(၁) လူနာကိုစိတ်အေးအေးထားဖို့ ပြောပါ။ ငါတို့ဆေးရုံသ့ိုအချိန်မီပို့ပေးပါ့မယ် စသဖြင့်အားပေးစကားပြောပါ။ (၂) မြွေကိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို မလှုပ်ရှားနိုင်အောင် လုပ်ပေးထားပါ။ လှုပ်လှုပ်ရှားရှားလုပ်ခြင်းဖြင့် သွေးလည်ပတ်မှု ပိုမြန်ပြီး ခန္ဓာကိုယ်တွင်းအဆိပ်ပျံ့နှုန်း ပိုမြန်စေသည်။ (၃) ဆွဲကြိုး၊ လက်ကောက်စသည်တို့ ဝတ်ထားပါက ချွတ်ထားပေးပါ။အဝတ်အစားများ တင်းကျပ်နေပါက ဖြေလျှော့ပေးပါ။ (၄) လူနာကိုလဲှထားပါ။ သို့သော် ကိုယ်အထက်ပိုင်းသည် မြွေကိုက်ခံရသောနေရာထက် မြင့်နေပါစေ။ (၅) ရေ၊ ဆပ်ပြာတို့ဖြင့် မြွေကိုက်ခံရသောနေရာကို ဆေးကြောပေးပါ။ (၆) မြွေကိုက်ခံရသည့်နေရာသို့ ပတ်တီးစည်းပေးထားပါ။ ထိုသို့ပတ်တီးစည်းပေးခြင်းဖြင့် ထိုနေရာမှ သွေးများအခြားနေရာသို့ စီးဆင်းမှုကို နှေးသွားစေသည်။ (၇) မြွေဟောက်၊ ငန်းတော်ကြားစသော မြွေများအကိုက်ခံရပါက ဒဏ်ရာရသော ခန္ဓာကိုယ်အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းစေရန် သစ်သားပြား သို့မဟုတ် ကတ်ထူစက္ကူအမာပြားတို့၏အကူအညီဖြင့် ပတ်တီး ခပ်တင်းတင်းစည်းပေးပါ။ သို့သော်အရမ်းမတင်းပါစေနှင့်။ ပတ်တီးအတွင်း လက်ညှိုးထိုးထည့် ကြည့်လိုက်ပါ။ ခပ်တင်းတင်းဖြစ်နေလျှင် ရပါပြီ။ သို့သော်လည်း မြွေပွေးအကိုက်ခံရလျှင်မူ ဤကဲ့သို့စည်းခြင်းဖြင့်အခြေအနေကို ပိုဆိုးစေသည်ဟု ဆိုပါသည်။ မြွေပွေးကိုက်ခံရလျှင် သန့်ရှင်းသောအဝတ်ပါးစကိုအပြားလက်လေးသစ်ခန့်ခေါက်၍ ဒဏ်ရာပေါ်တွင် ခပ်ဖွဖွစည်းပေးထားပါ။ (၈) လူနာအား ငြိမ်ငြိမ်သက်သက်ထားပါ။ (၉) ဆေးရုံပို့ရန်အမြန်ဆုံးစီစဉ်ပါ။ (၁ဝ) လူနာအား ဆေးရုံပို့လျှင် လှည်းဖြင့်မပို့ပါနှင့်။ လူထမ်းစင်မှာ လှည်းထက်ပိုမိုငြိမ်သက်သဖြင့် ထမ်းစင်ဖြင့် ပို့သင့်ပါသည်။ ရှောင်ရန် ၁။ လူနာကိုသာဂရုစိုက်ပါ။ မြွေကိုလိုက်ရှာရိုက်သတ်ခြင်းဖြင့်အချိန်ကုန်မခံပါနှင့်။ ယခုခေတ်ပေါ်ဆေးများမှာ မည်သည့်မြွေမဆို ထိုး၍ရသော ဆေးများဖြစ်သဖြင့် မြွေကို ဆေးရုံသို့ယူသွားရန် မလိုပါ။ (ယူနိုင်လျှင်တော့ ပိုကောင်းပါသည်) ၂။ ယခင်ကမူ ခြေထောက်အောက်ပိုင်းတွင် မြွေကိုက်ခံရပါက ပေါင်အရင်းကို တင်းတင် ကြပ်ကြပ်စည်းရန် ယူဆခဲ့ကြပါသည်။ ခန္ဓာကိုယ်အထက်ပိုင်းသို့ သွေးမရေက်စေရန် ဖြစ်သည်။ သို့သော် ဤနည်းမှာအလွန်လွဲမှားသည့် နည်းဖြစ်၏။ ပေါင်ကို ပတ်တီးတင်းတင်း စည်းလိုက်ခြင်းဖြင့် နှလုံးမှလွှတ်လိုက်သော သွေးများ ခြေအောက်ပိုင်းသို့ မရောက်နိုင်တော့ချေ။ ဤအတိုင်းသာ မိနစ် ၄ဝ ခန့် သွေးမရောက်လျှင်ခြေအောက်ပိုင်း ပုပ်သွားတတ်သည်။ ၃။ မြွေကိုက်သည့်နေရာသို့ ဓားဖြင့်ခွဲပြီး မြွေဆိပ်စုပ်ထုတ်ခြင်း၊ မီးကင်ခြင်း၊ ပါးစပ်ဖြင့်စုပ်ခြင်း စသည်တို့ ဘာမှ မလုပ်ပါနှင့်။ ၄။ လူနာကိုအရက်တိုက်ခြင်း၊အခြားအရည်များတိုက်ခြင်း မပြုပါနှင့်။ ၅။ မြွေကိုက်ခံရခြင်း ဖြစ်ပေါ်လာပါက ယင်းမြွေဆိပ်သည် ခန္ဓာကိုယ်ထဲသို့ မပြန့်နှံ့သွား နိုင်ရန်အတွက် မိမိ၏ ခြေထောက်အား မိမိကိုယ်တိုင် ကိုင်းခုတ်ဓါးဖြင့် ခုတ်ပစ်ခြင်းများကိုလည်း ပြုလုပ်နေကြကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် မြွေဆိပ်သည် ခန္ဓာကိုယ်အတွင်းသို့ ပြန့်နှံ့ဆဲ ပြန့်နှံ့ကာ ထိုလူနာသည်လည်း ခြေထောက်ပိုင်း ဖြတ်လိုက်မှုကြောင့် သွေးလွန်၍အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရပြန်သည်။ ထိုသို့ မပြုလုပ်ပါနှင့်။ Credit : ကျန်းမာရေးဝန်ကြီးဌာန၏ မြွေကိုက်မှုအန္တရာယ် သတိပေးနှိုးဆော်ချက် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။