ကောင်းမွန်သော.. ပြည်သူကိုမျက်နှာမူသောအမိန့်တွေတည်ပါစေ….
myanmaplatform.com
|
2019-02-28






နို့စိမ်းတွေမှာ နွားနို့တစ်စက်မှ မပါဘူးဆိုတဲ့ သတင်းဟာအခုတလောမှာအရမ်းကို ဟစ်ဖြစ်နေတဲ့ သတင်းတစ်ခုပါ။ တကယ်တော့ လွန်ခဲ့သောဆယ်စုနှစ် တစ်ခုလောက်ကတည်းက နို့ထွက်ပစ္စည်းတွေကိုအသုံးပြုတဲ့ လူတန်းစားတွေရဲ့စိတ်မှာ သံသယတွေရှိနေခဲ့တာပါ။

နို့ဆီတွေကို စားအုန်းဆီထုတ်တဲ့ ဆီအုန်းကနေလုပ်တာဆိုတဲ့ သတင်းတွေပြန့်ခဲ့တဲ့ ၂၀၁၅ ဝန်းကျင်ကာလက နို့နဲ့နို့ထွက်ပစ္စည်းလောကကိုအများကြီးလှုပ်ခတ်စေခဲ့ပါတယ်။ ဒီသတင်းတွေဟာအမှန်ရောဟုတ်ရဲ့လား။ တကယ်ပဲ နို့ဆီတွေ နို့စိမ်းတွေ နို့မှုန့်တွေဟာ နွားနို့ကနေထုတ်တာ မဟုတ်ဘူးလား။

ဒီပဟေဠိဟာ လူတွေကိုအချိန်ကြာကြာ ဖြတ်တောက်မထားနိုင်ပေမယ့် စားသုံးသူတွေကတော့အမြဲလို ကြောက်လန့်နေရအောင် ခြောက်လှန့်နေခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ဘယ်လိုတာဝန်ရှိပုဂ္ဂိုလ်မျိုးကမှ ဒါကတော့ ဘယ်လိုကြောင့်ဘာဖြစ်တယ်ဆိုတာမျိုးကို ပြည်သူလူထုကို ရှင်းလင်းပြောကြားခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။

တကယ်တော့ နို့ဆီ၊ နို့စိမ်းနဲ့ နို့မှုန့်စတဲ့ နို့အစားထိုးပစ္စည်းတွေဟာ နွားနိုပပါဝင်မှုနူန်းက နည်းပါတယ်။အစကတည်းက နို့အစားထိုးပစ္စည်းလို့ သုံးနှုံးထားတာကြောင့် တစ်ချို့သော နို့ဆီတွေနဲ့ နို့မှုန့်တွေမှာဆိုုရင် နွားနို့ပါဝင်မှု လုံးဝမရှိတာမျိုးတွေတောင် ရှိပါတယ်။

ဒီအခြေအနေက ကြောက်စရာတော့မဟုတ်ပါဘူး။ ဒီလိုပြောလို့ မကြောက်ရဘူးလို့လည်းမဆိုလိုပါဘူး။ စားသောက်ကုန်အညွှန်းတွေကို ဖတ်လေ့မရှိတဲ့ နောက်ပြီး ဖတ်ဖို့လည်းမလွယ်ကူတဲ့ ဘာသာစကားတွေနဲ့ ရေးသားထားတာတွေကြောင့် မကြောက်လို့လည်းမရပါဘူး။

ငွေစင်ပုလဲ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်ရေးက တာဝန်ရှိသူတစ်ဦးက နွားနို့ဟာ နွားမကနေထုတ်ယူပြီး နာရီပိုင်းအတွင်းမှာ ဓာတ်ပြယ်တတ်တာကြောင့်အခြားသောပစ္စည်းတွေထုတ်လုပ်ဖို့ ခက်ခဲတယ်လို့ နို့ထွက်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ဖူးပါတယ်။

လတ်တလေမှာဟော့နေတဲ့ နို့စိမ်းမှာ နို့တစ်စက်မှ မပါဝင်တဲ့အကြောင်းပြောခဲ့တဲ့ စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်မောင်း က “နို့စိမ်းဆိုပြီးတော့ကျ နွားနို့တစက်မှ မပါပါဘူး။ စားအုန်းဆီတောင် စက်မှုကုန်ကြမ်းသုံးတဲ့အညံ့စားနဲ့ လုပ်ထားတာပါ။ သူ့ရဲ့ ပါဝင်ပစ္စည်းကိုအင်္ဂလိပ်လိုရေးထားတယ်။ ပြန်လေ့လာကြည့်ပါ။ ဒါကြောင့် ဒီကရှေ့လျှောက် နို့စိမ်းတွေ ကြည့်စားကြပါ။ နို့စိမ်းဆိုတိုင်း နွားရုပ်ကြီးပါတိုင်း နွားနို့စစ်နဲ့ လုပ်တယ်လို့ မပြောပါနဲ့။ ပါဝင်ပစ္စည်းထဲမှာ Milk No မပါဘူး။ လုံးဝမပါပါဘူး ” လို့ ပြောခဲ့တာပါ။

ကျွမ်းကျင်ပညာရှင်တွေကတော့ နို့ထွက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးအခုလိုအသိပေးမှုတွေ လုပ်ထားပါတယ်။ နို့စိမ်းEvaporated milk လို့ဆိုတဲ့ နို့စိမ်း တွေဟာ နွားနို့မှာ ပါဝင်တဲ့ ပမာဏ လျှော့ချပြီးထုတ်ထားတာတွေဖြစ်ပြီး High temperature and pressure သုံးပြီး ရေဖယ်ပြီး ထုတ်ထားတယ်လို့ ဆိုပါတယ်။ ရေကို လျှော့ချထားတာပါ သကြားပေါင်းထည့်ခြင်းမရှိပဲ Milk fat နဲ့ solid တခုခု ထည့်ပြီး ထုတ်ရပါတယ်။ shelf life ကလည်း ၂ နှစ်လောက်ခံပါတယ်။

Unsweented Evaporated milk ဆိုတာ နွားနို့က ထုတ်ထားတာပါ ရေလျှော့ချထုတ်ထားတာ ဖြစ်ပါတယ်။ Unsweented Evaporated Filled Milk ဆိုတာကတော့ နို့မှုန့်နဲ့ ဆီတမျိုးမျိုး သုံးပြီးထုတ်ထားတာပါ နို့မှုန်ဟာ နွားနို့လောက် ဆီပါဝင်မှု မရှိတာကြောင့်အသီးအရွက်ဆီ တခုခုကနေထုတ်ရပါတယ်။

နို့ဆီ။ Codensed milk ကတော့ evaporated milk ပါပဲ သကြားပေါင်းထည့်ထားတာပါ သကြားက preservativeအဖြစ် လုပ်ဆောင်ပါတယ်။ သူကလည်း high temperature မှာ sterilization နည်းနဲ့ preserve လုပ်ထားပါတယ်။ သကြားဓာတ် ၄၅ ရာခိုင်နှုန်းလောက်ပါပြီး တခြားvegetable fat နဲ့ non-fat-solidတေပါပါတယ်။

Coffee mate လို့ခေါ်ကြတဲ့ creamer ကတော့ milk ကနေ ရတဲ့ fat or milk solid ရယ် carbonhydrate ရယ် protein ရယ် emulsifier ရယ် buffering agent လို့ခေါ်တဲ့ တခြားပါဝင်ပစ္စည်းတွေကို spray dryer နဲ့ powder ပုံစံထုတ်ထားတာပါ။ တချို့ကတော့ milk solid တောင် မထည့်ကြပါဘူးတဲ့။

ဒီပညာရှင်တွေရဲ့ နောက်ဆုံးအကြံပြုချက်ကတော့ ဘူးပေါ်မှာ ရေးထားတဲ့ တံဆိပ်ကပ်ထားတဲ့အပေါ် မူတည်ပြီး သေချာလေ့လာကြည့်ရမယ်။ နို့ဆီ ဆိုလည်း sweetened condensed milk လား condensed filled milk လားသေချာကြည့်ဖို့လိုပါတယ်တဲ့။

သူ့အမျိုးအစားနဲ့သူ ထုတ်ထားတာဖြစ်တာကြောင့် ဘယ်အမျိုးအစားမဆို ဘာတွေ ဘလောက်ပါရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေတော့ရှိပါတယ်။ ဒါကြောင့်နွားနို့မပါဝင်ဘူး ဆိုပြီးကြောက်နေကြဖို့မလိုဘူးလို့ ဆိုကြပါတယ်။

ဒီတော့ ထိတ်လန့်မှုတွေရဲ့အရင်းအမြစ်က စားသောက်ကုန်ပစ္စည်းရဲ့အညွှန်းတွေကနေစတာပါ။ မဖတ်ကြတာ။ ဖတ်ဖို့လက်လှမ်းမမီကြတာတွေကြောင့် တစ်ခုခုဖြစ်တယ်ဟေ့လို့ ဆိုလိုက်ရင် လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတော့တာပါပဲ။

စားသုံးသူရေးရာ ဦးစီးဌာနနဲ့ သက်ဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေပေါင်းပြီးတော့ စားသောက်ကုန်ပစ္စည်းတွေရဲ့အညွှန်းတွေကို မြန်မာလိုရေးသားညွှန်းဆိုဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေကြတာပါ။

စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီက ၂၀၁၈ ခုနှစ်အောက်တိုဘာ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့အမိန့်ကြေညာစာထဲမှာ သုံးစွဲပုံအညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုးကျိုး စတာတွေကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတွဲလျှက်ဖြစ်စေ ဖော်ပြရန်လိုအပ်သည်လို့ ဆိုထားပါတယ်။

သတိထားသင့်တဲ့အချက်ကတော့ ဤအမိန့်ကြေညာစာသည့် ထုတ်ပြန်သည့်နေ့မှ ၆ လပြည့်မြောက်သည့်နေ့တွင် စတင်အာဏာသက်ရောက်စေရမည် လို့ပါရှိပါတယ်။ ဒီအချက်ကအခုချိန်မှာ ဖြစ်မြောက်နေပြီလား။

တကယ်ဆိုရင် စားသောက်ကုန်အညွှန်းတွေဟာ မြန်မာလို ရှင်းရှင်းလင်းလင်း လွယ်လွယ်ကူကူနဲ့ ဖတ်ရှုလို့ရနိုင်မယ်ဆိုရင် ဒီလိုထိတ်လန့်စရာတွေဟာ လျော့ပါးသွားမှာပါ။ စားသုံးသူတွေအနေနဲ့လည်း ကိုယ်နဲ့သင့်တော်လိုက်ဖက်မယ့် စားသောက်ကုန်ကို ရွေးချယ်နိုင်ပြီးတော့ ဘယ်လောက်တော့ စားသုံးသင့်တယ်ဆိုတာကို သူတို့ဘာသာ သူတို့ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ဒါဆိုရင် လတ်တလောဖြစ်ပျက်နေသလိုမျိုး ပြဿနာတွေဟာအလိုလိုရှင်းပြီးသားဖြစ်သွားတော့မှာပါ။ ဒါကြောင့်အမိန့်ကြေညာစာကို လိုက်နာမှုမရှိတာတွေကို သေသေချာချာအရေးယူပြီး ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန်ရွေ့အောင် တာဝန်ရှိသူတွေအနေနဲ့ တွန်းအားပေးစေ လိုပါတယ်လို့ မေတ္တာရပ်ခံရင်း…..။




Some text some message..