ဒန့်သလွန်သီးကို ချက်စားမယ်ဆိုပါစို့။ တခြားအသီးတွေလိုအစေ့ကိုဖယ်ရတာမဟုတ် ၊အစေ့နဲ့အသားကိုအဓိကစားကြတာပါ။ ဒီလိုချက်စားမယ်ဆို နုတဲ့အသီးမှ ရွေးရပါတယ်။ ဒါပေမယ့် ဒန့်သလွန်ပင် ရှိနေတဲ့အိမ်မှာတော့အသီးအရင့်တွေကိုအခြောက်ပဲခံလိုက်တော့တယ်။ မျိုးစေ့ယူရတာကိုး။ လူကြီးတွေ နောက်တစ်မျိုးအသုံးချတာ ဘာလဲဆိုတော့ သွေးပေါင်တက်နေပြီဆို ဒန့်သလွန်သုံးလေးစေ့ကို နှစ်ချက်လောက်ဝါးပြီး ရေနဲ့သောက်ချလိုက်တာပါပဲ။ သွေးတိုးကျတာ တကယ်ကြီးနော်။ မြန်မှမြန်။ ဒါနဲ့ပဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းသိချင်လာတာနဲ့ ရှာကြည့်တော့ ဒီလိုတွေရှိနေသေးတာ တွေ့ရတယ်။ ဒန့်သလွန်စေ့က -
သွေးချိုကျစေတယ်
ဒန့်သလွန်စေ့ရဲ့ထင်ရှားတဲ့အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိတာပါပဲ။၂၀၁၂ ခုနှစ်က သုတေသနတစ်ခုမှာ ဒန့်သလွန်စေ့ extract နဲ့ ၂၁ ရက်ကြာ ကုသစမ်းသပ်မှုအတွင်း သွေးတွင်းသကြားဓာတ်လျော့ကျခဲ့တာတွေ့ရပါတယ်။
ကိုလက်စထရော ကျစေတယ်
ဒန့်သလွန်ဟာ ကိုယ်လက်စထရောနဲ့အဆီဓာတ်တွေနဲ့ပတ်သက်ရင် ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အာနိသင်တွေရှိတယ်ဆိုတာ လူသိများပါတယ်။ ၂၀၀၃ ခုနှစ်က လေ့လာမှုမှာ ယုန်လေးတွေကို ရက် ၁၂၀ ကြာ ဒန့်သလွန်စေ့ (တစ်နေ့ ၂၀၀ မီလီဂရမ်) ကျွေးထားပါတယ်။ လေ့လာမှုရလဒ်အရ သူတို့မှာ သွေးတွင်းကိုလက်စထရောနဲ့ triglyceride ပမာဏပိုနည်းလာတာတွေ့ရပါတယ်။ သူတို့ရဲ့အသည်းနဲ့နှလုံးမှာလည်းအဆီတွေနည်းလာတာတွေ့ရပါတယ်။
နှလုံးကျန်းမာရေးအတွက်ကောင်းတယ်
ဒန့်သလွန်စေ့က နှလုံးသွေးကြောစနစ်အတွက် ကာကွယ်ပေးနိုင်စွမ်းရှိတဲ့အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။ဒါ့ကြောင့်ပဲ သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲနှလုံးပြဿနာတွေကို ကာကွယ်ပေးပါတယ်။
ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတယ်
ဒန့်သလွန်စေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်စွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေအများကြီးပိုင်ဆိုင်ထားတယ်ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။
ဦးနှောက်ကျန်းမာရေးကိုအထောက်အကူပြုတယ်
ဒန့်သလွန်စေ့ကအာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပြီး ဦးနှောက်ကိုကျန်းမာစေပါတယ်။ ဦးနှောက်အတွက်အကောင်းဆုံးအာဟာရတွေဖြစ်တဲ့အမိုင်နိုအက်စစ်၊အိုမီဂါသရီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်အီး တို့အားလုံး ဒန့်သလွန်စေ့မှာပါရှိတယ်ဆိုတော့ ဦးနှောက်ကျန်းမာစေပြီပေါ့။
အသည်းကျန်းမာစေတယ်
ဒန့်သလွန်စေ့မှာအသည်းထိခိုက်မှုကို လျော့နည်းစေပြီးအသည်းကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ဒန့်သလွန်စေ့ကအသည်းမာ၊အသည်းခြောက်ခြင်းကို ကာကွယ်နိုင်ပြီးအသည်းကိုထိခိုက်စေမယ့်အရာတွေကို ကုသပေးနိုင်ပါတယ်။
အိပ်လို့ပျော်စေတယ်
ဒန့််သလွန်စေ့မှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တဲ့အပြင်အိပ်စက်ခြင်းကိုအားပေးတဲ့ဟော်မုန်းတွေနှိုးဆွပေးတဲ့အမိုင်နိုအက်စစ်တွေပါဝင်ပါတယ်။
မျက်စိအားကောင်းစေတယ်
ဒန့်သလွန်စေ့ကအမြင်အာရုံအတွက်ကောင်းတဲ့ ဗီတာမင် အေလည်းပါဝင်မှုမနည်းပါဘူး။ ဒန့်သလွန်စေ့ကိုစားသုံးတဲ့သူတွေကိုလေ့လာရာမှာ ကွန်ပျူတာရှေ့အချိန်အရမ်းကြာခဲ့တာတောင်အမြင်အာရုံအားကောင်းနေသေးတာ ဖြစ်ပါတယ်။
သွေးအားကောင်းစေတယ်
ဒန့်သလွန်စေ့က သံဓာတ်ကြွယ်ဝလို့ သွေးအားနည်းခြင်းကို ကာကွယ်နိုင်၊အားဖြည့်နိုင်ပါတယ်။ မောပန်းနေတာ၊အားနည်းနေတာ၊ခေါင်းကိုက်တာ၊အသက်ရှုူမဝတာ၊ ဦးနှော်က်စွမ်းဆောင်ရည်ကျဆင်းတာတွေက သွေးအားနည်းတဲ့လက္ခဏာတွေပါ။ ဒီလိုဖြစ်နေရင် ဒန့်သလွန်သာစားပါ။ ပြည်ပမှာတော့ ဒန့်သလွန်စေ့ကထုတ်တဲ့ ဆေးဝါးတွေ၊အဆီတွေအများကြီးရှိပါတယ်။ ဆံသားနဲ့အသားအရေအတွက်ဆို ဒန့်သလွန်စေ့အဆီက သိပ်ကိုအကျိုးများပါတယ်တဲ့။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။