![]()
သင်က မကြာခဏကော်ဖီဆိုင်တွေ ထိုင်တတ်သူတစ်ဦးဆိုရင်တော့ ကော်ဖီဆိုင်ထိုင်တဲ့အခါ မလုပ်သင့်တဲ့အချက်တွေကို သိပြီးသားဖြစ်မှာပါ။ ကော်ဖီဆိုင်တွေဆိုတာ ကောင်းရင် ကောင်းသလို အေးအေးဆေးဆေး၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထိုင်လို့ကောင်းတဲ့နေရာတွေရှိပြီး အဲဒီမှာ တခြားလူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် မလုပ်သင့်တဲ့ ကိစ္စတွေကတော့ အများကြီးပါ။
(၁)။ ဈေးနှုန်းနဲ့ပတ်သက်ပြီးမှတ်ချက်မပေးသင့်တာ
သင်က ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုထဲကို ဝင်သွားလိုက်ပြီဆိုပါတော့။ ကော်ဖီဆိုင်လေးက အေးပြီး သန့်နေသလို၊ ဆိုင်အတွင်းပြင်ဆင်မှုတွေကလည်း ကြည့်ရတာ လုံးဝအဆင်ပြေတဲ့အနေအထားကို မြင်လိုက်ရပြီ။ ဒါပေမယ့် မီနူးမှာပါတဲ့ဈေးနှုန်းတွေကို မြင်လိုက်ရတဲ့အချိန်မှာတော့ သင့်ရဲ့စိတ်ချမ်းသာနေတဲ့ အနေအထားလေး ပျောက်ဆုံးသွားခဲ့ပြီး ပါးစပ်ကပါ ဈေးကြီးလိုက်တာလို့ ထုတ်ပြောမိတဲ့အခြေအနေမျိုး ဖြစ်ကုန်တော့တာပါ။ တကယ်တော့ ကော်ဖီဆိုင်ကောင်းကောင်းတွေမှာ ဈေးကြီးတဲ့ကော်ဖီစေ့တွေကို ဝယ်သုံးကြရတာဖြစ်လို့ သူတို့ရဲ့ကော်ဖီဈေးနှုန်းတွေကလည်း တခြားဆိုင်တွေထက် အနည်းငယ်များနေနိုင်ပါတယ်။ သင့်အနေနဲ့ ဆိုင်ထဲရောက်ပြီးကာမှ ဈေးကလည်းကြီးလိုက်တာ ဆိုပြီး လူသိရှင်ကြားမှတ်ချက်ပေးလိုက်မိရင် သင်ဟာ ကော်ဖီနဲ့ပတ်သက်လို့ ဘာမှမသိဘူးဆိုတာ ထုတ်ပြောလိုက်သလိုပါပဲ။
![]()
GaudiLab/Shutterstock
(၂)။ ထိုင်သောက်မှာလား၊ ပါဆယ်ယူသွားမှာလားဆိုတာ စိတ်မပြတ်တာ
ကိုယ်က ကော်ဖီဆိုင်ထဲကို ဝင်လာမိပေမယ့် စိတ်ထဲမှာ ထိုင်သောက်ရင်ကောင်းမလား၊ ပါဆယ်ယူသွားဆိုတာ သေချာစဉ်းစားမလာမိတာကလည်း မကောင်းတဲ့အကျင့်တစ်ခုလို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေက သင်ဆိုင်မှာထိုင်သောက်မယ်ဆိုရင် ရိုးရိုးကော်ဖီခွက်နဲ့မုန့်စားဖို့ကိုလည်းပန်းကန်ပြားနဲ့ လုပ်ပေးမှာဖြစ်ပြီး ပါဆယ် ယူသွားမယ်ဆိုရင်တော့ မုန့်အတွက် စက္ကူအိတ်တို့၊ ကော်ဖီကိုသယ်ဖု့ိအတွက် ပလပ်စတစ်လက်ကိုင်စွပ်တို့ စီစဉ်ပေးရမှာပါ။ ဒီတော့ သင့်အနေနဲ့ ပါဆယ်ယူမယ်လို့ ပြောပြီးမှ ဆိုင်မှာထိုင်သောက်နေတယ်ဆိုရင် သူတို့ရဲ့ပစ္စည်းတွေကို အလဟသဖြုန်းတီးပစ်နေသလို ဖြစ်တာပေါ့။
(၃)။ ကော်ဖီကို မုန့်ဟင်းခါးလိုမျိုးအဆစ်တောင်းတာ
တချို့ကျတော့လည်း အဆစ်တောင်းတယ်ရယ်လို့ မဟုတ်ပေမယ့် နို့လေးနည်းနည်းလောက်ရမလား၊ ကော်ဖီလေးနည်းနည်းလောက်ထပ်ရမလား စသဖြင့် ကော်ဖီရဲ့အနေအထားပေါ်မူတည်ပြီး ထပ်တောင်းကြတာတွေပါ။ ကိုယ်မှာတဲ့ကော်ဖီအရသာကို စိတ်တိုင်းမကျလို့ ဟိုဟာလေး ထပ်ထည့်ခိုင်း၊ ဒီဟာလေး ထပ်ထည့်ခိုင်း လုပ်တာကလည်း ကိုယ်ဟာ ကော်ဖီဆိုင်ထိုင်နေကျလူတစ်ယောက်မဟုတ်ဘူး ဆိုတာ သိသာစေပါတယ်။
![]()
jakkapan/Shutterstock
(၄)။ Toilet သုံးချင်ရုံနဲ့ကော်ဖီဆိုင်ထဲဝင်တာ
တချို့က ကော်ဖီဆိုင်ထဲတော့ ဝင်သွားပါရဲ့။ ဒါပေမယ့် ဘာမှမမှာသေးပဲ တစ်ယောက်ယောက်ကိုစောင့်နေသလိုနဲ့ ထိုင်နေ၊ ပြီးလည်းပြီးရော Toilet ဝင်ပြီး ပြန်ထွက်သွား။ အဲဒါမျိုးတွေ လုပ်တတ်ကြတာပါ။ သူတို့ရဲ့ရည်ရွယ်ချက်က ကော်ဖီသောက်ဖို့မဟုတ်ပဲ Toilet သွားဖို့ဖြစ်တာကြောင့် သူတို့ကြောင့် ဆိုင်ဝန်ထမ်းတွေနဲ့ စားသုံးသူတွေ စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပါတယ်။ သင့်အနေနဲ့လည်း မြို့ထဲရောက်တုန်း Toilet သွားချင်ပြီဆိုရင် ဘာမှမစားပဲ ဘလိုင်းကြီးဝင်သွားတာထက် တစ်ခုခုမှာပြီးမှ Toilet သုံးတာက ပိုပြီး စမတ်ကျစေမယ်ထင်တာပါပဲ။
Linn