မာလကာသီးလေးအချိုတည်းရင် ကြွပ်နေမှ ၊ ချိုအေးနေမှအမောပြေတာနော်။ ဒီအရသာလေးကို နှစ်သက်လို့စားကြပေမယ့် သူ့ကိုစားလို့ ကျန်းမာရေးမှာအကျိုးရှိစေနိုင်တာတွေလည်းရှိတာကို သိနေလို့လည်းစားကြတာပါ။ မာလကာသီးထဲမှာကိုအတွင်းသား ပန်းရောင်သမ်းနေတဲ့အူနီလေးတွေက ပိုဆေးဖက်ဝင်တယ်လို့ ရှေးလူကြီးတွေပြောလေ့ရှိပါတယ်။အပေါ်ယံအမြင်နဲ့ကြည့်ရင်လည်း ပန်းရောင်အူနီသီးတွေကအသားပိုမွမွလေးဖြစ်တယ်၊ စားလို့ကောင်းတယ်၊ နူးညံ့တယ်လေ။ သူ့ရဲ့ဆေးဖက်ဝင်အာနိသင်ကို လေ့လာပြန်တော့လည်း ဒီအတိုင်းလေးတွေ တွေ့ရပါတယ်။
(၁) သွေးတွင်းသကြားဓာတ်ကျစေတယ် မာလကာသီးဟာ သွေးတွင်းသကြားဓာတ်ထိန်းညှိနိုင်စွမ်းပိုကောင်းစေတဲ့အာနိသင်ရှိတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ဆီးချိုရှိတဲ့ ဖေဖေမေမေတို့အတွက်လည်း မကြာမကြာ စားသင့်တဲ့သီးနှံတစ်မျိုးပါပဲ။ ဆီးချိုုမရှိသူတွေမှာလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
(၂) နှလုံးကျန်းမာစေတယ်
မာလကာသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ဗီတာမင်တွေကြောင့် နှလုံးကို free radicals တွေရန်က ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့အမျှင်ဓာတ်တွေလည်းပါဝင်မှုများလို့ နှလုံးကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။ မာလကာသီးက သွေးတိုးကိုကျစေ၊ မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပြီးအကျိုးပြုကိုလက်စထရောတွေကို မြင့်တက်စေတဲ့အတွက် နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်တာပါ။
(၃) ရာသီလာချိန် ကိုက်ခဲမှုတွေကို သက်သာစေတယ် လူကြီးတွေပြောလေ့ရှိတာက ရာသီလာချိန် ချုပ်စာတွေမစားရဘူးဆိုပြီး ရှောင်ခိုင်းတဲ့အထဲမှာ မာလကာသီးလည်းပါပါတယ်။ ရာသီလာချိန် ကိုက်ခဲတာက prostaglandins လို့ခေါ်တဲ့ သားအိမ်နံရံမှာရှိတဲ့ ဟေ်ာမုန်းလိုဓာတ်ပစ္စည်းတွေကြောင့် ဖြစ်ရတာမို့ ဒီလိုအစားအသောက်နဲ့မဆိုင်ပါဘူး။ ပိုမဆိုးအောင်၊ သက်သာအောင်တော့အပူအစပ်တွေ၊ပြုပြင်ထားတဲ့အစားအစာတွေရှောင်သင့်တာပဲရှိတယ်။ သက်သာစေမယ့်အစားအသောက်တွေလည်းရှိတယ်။အခုက မာလကာသီးဟာ ရာသီလာချိန်ဖြစ်တတ်တဲ့ကိုက်ခဲမှုတွေကိုတောင် သက်သာစေနိုင်တယ်လို့ လေ့လာမှုအထောက်အထားတွေကဆိုပါတယ်။ ဒီအချိန်မျိုးဆို သူကအကိုက်အခဲပျောက်ဆေးထက် ပိုစွမ်းနေနိုင်ပါတယ်။ (၄)အစာခြေစနစ်အတွက်ကောင်းတယ် မာလကာသီးဟာအမျှင်ဓာတ်တွေကြွယ်ဝတဲ့အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက်အူတွင်းလှုပ်ရှားမှုကို ပိုကျန်းမာစေပြီး ဝမ်းမချုပ်အောင် ကာကွယ်နိုင်တယ်။ မာလကာသီးတစ်လုံးမှာဆို တစ်နေ့တာစားသင့်တဲ့အမျှင်ဓာတ်ပမာဏရဲ့၁၂ ရာခိုင်နှုန်းပါဝင်ပါတယ်။ မာလကာရွက်ဆိုရင်တောင် ဝမ်းပျက်ဝမ်းလျှောခြင်းသက်သာစေတယ်၊ ပိုးသတ်အာနိသင်ကြောင့်အူလမ်းကြောင်းကိုဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။အရွက်ကျတော့ ဒီအတိုင်းစား၊ ပြုတ်သောက်တာဆို ဘေးရှိနိုင်လို့ ဆေးအဖြစ် extract ထုတ်ထားတာတွေလောက်မှ သုံးလို့ ဖြစ်မှာပါ။
(၅)အဆီချတဲ့အချျိန် စားသင့်တယ်
အမျှင်ဓာတ်များတဲ့ မာလကာသီးဟာအဆီချတဲ့အခါ စားသင့်တဲ့အသီးထဲပါဝင်ပါတယ်။အစား diet လုပ်တဲ့အခါ ပန်းသီး၊ မာလကာသီးတို့ကိုစားရင်အဆာခံတယ်၊ ကယ်လိုရီနည်းတယ်၊အချိုနည်းတယ်။ သူ့မှာ ကယ်လိုရီနည်းတဲ့အပြင် ဗီတာမင်နဲ့သတ္တုဓာတ်တွေလည်းပါဝင်တာကြောင့် dietလုပ်တဲ့အခါအာဟာရမလျော့တော့ဘူးပေါ့။ (၆) ကိုယ်ခံအားမြှင့်တင်ပေးတယ် ဗီတာမင် စီအားနည်းရင် ရောဂါဝင်လွယ်တယ်၊ ကိုယ်ခံအားနည်းတယ်ဆိုတာ သိကြပါတယ်။ မာလကာသီးက မချဉ်ပေမယ့် ဗီတာမင်စီ ကြွယ်ဝပါတယ်။ မာလကာသီးတစ်လုံးဆိုရင် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ နှစ်ဆလောက်ပါဝင်နိုင်ပါတယ်။ လိမ္မော်သီးတစလုံးစာထက် ပိုများနေတာပေါ့။ ဒီတော့ ကိုယ်ခံအားကို ပိုကောင်းစေပြီး ရောဂါပိုးတွေခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။ (၇)အသားအရေအတွက် ကောင်းတယ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးပါလို့အသားအရေအတွက်အတော်အကျိုးပြုပါတယ်။ မာလကာသီးအူနီမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကအရေပြားထိခိုက်မှုကိုကာကွယ်ပေးပြီးအိုမင်းရင့်ရော်မှုတွေကို နှေးကွေးစေနိုင်ပါတယ်။ နောက်တစ်ချက်က မာလကာရွက်ကို ချေပြီး တို့ပေးရင် ဝက်ခြံသက်သာစေနိုင်ပါတယ်။ လေ့လာမှုအရ မာလကာရွက် extract က ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားကို သေစေနိုင်တယ်လို့ သိရပါတယ်။အရသာလည်းရှိ ဆေးဖက်လည်းဝင်တဲ့ မာလကာသီးကို စားမယ်ဆို ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရနိုင်ပေမယ့်အစေ့ကိုတေ့ မစားမိဖို့၊ မျိုမချမိဖို့ ဂရုစိုက်ပါ။အူအတက်ပေါက်နိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။