အစားအသောက်ဆိုင်ရာအယူအလွဲတချို့
healthcare.com.mm
|
2019-06-24


သက်ရှိဆိုတာကအစားအသောက်နဲ့ မကင်းဆုံးမဟုတ်ပါလား။အဲဒီအစားအသောက်အပေါ်မှာပဲအယူအစွဲလေးတွေ ရှိနေတတ်ပြန်ပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ဆီလျော်တာလည်းရှိ၊ လွဲချော်တာလည်းရှိပေါ့။အဲဒီအမှတ်အယူအလွဲလေးတွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ချင်ပါတယ်။ - ညဘက်အစာစားတာက ဝ စေသလားအများအားဖြင့်တော့အဲသလို ထင်ကြပါတယ်။အမှန်တကယ် သုတေသနပြုချက်တွေအရတော့ ဒီအချက်ကိုအတည်ပြုစရာ မရှိသေးဘူး လို့ ဆိုပါတယ်။ တကယ်သိထားရမှာက ကယ်လိုရီများတဲ့အစားအသောက်တွေ စားတာကသာ ဝစေတယ်ဆိုတာပါ။ တစ်ခုတော့ ရှိတာပေါ့။ညဘက်စားတာက ကယ်လိုရီများတဲ့အစာတွေချည်းဆိုရင်တော့ ဝလာမှာပေါ့။ ညဘက်အိပ်ယာဝင်ခါနီးအစာစားတာရဲ့အကျိုးဆက်တစ်ခုကတော့ ရင်ပူတာနဲ့အစာမကြေတာပါပဲ။အဲဒီတော့ မဝသည့်တိုင် ညပိုင်းမှာ ပုံမှန်စောစောစားတဲ့အလေ့အထကသာ ကျန်းမာရေးနဲ့ သင့်လျော်ပါတယ်။ - သကြားတစ်မျိုးနဲ့ တစ်မျိုးမတူဘူးလား ရိုးရိုး သကြားပဲဖြစ်ဖြစ်၊ ပျားရည်ထဲက သကြားဖြစ်ဖြစ်၊ တခြားအသီးတွေမှာပါတဲ့ သကြားဖြစ်စေ၊ ပြောင်းဖူးက သကြားဖြစ်စေအားလုံးက ကယ်လိုရီတွေ ပေးတာပါပဲ။ စားပွဲဇွန်းတစ်ဇွန်းမှာ ကယ်လိုရီ ၄၈ ကနေ ၆၄ လောက်အထိ ပါတတ်ကြပါသတဲ့။ ခန္ဓာကိုယ်ကလည်း ဘယ်လို ဖြည့်စွက် သကြားကိုမဆို စုပ်ယူတာပါပဲ။အဲဒါကြောင့် သကြားရွေးချယ်ပြီး စားနေတာမျိုးထက် ဘယ်သကြားအမျိုးအစားမဆို လျော့ပြီးသာစားရမှာပါ။ - ကော်ဖီက မကောင်းဘူးလား ဒါလည်းအငြင်းပွားမဆုံးတဲ့အယူအဆတစ်ခုပေါ့။အသင့်အတင့် (တစ်နေ့ကို ၂ ခွက် ၃ ခွက်) သောက်သုံးတာကတော့အင်တီအောက်ဆီးဒင့် ပါဝင်ပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတာ သေချာပါတယ်။ သုတေသနတွေအရဆိုရင် ကော်ဖီကအမျိုးအစား ၂ ဆီးချိုရောဂါ၊ သည်းခြေကျောက်တည်နာ၊ ပါကင်ဆန် ခေါ်တဲ့ ခြေတုန်လက်တုန် ရောဂါနဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေ လျှော့ချပေးတယ်လို့အခိုင်အမာဆိုပါတယ်။ ကယ်လိုရီမများအောင် နို့ ဒါမှမဟုတ် ကရင်မ်နဲ့ သကြားတွေ ပါဝင်မှုကို ထိန်းချုပ်ဖို့တော့ လိုအပ်ပါတယ်။ -အဆီလုံးဝ မစားသင့်ဘူးလား ခန္ဓာကိုယ်ရဲ့အခြေခံလိုအပ်တဲ့အာဟာရ ၃ မျိုးက ပရိုတင်း၊ ကာဘိုဟိုက်ဒရိတ်နဲ့အဆီပါ။အဆီဆိုရာမှာအစေ့အဆံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါးနဲ့ သံလွင်ဆီတွေကတော့အင်အားဖြစ်စေတယ်၊ ဆဲလ်တွေ ပြန်လည်တည်ဆောက်ပေးတယ်၊ ဟော်မုန်းတွေ ထုတ်လုပ်စေတယ်ဆိုတဲ့အကျိုးထူးတွေရရှိစေပါတယ်။အကန့်အသတ်နဲ့ စားသုံးသင့်တာတွေကတော့ ပြည့်ဝဆီနဲ့အသွင်ပြောင်းဆီလို့ ခေါ်ကြတဲ့ တိရစ္ဆာန်တွေကရတဲ့အဆီ၊ ထောပတ်၊ နို့ကထုတ်လုပ်တဲ့ စားစရာတွေနဲ့အသင့်စားဖို့ ထုတ်လုပ်ထားတဲ့အစားအသောက်တွေကရတဲ့အဆီတွေပါ။ - သဘာဝဆားကအသင့်လျော်ဆုံးလား တချို့က ပင်လယ်ရေကနေ တိုက်ရိုက်ချက်တဲ့ သဘာဝဆားမှ ဆိုဒီယမ်စစ်တယ်ထင်ကြပါတယ်။ ဒါကေတာ့ မှားယွင်းတဲ့ ယူဆချက်ပါ။ တခြားစက်ရုံတွေမှာ ထုတ်လုပ်တဲ့ ဆားတွေလည်းအတူတူပါပဲ။ နောက်ပြီးတော့ သိထားသင့်တာက ကိုယ်ထဲက လိုအပ်တဲ့ ဆားပမာဏ ၇၅ရာခိုင်နှုန်းလောက်က သီးသန့်ထည့်စရာမလိုဘဲ ပြင်ဆင်ထားတဲ့အစာတွေကနေရတာပါ။ ချိစ်၊ စည်သွပ်ဘူး၊ ဟင်းချက်မှုန့်အားလုံးမှာအငန်ဓာတ်လေးက ပါပြီးသားမဟုတ်လား။ -ရေများများသောက်ရင် ဝိတ်ကျနိုင်သလား တချို့ ကလေးဆန်ဆန်တွေးကြတာပေါ့။ ရေများများသောက်၊ ရှူးများများပေါက်ရင် ဝိတ်ကျစေမလားဆိုတာပါ။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တာအမှန်ပါ။ ဒါပေမယ့် ဝိတ်ကျတာနဲ့တော့ မဆိုင်ပါဘူး။ ရေတွေချည်းသောက်ပြီး ဗိုက်ပြည့်နေလို့ တခြား ကယ်လိုရီများတဲ့အစားအသောက်တွေ မစားဘဲနေရင်တော့ ဝိတ်ကျဖို့အထောက်အကူဖြစ်နိုင်မှာပေါ့။ ဘာအစားအသောက်မှ မလျှော့ဘဲ ရေတွေအများကြီး ဖြည့်ပြီးသောက်နေရုံနဲ့တော့ ဝိတ်ကျလာစရာအကြောင်းမရှိတာအသေအချာပါပဲ။ - ဂျုံအကြမ်းသက်သက်စားမှ ကျန်းမာတာလား ဂျုံ၊ဆန်အကြမ်းထည်တွေကအမျှင်ဓာတ်ပါတာ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊အင်တီအောက်ဆီဒင့်တွေ ပါတာကြောင့် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာက မှန်ပါတယ်။ ဒါပေမယ့်အဲဒါက ဂျုံအချောတွေနဲ့ လုပ်ထားတာတွေကို စွန့်ပစ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ရံဖန်ရံခါအူလမ်းကြောင်းမှာ ရောဂါပိုးတွေဝင်ပြီး ပြန်နလံထူစ ကာလမျိုးမှာ ဂျုံအချောထည်တွေနဲ့ လုပ်ထားတဲ့အစားအသောက်တွေကလည်းလိုအပ်ပါတယ်။ ဂျုံအနုနဲ့ လုပ်ထားတဲ့အစားအသောက်တွေမှာ ဖောလစ်အက်ဆစ် ကြွယ်ဝပါတယ်။ ဂျုံကြမ်းက ကျန်းမာရေးအတွက် ပိုပြီးအလေးပေးသင့်တယ်ဆိုပေမယ့် ဂျုံအနုလေးတွေလည်းစားပေးရမှာပါ။ - သကြားစားတဲ့ ကလေးတွေ ဂဏှာမငြိမ်ဖြစ်သလား တချို့ကတော့ ကလေးတွေ ထိန်းမရအောင်ကဲကြတာအချိုတွေစားလို့ဆိုပြီးအမှတ်လွဲကြပါတယ်။ သကြားစားတိုင်းအဆော့လွန်နေကြတာ မဟုတ်ပါဘူး။ ပွဲလမ်းမှာ မုန့်အချိုတွေစားပြီးအငြိမ်မနေ၊ မျောက်မူးလဲ ဖြစ်နေကြတာက ပတ်ဝန်းကျင်အနေအထားကို စိတ်လှုပ်ရှားကြလို့ပါ။ ဒါပေမယ့်လည်း ကလေးတွေ သကြားအလွန်အကျွံ မစားဖို့တော့ ဂရုစိုက်ရမှာပါပဲ။အချိုတွေက ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်လို့ပါပဲ။ -အားကစားသမားတွေ ပရိုတင်းအများကြီးစားရမှာလားအားကစားသမားတွေအသားဓာတ် ပရိုတင်းအများကြီးစားမှ ကြွက်သားတွေအားရှိသန်စွမ်းမယ်လို့ ထင်နေပါသလား။အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။အများစုကတော့အဲသလို သတ်မှတ်ပြီး စားကြတာတွေ တွေ့ရမှာပါ။ တကယ်တမ်း ကြွက်သားတွေ သန်မာတောင့်တင်းဖို့ လုံလောက်တဲ့ ကယ်လိုရီ၊ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ပေး၊ ကြွက်သားတွေ လှုပ်ရှားပြီးတာနဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေမျှတအောင် စားရမှာပါ။ - သကြားအများကြီးစားလို့ ဆီးချိုဖြစ်တာလား တချို့တော့အလွယ်ပြောပြီး ထင်မှတ်မှားနေကြလေရဲ့။အချိုစားလို့ ဆီးချိုဖြစ်တယ်ရယ်လို့ ပြောမရနိုင်ပါဘူး။ ဆီးချိုရောဂါသမားက သကြားတွေစားပြီး ဆီးချိုတက်မှာ ဖြစ်ပေမယ့် ဆီးချိုမရှိသူက သကြားစားလို့ ဆီးချိုမဖြစ်ပါဘူး။ ဆီးချိုဖြစ်နိုင်ချေက သကြားစားတာထက်အဝလွန်တာ၊ လှုပ်လှုပ်ရှားရှား မရှိဘဲ နေတာတွေကြောင့်ပါ။ သကြားမစားဘဲ နေဖို့ထက် လမ်းထလျှောက်လိုက်တာက ဆီးချိုရောဂါကာကွယ်မှာပါ။ - ကာဘိုဟိုက်ဒရိတ်တွေက ကိုယ်အလေးချိန်တက်သလား ဒါလည်းအမှတ်မလွဲပါနဲ့။ ကာဘိုဟိုက်ဒရိတ်တွေအားလုံးက ဝိတ်တိုးစေတာ မဟုတ်ပါဘူး။ ဝိတ်ကျအောင် ကာဘိုဟိုက်ဒရိတ်မစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။အစားတစ်မျိုးကိုဖြတ်ပြီး ကျန်တာတွေအားပြုစားလို့ ဝိတ်ကျစေပါ့ မလား။ ကယ်လိုရီတွေက ဝိတ်တိုးစေတာပါ။ ကယ်လိုရီတွေက ကာဘိုဟိုက်ဒရိတ်မစားလည်း ပရိုတင်း၊အဆီ စတာတွေကနေ ရနေရင် ဝိတ်တက်မှာပါပဲ။အစာအားလုံးမျှတအောင် ချင့်ချိန်စားသုံးသင့်ပါတယ်။အထက်မှာ ပြောခဲ့တာတွေမှ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင်အယူလွဲလေးတွေရှိတတ်ပါတယ်။ ပထမဆုံးအဲသလို ကြားဖူးနားဝကိုအယူအစွဲ မလုပ်လိုက်သေးခင် မှန်ရဲ့လား စူးစမ်းဖို့ လိုပါတယ်။ ဒုတိယအနေနဲ့ ဘယ်သူပြောတာလဲလို့ ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်ပါ။ ဘာတွေကိုအခြေခံပြီးပြောနေသလဲ၊ သူ့ပစ္စည်း ကြော်ငြာဖို့ ပြောနေတာလား၊ လေ့လာချက် သေးသေးလေးကနေ လိုရာဆွဲပြောလား ဆိုတာ ခွဲခြမ်းစိတ်ဖြာရပါမယ်။ တကယ်တမ်း ကျန်းမာရေးနဲ့ ပတ်သက်လို့ လေ့လာလိုက်စားသူတွေ၊ တတ်ကျွမ်းသူ ဆရာဝန်တွေက ချင့်ချိန်နှိုင်းဆအကြံဉာဏ်ပေးကြတာမျိုးတွေကို လိုက်နာကျင့်သုံးရင်တောင်မှ ကိုယ့်အတွက် ရလဒ်ကအဆင်မပြေရင် ပိုပြီး တိကျသေချာတဲ့အချက်အလက်တွေ စုဆောင်းပါ။ ပိုပြီး တတ်သိနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေး လေ့ကျင့်ပါ။ ကျန်းမာရေး လိုက်စားတာက ကောင်းမွန်တဲ့အလေ့အထ ဖြစ်ပေမယ့် လွဲချော်တဲ့အယူအစွဲတွေကတော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သေးတာ သတိပြုကြဖို့ပါပဲ။ ။ Credit: Irrawaddy သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..