေနဲ့ နီးတဲ့နေရာတွေမှာ စက်ရုံကြီးတွေနဲ့အသားထုတ်လုပ်မှုတွေ ပေါ်လာပါတယ်။ ဒီလိုတိရစ်ဆာန်မွေးမြူ ထုတ်လုပ်မှုကိုအရှိန်အဟုန်နဲ့ ပြုလုပ်တာဟာ စီးပွားရေအတွက် ကောင်းပေမဲ့ ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအပေါ်မှာတော့ ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ရှိပါတယ်။အသား ထုတ်လုပ်မှုဟာ ဖန်လုံအာနိသင် ဓာတ်ငွေ့ (ဂျီအိပ်ချ်ဂျီ)လို့ခေါ်တဲ့ မီသိန်းဓာတ်ငွေ့ရဲ့အဓိကအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

ဂျီအိပ်ချ်ဂျီထွက်ရှိမှုဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ကမ္ဘာကြီး ပူနွေးလာမှုတို့နဲ့ ဆက်နွှယ်နေပါတယ်။အသားထုတ်လုပ်မှုတိုးလာတာကြောင့် ကမ္ဘာပေါ်ကိုအကျိုးသက်ရောက်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြတဲ့အတွက် လူတွေကိုအသားမစားဘဲ ဟင်းသီးဟင်းရွက်စားသုံးဖို့ တိုက်တွန်း လှုံ့ဆော်မှုဖြစ်စေပါတယ်။ သက်သတ်လွတ်စားသုံးတဲ့အလေ့က ဘာမှအထူးအဆန်းတော့ မဟုတ်ပါဘူး။အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်သတ်လွတ်စားသုံးသူအများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး လူဦးရေရဲ့သုံးပုံတစ်ပုံခန့်ဟာ သက်သက်လွတ်စားသုံးကြပါတယ်။ သက်သက်လွတ်စားသုံးတဲ့ဓလေ့နဲ့အသားစားသုံးမှုနည်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်နိုင်ပြီး နှလုံးနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုအန္တရာယ်လျော့နည်းစေမှုနဲ့ ဆက်စပ်နေပါတယ်။

အပင်ကထွက်ရှိတဲ့အစားအစာကိုသာစားပြီး တိရစ်ဆာန်ထွက်အစားအစာတွေကို ဘာမဆိုမစားသုံးတဲ့အတွက် ကြက်ဥ၊ နွားနို့တွေကိုပါ မစားဘဲ သက်သတ်လွတ်စားသုံးမှုကို ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာပါ လူကြိုက်များလာပါတယ်။အကယ်၍ ပရိုတိန်းနဲ့အခြားအာဟာရအရင်းအမြစ်တွေကိုအလွယ်တကူ မရရှိနိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာတော့အသားစားသုံးမှုကိုု လုံးဝဖြတ်ပစ်ဖို့ဆိုတာအန္တရာယ်ရှိပါတယ်။

ဒါကြောင့်မို့ ကျန်းမာစွာနေထိုင်ဖို့နဲ့ စားသုံးဖို့အသားပမာဏ ဘယ်လောက်က စိတ်ချရပါသလဲဆိုတဲ့ ဒီမေးခွန်းအတွက် တိကျတဲ့အဖြေ ခုချိန်ထိမရှိသေးတာက စိတ်မကောင်းစရာပါပဲ။ ယူကေလိုမျိုး တချို့ နိုင်ငံတွေကတော့ တစ်နေ့ကိုအသား ၇ဝ ဂရမ် မကျော်အောင်စားသုံးဖို့ ထောက်ခံပေးထားတဲ့ လမ်းညွှန်ချက်ထုတ်ပြန်ထားပြီးအဆင့်ဆင့်ပြုပြင်ထားတဲ့အသားတွေကိုတော့ ရံဖန်ရံခါမှသာ စားသုံးသင့်ကြောင်းအကြံပြုထားပါတယ်။

(ဒေါက်တာအဲလိဇဘက်အက်ရှ်လေသည် ရန်ကုန်မြို့ရှိ Myanmar Oxford Clinical Research Unit မှ သမားတော်နှင့်သုတေသနပညာရှင်ဖြစ်သည်။)




Some text some message..