မလိုတဲ့အမွေးအမှင်တွေကို waxing လုပ်ပြီးဖယ်ရှားလိုက်တယ်ဆို ရှင်းတော့ရှင်းသွားပါရဲ့။အသားအရေကိုထိမှာလား စိုးရိမ်ကြသူတွေရှိတယ်။ ဒီနည်းလုပ်လို့အသားအရေတွေ ပွန်းပဲ့ပျက်စီးမှာလား၊အသားမာတွေဖြစ်ကုန်မှာလား၊ မည်းသွားမှာလား စိတ်ပူနေဖို့ မလိုပါဘူး။ ဒီအချက်တွေသာ ဂရုစိုက်ပေးရင်ရပါပြီ။အရေပြားပေါ်ကအမွေးအမှင်တွေကိုနုတ်တာပဲလေ၊ ခဏတော့ ဖျတ်ခနဲနာတာရှိမှာပေါ့။အရေးကြီးတာကအဲဒီအရေပြားကို ဂရုစိုက်ထိန်းသိမ်းမှုဆက်လုပ်ပေးဖို့လိုပါတယ်။ ဘာလေးတွေဆောင်ရန်၊ ရှောင်ရန်သိထားဖို့လိုလဲ ကြည့်ရအောင်။
အကျပ်မဝတ်နဲ့
ချိုင်းကြားအသားအရေ နဲ့ ပေါင်ခြံ၊ဆီးခုံတဝိုက်မှာ waxing လုပ်တာက ဘာမှမဖြစ်လောက်ဘူးလို့ထင်ရပေမယ့် သေချာဂရုမစိုက်ရင် ဂျင်းဘောင်းဘီတို့၊အင်္ကျီကျပ်ကျပ်တို့နဲ့ဆိုအရေပြားပွန်းကုန်နိုင်တယ်။waxing လုပ်ထားကာစမှာ သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေရွေးဝတ်ပါ။
ကလိုရင်း ရေတွေရှောင်ပါ
ကလိုရင်းနဲ့ ဆားငန်ရေတွေ မထိတွေ့ပါစေနဲ့။ waxing လုပ်ထားပြီး ရေကူးတာ၊ ကမ်းခြေမှာကဲတာတွေ မလုပ်မိဖို့သတိထားပါ။ waxing လုပ်ထားတယ်ဆိုအသားအရေက နုနေပြီး ထိခိုက်လွယ်တာကြောင့်အနည်းဆုံး ၁၂ နာရီအတွင်းတော့ ဒီရေတွေကို ရှောင်ပါ။ နောက်တစ်ချက်က ရေနွေးနဲ့ချိုးတာလည်း ရှောင်ပါ။
နေပူမခံပါနဲ့
(မျက်နှာ သို့မဟုတ် ခြေသလုံးတို့လို ဖုံးအုပ်မထားတဲ့နေရာတွေ) waxing လုုပ်ပြီးတဲ့အခါ တတ်နိုင်သလောက် နေရောင်ခြည်နဲ့ထိတွေ့မခံပါနဲ့။ ပုံမှန်အသားအရေထက် ပိုထိခိုက်လွယ်ပါတယ်။
ဓာတုပြင်းတာတွေ ရှောင်ပါ
အသားအရေက ပိုထိခိုက်လွယ်တဲ့အတွက် skin care တွေလိမ်းတဲ့အခါအမွှေးနံ့၊ ဓာတုပစ္စည်းပြင်းတာတွေ မသုံးပါနဲ့။ ရက်ပိုင်းလောက်အတွင်းတော့ မျက်နှာသစ်ဆေး၊ လိုးရှင်း၊အစိုဓာတ်ထိန်းပစ္စည်း စတာတွေကိုအပျော့စားလေးတွေပဲသုံးပါ။
ကိုင်ကြည့်မနေပါနဲ့
အမွေးအမှင်တွေရှင်းသွားပြီး ပြောင်ရှင်းရှင်းဖြစ်နေပြီဆိုတာနဲ့ လက်နဲ့သွားကိုင်ကြည့်နေတာမျိုးက ပိုးဝင်ဖို့လွယ်စေပါတယ်။ မွေးညင်းပေါက်တွေမှာ ဒါမှမဟုတ် ပေါက်ပြဲမှုတစ်ခုခုရှိခဲ့ရင် လက်မှာကပ်ငြိနေတဲ့ဘက်တီးရီးယားတွေ ဝင်ရောက်သွားနိုင်ခြေပိုလွယ်စေပါလိမ့်မယ်။ တစ်ခုခုလိမ်းတဲ့အခါလည်း လက်ကိုသန့်အောင်ဂရုစိုက်ပါ။
waxing မလုပ်ခင်အရင်ရေချိုးသန့််စင်ပါ
ရေချိုးတာနဲ့၊ ရေချိုးဆပ်ပြာတွေက waxing လုပ်ထားကာအသားအရေကို ပွန်းစေ၊ ခြောက်သွေ့နိုင်စေလို့ ရေသေချာချိုးပြီးမှ waxing လုပ်တာကောင်းပါတယ်။ waxing ပြီးရင်အဝတ်နု သို့မဟုတ် wet tissue လေးနဲ့အသာလေးသုတ်လိုက်ရင်ရတာပဲ။
အပျော့စားအသားအရေထိန်းပစ္စည်းတွေသုံးပါ
waxing လုပ်ပြီးနောက်ပိုင်းအသားအရေက ပုံမှန်ထက်တော့ ပိုထိခိုက်လွယ်တဲ့အနေအထားမို့အသားအရေထိန်းပစ္စည်းတွေနဲ့ဆပ်ပြာ ပြင်းပြင်းတွေသုံးလိုက်ရင် ပိုဆိုးနိုင်ပါတယ်။အမွှေးနံ့မပြင်းတဲ့ cleanser တွေ၊ moisturizer တွေသုံးပါ။ waxing လုပ်ထားတဲ့ဧရိယာတဝိုက်ကို နောက် ၂၄ နာရီအတွင်း သန့်ရှင်းအောင်ထားပါ၊ မပူအောင်၊ မပွန်းအောင်ထားပါ။ ဆိုလိုတာက -
ရေနွေးနဲ့မချိုးပါနဲ့။
အားကစားလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေ ရှောင်ပါ။
မသန့်ရှင်းတဲ့လက်နဲ့ ထိတွေ့တာ၊ ကုတ်တာ ရှောင်ပါ။
ချိုင်းကို waxing လုပ်ထားတာဆိုရင် ချွေးနံ့ပျောက်ဆေး Roll On တွေမလိမ်းပါနဲ့။ waxing လုပ်တဲ့နေရာတွေကို ဘော်ဒီစပရေး၊ ပေါင်ဒါ၊ လိုးရှင်းတွေ မလိမ်းပါနဲ့ဦး။
အစိုဓာတ်ထိန်းတဲ့ သဘာဝဂျယ်လ်လေးတွေ လိမ်းပေးလို့ရပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။