မျက်စိဝန်းကျင်ကအဖုသေးသေးများ
healthcare.com.mm
|
2019-05-10


အမျိုးသမီးတွေအနေနဲ့ မျက်နှာပေါ်မှာ ဘာအဖုအကျိတ်မှမရှိဘဲ ချောမွေ့လှပချင်ပေမယ့် တချို့အမျိုးသမီးတွေရဲ့ မျက်နှာပေါ်မှာအထူးသဖြင့် မျက်နှာဝန်းကျင်မှာအဖုသေးသေးတွေ မကြာခဏ တွေ့ဖူးပါတယ်။အဲ့ဒီအဖုသေးသေးတွေကို ဆရင်ဂိုးမား (Syringomas) လို့ ဆေးပညာဝေါဟာရရှိပါတယ်။ ဂရိဘာသာ ဆရင့် (Syrinx) က ဆင်းသက်လာတာပါ။ ဆရင့်ဆိုတာ ပြွန်တို့၊ ပိုက်တို့ကို ဆိုလိုတာပါ။ ကျွန်တော်တို့ မကြာခဏသုံးတဲ့ ဆေးထိုးပိုက်၊ ဆေးထိုးပြွန်တို့ကို ဆရင့် (Syringe) လို့ခေါ်ပါတယ်။အရေပြားရဲ့ ချွေးပြွန်မှာဖြစ်တဲ့အကျိတ်မို့ ဆရင်ဂိုးမားဆိုပြီး နာမည်တပ်လိုက်တာပါ။ ဒီတော့ ဒီအဖုသေးသေးတွေကို မြန်မာလို ဆီလျော်အောင်ပြောရရင် ချွေးပြွန်အကျိတ်ပေ့ါ။အကျိတ်ဆိုတာ ချွေးအိတ်တွေဆိုတာ လူမှာ မရှိမဖြစ်ပစ္စည်းပါ။အရေပြားရဲ့အလယ်လွှာ (Dermis) ထဲမှာ ရှိပါတယ်။ စပရိန်လို ခွေနေတဲ့ တစ်သျှူးတစ်မျိုးပါ။ ထွက်လာတဲ့ချွေးတွေကို ချွေးပြွန်ကအရေပြားလွှာ (Epidermis) ကို ဖြတ်သန်းပြီးမှအရေပြား မျက်နှာပြင်ပေါ်ကို စွန့်ထုတ်ပေးတာပါ။ ချွေးအကျိတ်ကအရေပြားပေါ်လွှာကို ချွေးပြွန်ဖြတ်သန်းသွားတဲ့နေရာမှာ ဖြစ်တာပါ။ ဘယ်လောက်ပဲကြာကြာအကျိတ်အဖုလေးတွေက ကင်ဆာမဖြစ်တတ်ပါဘူး။ လူကို ဒုက္ခမပေးတတ်ပါဘူး။ ယားတာ၊ နာတာလည်း မရှိပါဘူး။အလှပျက်ရုံသက်သက်ပါ။ စိတ်အနှောက်ယှက်ဖြစ်စရာပေါ့။ နောက်ပြီး ပင်အပ်ခေါင်းသာသာအရွယ်ကနေ မီးခြစ်ဆံခေါင်းလောက်အရွယ်ထက် ပိုကြီးမလာပါဘူး။ သူ့ဘာသာသူလည်းအလိုလိုပျောက် မသွားပါဘူး။ ဘယ်လိုအသွင်သဏ္ဍာန်လဲ။အများစုကတော့အသားရောင် ဒါမှမဟုတ်အဝါဖျော့ဖျော့ရောင် ပင်အပ်ခေါင်းအရွယ်အဖုသေးသေးလေးပါပဲ။ တချို့ကျတော့အရည်ကြည်အိတ်သေးသေးလေးလို တွေ့ရတတ်ပါတယ်။ မျက်နှာပြင်ကလည်း ချောမွေ့ပြောင်လက်နေပါတယ်။ နီရဲရောင်ရမ်းနေတာမျိုး မရှိပါဘူး။ ပါးရဲ့အပေါ်ပိုင်းနဲ့ မျက်လုံးဝန်းကျင်၊အပေါ်မျက်ခွံ၊အောက်မျက်ခွံတွေမှာ သိသိသာသာ ပိုများပါတယ်။ ထူးခြားတာကအမြဲတမ်းလိုလို ဘယ်ရော၊ ညာပါဖြစ်လေ့ရှိပါတယ်။ မိတ်ဆွေ စာရေးဆရာမ ချောချောလေးတစ်ဦးဆိုရင် သူ့မှာရှိတဲ့ ဒီအကျိတ်ဖုသေးသေးတွေကို လူမမြင်အောင် မျက်မှန်လေးတပ်ပြီး ဖုံးထားရှာပါတယ်။ မျက်နှာအပြင်ရှားရှားပါးပါး ချိုင်းတို့၊ ရင်ဘတ်တို့၊ ဗိုက်တို့၊ ကျား မလိင်အင်္ဂါတို့မှာလည်း တွေ့ရတတ်ပါတယ်။ ဒါထက် ပိုရှားတာကတော့ ခေါင်းမှာဖြစ်တဲ့ Scalp Syringoma ပါ။အဲ့ဒီအခါမှာတော့ ဆံပင်တွေပါ ကျွတ်သွားပါလေရော။ ဖြည်းဖြည်းနဲ့မြန်မြန် သာမန်အားဖြင့် တဖြည်းဖြည်းချင်း တစ်လုံးစ၊ နှစ်လုံးစ မသိမသာပေါ်လာပြီး ကြာမှအစုအဝေးဖြစ်တတ်သွားတာပါ။ ဒါပေမယ့် ဝုန်းဆို ရုတ်တရက်အဖုတွေအများကြီးပေါ်လာတဲ့အမျိုးအစားလည်း ရှိပါသေးတယ်။ Eruptive Syringoma လို့ခေါ်ပါတယ်။ ဒီအမျိုးအစားက မျက်နှာမှာ မတွေ့ရဘဲ လည်ပင်း၊ ရင်ဘတ်၊ ချိုင်း၊ လက်မောင်းနဲ့ ချက်ပတ်လည်တွေမှာလည်း တွေ့ရတတ်ပါတယ်။ ပြွတ်ခဲနေတာပါ။ ဒီတော့ ဆစ်ဖလစ်ဆိုတဲ့ ကာလသားရောဂါတစ်မျိုးနှင့်တောင် မှားနိုင်ပါတယ်။ ကလေးတွေမှာ ဒီအဖုမျိုးက မရှိသလောက်ပါ။ လူပျိုဖော်၊အပျိုဖော်ဝင်ပြီးနောက်မှာသာ တစ်လုံးစ၊ နှစ်လုံးစအဲဒီအဖုအကျိတ်သေးသေးလေးတွေ ပေါ်လာတတ်တာပါ။ နောက်တော်တော်ကြီးကိုကြာမှ တဖြည်းဖြည်းများလာတာပါ။အမျိုးသမီးတွေမှာအတွေ့ရများပေမယ့်အမျိုးသားတွေမှာလည်း ရံဖန်ရံခါတွေ့ရတတ်ပါတယ်။အမေရိကန်သမ္မတအိုဘားမားတို့လိုအာဖရိကသွေးနှောတဲ့အမေရိကန်တွေရယ်၊ ကျွန်တော်တို့အာရှတိုက်သားရယ်အလွန်ကြုံရတတ်တဲ့ ပြဿနာပါ။အထူးသဖြင့် ဂျပန်မတွေမှာဆို ဒီလိုမျက်လုံးဝန်းကျင်ကအကျိတ်လေးတွေ ဖြစ်မှဖြစ်ပဲ။ ကိုယ်တွင်းရောဂါတွေနဲ့ ပတ်သက်သလား။ ဒီချွေးပြွန်အကျိတ်သေးသေးတွေကအသည်းရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ ခန္ဓာကိုယ်တွင်း ရောဂါတွေနဲ့လည်း ပတ်သက်မှုမရှိပါဘူး။ ကင်ဆာရောဂါတွေနဲ့လည်း မပတ်သက်ပါဘူး။ ဒါပေမဲ့ မွေးရာပါဉာဏ်ရည်နိမ့်တဲ့ရောဂါ (Down Syndrome) ရှိသူတွေမှာတော့ ပိုတွေ့ရလေ့ရှိပါတယ်။ တိတိကျကျ ပြောရရင်အဲ့ဒီရောဂါရှိသူ ၁ဝဝ မှာအယောက် ၂ဝ လောက်က ဒီလိုအကျိတ်လေးတွေ တွေ့နိုင်ပါတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူတွေ ဆီမှာလည်း ပိုပြီးတွေ့ရတတ်ပါလို့ သိရပါတယ်။ Clear Cell Syringoma ဆိုတဲ့ ရှားပါးချွေးအကျိတ်ကျပြန်တော့ ဆီးချိုရောဂါနှင့် ဆက်နွှယ်မှုရှိတာမို့ ချွေးအကျိတ်တွေရှိတဲ့သူတွေကို ဆီးချိုသွေးချို ရှိ၊ မရှိတော့ စစ်ဆေးသင့်ပါတယ်။ နောက်ပြီး မျက်စိနားမှာဖြစ်တဲ့အကျိတ်ပေမယ့်အရေပြားရောဂါစစ်စစ်ပါ။ မျက်စိကို တစ်စုံတစ်ရာ ထိခိုက်တာမျိုးလည်း မရှိပါဘူး။ မျက်စိရောဂါတွေနဲ့လည်း ဒီချွေးပြွန်အကျိတ်ငယ်တွေ ဆက်စပ်မှု မရှိပါဘူး။ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။ မျိုးရိုးလိုက်တတ်ပေမယ့် ရှားပါတယ်။ စိတ်ပူစရာ မရှိပါဘူး။ ချွေးပြွန်အကျိတ်တွေ ဟုတ်၊ မဟုတ် တကယ်တော့အရေပြားဆရာဝန်တွေအနေနဲ့ ဒီရောဂါကို မြင်တာနဲ့အလွန်သိသာတဲ့ ကိစ္စမို့အသားစယူပြီး စစ်ဆေးတာကို လုပ်ဖို့တောင်မလိုပါဘူး။အရှေ့ပိုင်းမှာ ပြောခဲ့သလို ပင်အပ်ခေါင်းသာသာအသားရောင် ဒါမှမဟုတ်အဝါရောင်ဖျော့ဖျော့ မျက်စိဝန်းကျင်ကအကျိတ်ငယ်အဖုငယ်တွေဟာ တခြားအရေပြားရောဂါနဲ့အတော်မှားခဲ့ပါတယ်။ ဒါပေမယ့်လည်း မျက်နှာမှာမဟုတ်ဘဲ ချိုင်း၊ ချက်ပတ်လည်၊ လည်ပင်း စတဲ့နေရာတွေမှာ တွေ့ရရင်တော့အသားစစစ်ဆေးပြီး ကြည့်တာက ပိုသေချာပါတယ်။ မျက်နှာမှာတွေ့ခဲ့လို့အသားစယူရင်အမာရွတ်ထင်ကျန်မှာလည်း စိုးရိမ်ရပါတယ်။ များနိုင်တယ်။အခြားအဖုတွေလည်း ရှိတော့ရှိပါတယ်။ ဥပမာ - မွေးညင်းနုအကျိတ် (Tricho epithelioma) ဆိုတာနဲ့ တစ်ခါတလေ မှားတတ်ပါတယ်။အဲဒီအကျိတ် တဖြည်းဖြည်းနဲ့အရမ်းကြီးလာတတ်တယ်။ ချွေးပြွန်အကျိတ်လို တည်တည်ငြိမ်ငြိမ် မရှိလှပါဘူး။ နောက်တစ်ခုကတော့ ဇန်သီလက်စမာ (Xanthelasma) ဆိုတဲ့အဆီကျိတ်နဲ့ မှားနိုင်ပါတယ်။အဝါရောင် ခပ်ပျော့ပျော့အဆီအကျိတ်လေးတွေပေါ့။ မျက်ခွံပေါ်မှာ တွေ့ရတာများပါတယ်။ သူလည်း ဒုက္ခမပေးပေမယ့် လူကိုအလှပျက်စေပါတယ်။ မီလီရာ (Milia) လို့ ဆေးပညာခေါ်တဲ့အကြည်ဖုသေးသေးလေးတွေ မျက်စိဝန်းကျင်၊အထူးသဖြင့် မျက်ခွံတွေမှာ တွေ့ရတတ်တာမို့၊ မှားနိုင်ပါသေးတယ်။ ဒီပြဿနာကလည်း ချွေးပြွန်ကနေဖြစ်တဲ့အရည်အိတ် (Cyst) ပါ။အထဲက ဝတ်ဆံကို ပိုးသန့်စင်တဲ့ တစ်ခါသုံးအပ်နဲ့အသာလေးဖောက်ပေးလိုက်ရင်အလွယ်တကူ ပျောက်ကင်းတဲ့ပြဿနာပါ။ ကုသနည်းမှန်ပါစေ ချွေးပြွန်အကျိတ်တွေ ရှိတဲ့သူတွေဟာ မှန်ကြည့်တိုင်း စိတ်မချမ်းမမြေ့ ဖြစ်ကြမှာပါ။အလှဖျက်တဲ့ ဒီအဖုလုံး သေးသေးတွေကို ကုလို့ရပါတယ်။ လျှပ်စစ်ဓာတ်နဲ့ ဖျက်စီးပစ်တာ ရှိပါတယ်။ Electrodesication ပေါ့။ ကျွမ်းကျင်သူတွေမှ လုပ်ပေးလို့ ရပါတယ်။အခန့်မသင့်ရင်အမာရွတ်တွေ ကျန်ခဲ့မှာကို နောက် လေဆာကုထုံးပေါ့။ ဒါလည်း မျက်စိနားနီးတော့ ကျွမ်းကျင်သူတွေနှင့်ပဲ ကုသမှုခံယူသင့်ပါသည်။ နောက်တစ်မျိုးကတော့အလွန်အေးတဲ့ နိုက်ထရိုဂျင်အရည်နဲ့ တို့ပေးတဲ့နည်းပါ။အခုပြောခဲ့တဲ့ နည်းသုံးမျိုးနဲ့ပဲအမြစ်ပြတ်အောင် ကုပေးလို့ရပါတယ်။ သိပ်ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတိပြုစေချင်တာက တွေ့ရာလိမ်းဆေးတွေ၊ ဆေးမြီးတိုတွေနှင့် လက်တည့်မစမ်းမိဖို့ပါ။ မျက်နှာပေါ်အမျက်စိဝန်းကျင်ကို မသိနားမလည်တဲ့ လိမ်းဆေး၊ လူးဆေးတွေ လိမ်းမိရင်အရေပြားပျက်စီးမှု ဖြစ်တတ်ပါတယ်။ ပိုပြီးအလှပျက်သွားနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး မှန်ကန်တဲ့ ကုသနည်းကိုသာ ခံယူသင့်ပါကြောင်းအသိပေးအကြံပြုလိုပါတယ်။  Ref: ဒေါက်တာဦးကျော်ကျော် Arogyam magazine December 2014, No.269, Pg.85-87  သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..