ကမ္ဘာ့ကော်ဖီအသောက်ဆုံး ၁၀ နိုင်ငံ
ကော်ဖီသောက်ခြင်းသည် ယီမင်၌ ၁၅ ရာစုတွင်အစပြုခဲ့သည်ဟု ပြောစမှတ်ရှိခဲ့သည်။ ကော်ဖီဟုဆိုလိုက်သည်နှင့် ပါရီသားများ၏ကော်ဖီဆိုင်များ၊ ရောမရှိအက်စ်ပရက်ဆိုဘားဆိုင်များကို ပြေးမြင်တတ်ကြသည်။ သို့သော် ကော်ဖီဆိုင်အများကြီးရှိသည်ဆိုသည့်အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့်အီတလီတို့သည် လူတစ်ဦးချင်း ကော်ဖီအသောက်ဆုံးနှုန်းအရ ဆိုလျှင် ထိပ်တန်း ၁၀ နိုင်ငံမှာပင် ပါဝင်ခြင်းမရှိကြချေ။
၁။ ဖင်လန်
ဖင်လန်နိုင်ငံ၌ ကော်ဖီကို ကာဗီဟု ခေါ်ကြသည်။ နိုင်ငံသားတစ်ဦးလျှင် တစ်နှစ် ကော်ဖီသောက်နှုန်းသည် ၁၂ ကီလိုဂရမ် ရှိနေသည်။ ဖင်လန်၌ ကော်ဖီကို နေ့တိုင်းသောက်ကြသည်။အထူးပွဲများသာမက ဘုရားကျောင်းတက်ပြီး စားကြသောက်ပြီဆိုလျှင်လည်း ကော်ဖီမပါမဖြစ်။ ဖင်လန်၌ လူကြိုက်အများဆုံး ကော်ဖီမှအရောင်ဖျော့ဖျော့ကော်ဖီဖြစ်သည်။ ကဖိန်းဓာတ်ထုတ်ထားသော ကော်ဖီကိုမမေးပါနှင့်။အဲဒါမျိုး ဖင်လန်မှာမရှိပါ။
၂။ နော်ဝေ
အခြားဥရောပနိုင်ငံများကဲ့သို့ ကော်ဖီသည် နော်ဝေ၌ ၁၈ ရာစုအစောပိုင်းတွင် လူချမ်းသာများသောက်သုံးရာမှအစပြုခဲ့သည်။ နော်ဝေ၌ နိုင်ငံသားတစ်ဦး တစ်နှစ်လျှင် ကော်ဖီ ၉ ဒသမ ၉ ကီလိုဂရမ်ကို သောက်သုံးနေသည်။ နော်ဝေ၌ ကော်ဖီကို Kaffe ဟု ခေါ်ကြသည်။ ဘလက်ခ်ကော်ဖီခြင်းဖြင့် နေ့သစ်ကိုအစပြုတတ်ကြသည်။ နော်ဝေနိုင်ငံသားတစ်ဦးသည် တစ်ရက်လျှင် ကော်ဖီနှစ်ခွက် သောက်လေ့ရှိသောကြောင့် ၂၀၁၂ ခုနှစ်တွင် လူဦးရေ ငါးသန်းရှိသော နိုင်ငံ၌ နိုင်ငံသားများသည် ကော်ဖီ ၃၆၄၇၂၀၀၀ ကီလိုဂရမ်ကိုသောက်သုံးခဲ့ကြောင်း စာရင်းအင်းရှိခဲ့သည်။
၃။အိုက်စလန်
အေးမြသည့် ရာသီဥတုနှင့် ကော်ဖီသောက်သုံးမှုတို့ကြား ဆက်စပ်မှုရှိပုံရသည်။အိုက်စလန်သားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၉ ကီလိုဂရမ်သောက်သုံးနေသည်။အိုက်စလန်သားတစ်ဦးသည် တစ်ရက်လျှင် ကော်ဖီငါးခွက်လောက် သောက်လေ့ရှိသည်။
၄။ ဒိန်းမတ်
ဒိန်းမတ်ရှိ နိုင်ငံသားတစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှကော်ဖီ ၁ ဒသမ ၄၆ ခွက်သောက်လေ့ရှိသည်။ တစ်နှစ်လျှင် တစ်ဦးသောက်သုံးမှုနှုန်းသည် ၈ ဒသမ ၇ ကီလိုဂရမ်ရှိနေသည်။ ဒိန်းမတ်သည် ကမ္ဘာပေါ်တွင် ဆဌမမြောက် ဈေးအကြီးဆုံးကော်ဖီဆိုင်တွေ ရှိနေသည့် နိုင်ငံလည်းဖြစ်သည်။
၅။ နယ်သာလန်
၁၆၁၆ ခုနှစ်တွင် နယ်သာလန်သားတို့သည် ယီမင်နိုင်ငံ မိုခါးမှ သယ်ဆောင်လာသည့် ရှင်သန်ဆဲ ကော်ဖီပင်များကို ပထမဆုံးရရှိခဲ့သည့် ဥရောပနိုင်ငံဖြစ်လာခဲ့သည်။ ယနေ့ခေတ်တွင် နယ်သာလန်သားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၈ ဒသမ ၄ ဂရမ်ကို သောက်သုံးနေသည်။အမ်စတာဒမ်ရှိ ကော်ဖီဆိုင်များသည် ကော်ဖီကောင်းကောင်းအတွက်သာမက ဆေးခြောက်ကိုပါ ရနိုင်သောကြောင့် နာမည်ကျော်ကြားနေသည်။ နယ်သာလန်သားတစ်ဦးသည် တစ်ရက်လျှင် ကော်ဖီ ၁ ဒသမ ၈၄ ခွက် သောက်လေ့ရှိသည်။
၆။ဆွီဒင်
ဆွီဒင်၌ ဖီကာ ဟုဆိုလိုက်လျှင် လူများ၏ မျက်လုံးအရောင်တောက်သွားလေ့ရှိသည်။ ဖီကာမှာ ကော်ဖီသောက်ရန် ဟုအဓိပါ္ပယ်ရသည်။အလုပ်ချိန်တွင်းသာမက လူမှုရေးအရ တွေ့ဆုံပွဲများတွင်လည်း ဖီကာကို ကြားရတတ်သည်။ မည်သည့်ပွဲကိုပဲ လုပ်လုပ်အဓိကအချက်မှာ ကော်ဖီပါခြင်းဖြစ်သည်။ ဆွီဒင်သားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၈ ဒသမ ၂ ကီလိုဂရမ်ကို သောက်သုံးနေသည်။
၇။ ဆွစ်ဇာလန်
အခြားဥရောပနိုင်ငံများမှာကဲ့သို့ပင် ဆွစ်ဇာလန်၌ ကော်ဖီသည် လူမှုရေးအရ မပါမဖြစ်သောက်သုံးစရာဖြစ်သည်။အက်စ်ပရက်ဆိုလို ကော်ဖီများလူကြိုက်များသော်လည်းအမေရိကာနိုနှင့်ဆင်တူသော ကက်ဖီခရီမာကိုလည်းအားပေးသူ များနေသည်။ ဆွစ်ဇာလန်သားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၇ ဒသမ ၉ ကီလိုဂရမ်ကိုသောက်သုံးနေသည်။ ဆွစ်တစ်ဦးသည် တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကော်ဖီငါးခွက်ခန့်သောက်တတ်ကြသည်။
၈။ဘယ်ဂျီယံ
ဘယ်ဂျီယံဟုဆိုလိုက်လျှင် ဝေဖာနှင့် ဘီယာကို ပြေးမြင်ကြလိမ့်မည်။ ဘယ်ဂျီယံသားများသည် ချောကလက်ကြိုက်သလို ကော်ဖီကိုလည်း တစ်ဦးလျှင် တစ်ရက် ၁ ဒသမ ၃၅ ခွက်သောက်လေ့ရှိသည်။ နိုင်ငံသားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၆ ဒသမ ၈ ကီလိုဂရမ်ကိုသောက်သုံးနေသည်။
၉။ လူဇင်ဘတ်
လူဇင်ဘတ်သည် နိုင်ငံငယ်လေးဖြစ်သော်လည်း ကော်ဖီနှင့်ပတ်သက်လျှင်တော့အထင်တော့သေးလို့မရ။ နိုင်ငံသားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၆ ဒသမ ၅ ကီလိုဂရမ်ကို သောက်သုံးနေသည်။ လိုက်ရပ်ဆေ သို့မဟုတ် ရုရှားနို့ဟု သိကြပြီး လက်တေးနှင့်ဆင်တူသော ကော်ဖီကိုလူကြိုက်များကြသည်။
၁၀။ ကနေဒါ
ကနေဒါသည် ကော်ဖီအသောက်ဆုံး ၁၀ နိုင်ငံစာရင်းတွင်ပါဝင်သည့် ဥရောပမှမဟုတ်သော နိုင်ငံဖြစ်သည်။ နိုင်ငံသားတစ်ဦးသည် တစ်နှစ်လျှင် ကော်ဖီ ၆ ဒသမ ၅ ကီလိုဂရမ်ကိုသောက်သုံးနေသည်။ လူဦးရေ ၃၃ သန်းရှိသော ကနေဒါသည် ကော်ဖီသည် လူကြိုက်များလွန်းသောကြောင့် ကနေဒါကော်ဖီအသင်းက နိုင်ငံတွင်း လူသောက်အများဆုံး ဖျော်ရည်မှာ ကော်ဖီသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။
(Top 10 Coffee Consuming Nations ကို ပြန်ဆိုသည်)
ရီလွင်
ဘာသာပြန်သည်။