လူတိုင်းသိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့အရေပြားကင်ဆာအန္တရာယ်အကြောင်း
shwemom.com
|
2019-05-16

ခရမ်းလွန် UV ရောင်ခြည်တွေဟာအရေပြားကင်ဆာဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းကြီးဖြစ်ပြီး ရောင်ခြည်အများစုက နေကနေ လာပါတယ်။ ဒါကြောင့် နေရောင်ကိုအချိန်အကြာကြီးခံတဲ့သူတွေဟာအရေပြားကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ UV ရောင်ခြည်တွေဟာအရေပြားရဲ့ ဒီအန်အေဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။အရေပြားဆဲလ်ကြီးထွားနှုန်းကို ထိန်းချုပ်ပေးတဲ့ မျိုးဗီဇတွေ ပျက်စီးတဲ့အခါမှာတော့အရေပြားကင်ဆာ စတင်ဖြစ်ပွားတာ ဖြစ်ပါတယ်။


pexels

အဓိကအားဖြင့် UV ရောင်ခြည်အမျိုးအစား (၃) မျိုး ရှိပါတယ်။ UVA ရောင်ခြည်၊ UVB နဲ့ UVC တို့ ဖြစ်ပါတယ်။ UVA ဟာအရေပြားကို ရင့်ရော်စေပြီး ဒီအန်အေကို ပျက်စီးစေပါတယ်။အသားအရည်ရှုံ့တွလာတာတွေဟာ ဒီရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ UVB ကတော့ UVA ထက်အင်အားပိုပြင်းပါတယ်။ UVB တွေဟာအရေပြားဆဲလ်တွေရဲ့ ဒီအန်အေကို တိုက်ရိုက်ပျက်စီးစေနိုင်ပါတယ်။အရေပြားနေလောင်ခြင်းရဲ့အဓိကအကြောင်းရင်းကတော့ UVB ရောင်ခြည်ကြောင့် ဖြစ်ပါတယ်။ UVC ကတော့ UVA နဲ့ UVB တို့ထက် ပိုပြင်းပေမယ့် လူသားတွေရှိရာ လေထုထဲကို ထိုးဖောက်မဝင်နိုင်တာကြောင့် နေရောင်ထဲမှာလည်း မရှိပါဘူး။ ဒါကြောင့်အရေပြားကင်ဆာရဲ့အဓိကအကြောင်းရင်းနှစ်ခုက UVA နဲ့ UVB တို့ကြောင့် ဖြစ်ပါတယ်။


pexels

UV ရောင်ခြည်တွေရဲ့ ပြင်းအားအနည်းအများကတော့အကြောင်းအရင်းအမျိုးမျိုးအပေါ်မှာ မူတည်နေပါတယ်။ UV ရောင်ခြည်တွေဟာ မနက်(၁၀)နာရီနဲ့ ညနေ(၄) ကြားမှာအပြင်းဆုံးဖြစ်ပါတယ်။ တစ်နှစ်တာပတ်လုံးမှာဆိုရင်တော့ နွေရာသီမှာ UV ရောင်ခြည်တွေ ပိုပြင်းလေ့ရှိပါတယ်။အီကွေတာနဲ့ ဝေးလေလေ UV ရောင်ခြည်တွေရဲ့ သက်ရောက်မှုအားဟာ လျော့နည်းလာလေလေပါ။ တိမ်တွေဟာလည်း ကမ္ဘာမြေအပေါ် UV ရောင်ခြည်သက်ရောက်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။အချို့တိမ်အမျိုးအစားတွေကတော့ UV ကို ပိတ်ဆို့ပေးနိုင်ပေးမယ့်အချို့ကတော့ UV ကို ပိုအားကောင်းလာအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် နေမပူဘဲ တိမ်ထူတဲ့နေ့တွေမှာတောင် UV ရောင်ခြည်တွေဟာ ရှိနေပါတယ်။


pexels

ဒါကြောင့် တစ်နှစ်ပတ်လုံး စူးရှတဲ့နေရောင်ကျရောက်တဲ့အရပ်ဒေသက လူတွေဟာအရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားလျက် ရှိပါတယ်။ နေရောင်ခြည်ဒဏ်က ကာကွယ်ပေးတဲ့အဝတ်အစား မဝတ်ခြင်း၊ နေရောင်ကာလိမ်းခရင်မ်တွေ မလိမ်းပဲ နေပူထဲမှာအချိန်ဖြုန်းခြင်းကလည်းအရေပြားကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ငယ်စဉ်တုန်းက နေလောင်ဒဏ် မကြာခဏခံခဲ့ရတဲ့ ကလေးတွေဟာလည်း နှစ်ပေါင်းကြာလာတဲ့အခါအရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ UV ရောင်ခြည်ကြောင့် ပါးရေတွန့်တာ၊အိုမင်းရင့်ရော်လွယ်တာ၊အမဲကွက်တွေ ဖြစ်ပွားတာနဲ့အရေပြားအရောင်ပြောင်းလဲတာတွေပါ ဖြစ်ပွားနိုင်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: cancer.org




Some text some message..