![]()
“Justice for Victoria” စာတမ်းတွေနဲ့အတူ နေပြည်တော်ကအသက် ၃ နှစ်မပြည့်သေးတဲ့ သမီးငယ်လေး Victoria လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့မှု့အတွက် တရားမျှတမှုရှိရေးအမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှုတွေနဲ့ သတင်းတွေ လူမှုကွန်ယက်ရဲ့ News Feed ဖွင့်တိုင်းမှာ တက်လာနေတာတွေ မြင်တွေ့ရတော့ သမီးမိန်းကလေး မွေးထားကြတဲ့ မိဘတွေ စိတ်ပူသောကတက်ကြရပြီပေါ့။
နည်းပညာတွေအပြိုင်အဆိုင်ထွန်းကားတိုးတက်နေတဲ့ ယခုခေတ်ကြီးမှာ ခြောက်ခြားစရာကောင်းတဲ့အခုလိုအဖြစ်ဆိုး၊အကျင့်ဆိုးတွေကို မကြုံစဖူး မယုံကြည်နိုင်လောက်အောင် ကြားနေရတဲ့အတွက် မိန်းကလေးတွေဆိုရင် ကြီးသည်ငယ်သည်မဟူအရွယ်သုံးပါးမရွေးအချိန်အခါမလပ်အန္တရာယ်ရှိတယ်ဆိုတဲ့အတွေးက မိဘတွေရဲ့ စိတ်ထဲမှာ ခိုင်ကျည်နေပါပြီ။
အခုလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ မိန်းကလေးတွေမှာအဖြစ်များလို့ သားမွေးထားကြတဲ့ သားရှင် မိဘတွေကရော စိတ်ချရပြီလို့ ထင့်ပါသလား..?
ဆရာဝန်တစ်ဦး ပြန်လည်ရေးသားဝေမျှထားတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်အကြောင်းလေးကို ဖတ်ကြည့်စေချင်ပါတယ်။
“အမလေး လောကကြီးက သားမွေးထားလည်း ကြောက်စရာ”
တစ်ခါတလေမှာ ထင်မှတ်မထားတာတွေက တကယ်ကြီး ဖြစ်လာတတ်ပါတယ်။အဲဒီညနေကို ကျွန်တော် မေ့လို့ ရမှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၆နှစ်လောက်ကပါ။
"မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး"လို့အော်ဟစ်နေတဲ့ မိဘနှစ်ပါး။
"မဖြစ်နိုင်တာတွေ မပြောပါနဲ့"လို့ ဒေါသတကြီး ရန်တွေ့နေတဲ့အမျိုးသမီး။
သူတို့ မိသားစုအားလုံးကအဲဒီ ကိစ္စကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြတယ်။
သူတို့မိသားစုနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပုံက ရိုးရှင်းပါတယ်။ ကျွန်တော်ကအချိန်ပိုင်း ဆေးခန်း စထိုင်နေတဲ့ ဆရာဝန်ပေါက်စပါ။ သူတို့လာပြကြတာ ဆယ်တန်းတက်နေတဲ့ သူတို့သားရဲ့ လက်နဲ့ ခြေထောက်က ယားနာဖုလေးတွေပါ။ ပြဿနာလား၊ စိတ်မကောင်းစရာလို့ပဲ ပြောရမလား၊ ဒီ ဝမ်းနည်းစရာအဖြစ်အပျက်ကအဲဒီအချိန်မှာ စတင်ခဲ့တာပါ။ ကလေးလေးကအသားဖြူဖြူ၊အရပ်ရှည်ရှည်၊မျက်လုံးမျက်ခုံး ကောင်းကောင်းနဲ့အတော်လေး ဖြူစင်ပြီး ကြည့်ကောင်းပါတယ်။ သူ့ရဲ့ လက်နဲ့ ခြေထောက်က ယားနာဖုအမည်းလေးတွေကို ကျွန်တော်က PPE (Pruritis Papular Eruptions )လို့ သံသယ ရှိပြီး သွေးစစ်ဖို့အတွက် မိဘနှစ်ပါးကို ဆွေးနွေးတော့ မိဘနှစ်ပါးစလုံးက ကျွန်တော့်ကို ရန်တွေ့ပါရော။
"လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်မတို့သားကို မျက်စိအောက်ကနေတောင်အပျောက်ခံတာ မဟုတ်ဘူး။ကျောင်းသွားရင် ကျောင်းအထိ လိုက်ပို့တယ်။ ထမင်းစားချိန် ကျောင်းပြင်ပကနေ စောင့်ကျွေးတယ်။ ညနေ ကျောင်းဆင်းတာနဲ့အိမ်တန်းခေါ်လာတာ။ ကျူရှင်တောင်အများသူငှာနဲ့ ရောနှောမထားဘူး။ ဆရာ၊ဆရာမအားလုံးအိမ်ပဲ ခေါ်သင်တာ"
ကလေးရဲ့အဖေကတော့ ကျွန်တော့်ကို မကြည်သလို ကြည့်တယ်။ ကျွန်တော်ကတော့ မန္တလေးဆေးရုံ၊ဖျားနာဆောင်(၂)မှာအလုပ်သင် ဆင်းခဲ့သူမို့ ကလေးရဲ့ လက်က ယားနာဖုတွေက PPE (Pruritis Papular Eruptions )ဆိုတာ သေချာသလောက်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေပြန်တယ်။
"ကျွန်တော် ဆေးပေးလိုက်ရင် ယားနာတွေက သက်သာသွားနိုင်ပါတယ်။ဒါပေမယ့်ဗျာ ငှက်ဖျားဖြစ်နေတဲ့လူကိုအဖျားကျဆေးပဲ တိုက်ပြီး ငှက်ဖျားဆေး မပေးဘဲ နေသလို ဖြစ်မှာ စိုးရိမ်လို့ပါ။ သတိဆိုတာ ပိုတယ် မရှိပါဘူး။
မဟုတ်ဘူးဆိုရင်တော့ ကောင်းတာပေါ့။ ဟုတ်နေရင်တော့ "
ကလေးရဲ့အမေက ကျွန်တော့်စကားကို ဆုံးအောင် နားမထောင်ဘဲ
"အို..တွေးတောင် မတွေးရဲတဲ့ရောဂါပါ။ လုံးဝ မဖြစ်နိုင်ပါဘူး"
ကျွန်တော်တို့ စကားပြောနေချိန် ကလေးနဲ့ သူ့အဒေါ်က ဆေးခန်းအပြင်ဘက်မှာ စောင့်လို့နေပါတယ်။
ကလေးရဲ့အဖေက ကလေးရဲ့အမေကို တိုးတိုးတိုးတိုး ပြောတယ်။ ဖြစ်လာခဲ့ရင် ဆိုတဲ့ စကားသံ သဲ့သဲ့ ကို ကြားရတယ်။ ခဏအကြာ..
"ဆရာစစ်ခိုင်းတဲ့ HIV ရှိလာခဲ့ရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ ကလေးရဲ့ ဘဝ ဆုံးပြီလား"
အဲဒီအချိန်က သွေးစစ်လို့ HIVတွေ့တာနဲ့ ပိုးထိန်းဆေး(ARVs)တွေ တန်းပေးတဲ့အချိန် မဟုတ်သေးပါဘူး။ လူနာရဲ့ CD4 ကိုယ်ခံအား ကိုအရင်စစ်၊ ၅၀၀အောက်မှ ဆေးစပေးတဲ့အချိန်ပါ။
"ရှိလာခဲ့ရင် ဒီရောဂါတွေကို သီးသန့်ကုပေးတဲ့ ခုခံကျကာလသားရောဂါဌာနကို ကျွန်တော် လွှဲပေးပါ့မယ်။ ဖြစ်လာရင် ဘဝမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ်။
အမြစ်ပြတ်စေတဲ့ ဆေးတွေ မပေါ်သေးတာမို့ ပိုးထိန်းဆေးတွေ သောက်ပြီး သက်တမ်းစေ့နီးပါး ကျန်းမာစွာ နေဖို့ပါပဲ"
ကျွန်တော်နဲ့ သူတို့ ဒီရောဂါအကြောင်းအများကြီး ဆွေးနွေး ဖြစ်ကြတယ်။ ဒီရောဂါမှာအဆင့် လေးဆင့်ရှိကြောင်း၊ ဒီရောဂါက လိင်ဆက်ဆံတာ၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိတာ၊ ရောဂါပိုးရှိသူနဲ့အပ်အတူ မျှဝေသုံးစွဲတာ၊ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကူးတာကနေသာအဓိက ကူးကြောင်း၊အတူနေ၊အတူစား ရေချိုးခန်းအိမ်သာအတူသုံးတာတွေကနေ မကူးနိုင်ကြောင်း တွေအများကြီး ပြောပြီး သွေးစစ်ဖို့အတွက်အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းကို လွှတ်ရတယ်။
ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ ကလေးရဲ့ သွေးထဲမှာ HIV ပိုး ရှိတယ် လို့အဖြေထွက်ခဲ့တယ်။ ကလေးရဲ့ မိဘတွေ ငိုကြတယ်။ ဘာဆက်လုပ်ရမလဲ ဆွေးနွေးထားပေမယ့် 'ဘာလုပ်ရမလဲဆရာ ဘာလုပ်ရမလဲ ဆရာ'လို့ ပြောပြီး ငိုကြတယ်။ ကျွန်တော် စဉ်းစား မိတာက HIV ပိုးဝင်ပြီး ဒီအဆင့် ၂ ရောက်ဖို့က နှစ်ချီပြီး ကြာတာ ယျေဘုယျအားဖြင့် ၅ နှစ်၈ နှစ်လောက်အထိကို ကြာနိုင်တာ။
ကလေးငယ်ရဲ့ မိဘတွေမှာသာ ဒီရောဂါရှိပြီး သူ့ကို မွေးကတည်းက ကူးခဲ့တာဆိုရင် ဒီကလေးက ART မသောက်ဘဲ ဒီအရွယ်ထိ ရောက် မလာနိုင်ဘူး။ ရှားရှားပါးပါး ရောက်လာခဲ့ရင်ကော ဆိုတဲ့အတွေးနဲ့ ကလေးရဲ့ မိဘတွေကိုပါ သွေးစစ်ခိုင်းတော့ ရောဂါက ရှိမနေခဲ့ဘူး။ ဒီရောဂါ ကလေးဆီကို ဘယ်ကနေ ကူးခဲ့လဲ ဆိုတာ သိဖို့ ရောဂါရာဇဝင်တွေ မေးရတော့မယ်။အဓိက ဖြစ်နိုင်တဲ့ သွေးသွင်းတာလည်း မလုပ်ခဲ့ဖူးဘူး။ မူးယစ်ဆေးလည်း မသုံးခဲ့ဖူးဘူးဆိုတော့ လိင်ကိစ္စသာ ကျန်တော့တယ်။ ကလေးရဲ့အမေက ကလေးကို ချော့မော့ပြီး မေးတဲ့အခါ ကျွန်တော်တို့ လုံးဝ မထင်ထားတဲ့အဖြစ်အပျက် တစ်ခုကို သိခဲ့ရတယ်။
ကလေး ငါးတန်းတုန်းကတဲ့................။
အိမ်ကို ကျူရှင်ခေါ်သင်တဲ့ ဆရာက ကလေးရဲ့ လိင်အဂါင်္ကို ပါးစပ်နဲ့ စုပ်သလို သူ့စအိုထဲလည်း မကြာခဏ ထိုးသွင်းခိုင်းကြောင်း သိရတယ်။ မိဘတွေကို ပြန်မပြောရဘူးလို့လည်း ပြောထားတယ်တဲ့။
ကြားစက မယုံကြည်နိုင်ခြင်းနဲ့အတူ ဒေါသထွက်လိုက်တာ။ သူတို့အိမ်က သုံးထပ်တိုက်အကျယ်ကြီးလို့ သိရတယ်။ စာသင်တာက တတိယအထပ်မှာ သီးသန့်လုပ်ပေးထားတယ်လို့ သိရတယ်။ စိတ်မထိန်းနိုင်ကြရင်
ပညာတတ်လည်း ရွံရှာစရာကောင်းပါတယ်။
ဝါးလုံးရှည်နဲ့တော့ ဒီ professional ကို မရမ်းစေချင်ပါဘူး။ လူယုတ်မာတွေကတော့အသိုင်းအဝိုင်းမျိုးစုံ၊ professional မျိုးစုံမှာ စုန်းပြူးအဖြစ် ရှိနေတတ်ပါတယ်။အဲဒီဆရာအကြောင်းကို စုံစမ်းခိုင်းတော့ မနှစ်ကပဲ ဆုံးသွားပြီလို့ သိရပြန်တယ်။ ငိုယိုနေတဲ့ မိဘနဲ့အဒေါ်ဖြစ်သူကိုအားပေးစကားဆိုပြီး ခုခံကျ/ကာလသားဌာနဆီကို လွှဲစာရေးပေးရတယ်။
ဒီလိုစာတွေ မရေးချင်ဘူး။
သူယုတ်မာတစ်ယောက်ကြောင့် လူကောင်းတွေပါအနေကျပ်တာမျိုးတွေ မဖြစ်စေချင်ဘူး။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးလည်းအပုပ် မခံနိုင်ဘူး။
သူတော်ကောင်း ဆရာ၊ဆရာမတွေရဲ့ လက်မှာ ကြီးပြင်း၊ ပညာနို့ရည်သောက်သုံးခဲ့သူမို့ ဒီလိုမျိုးတွေ ကိုယ်တိုင် မကြုံရရင် မယုံနိုင်ဘူး။
ဒီလိုစာတွေကြောင့် ယုန်ထင်ကြောင်ထင်တွေ မဖြစ်စေချင်ခဲ့လို့ မရေးခဲ့ပေမယ့်
နေပြည်တော်က ကလေးအဖေရဲ့ ရင်ဖွင့်စကားသံ ဖတ်ပြီးတာနဲ့ ဒီစာ ကို တန်းရေး ဖြစ်လိုက်တယ်။
ဟမ်စိုင်း(ဆေး-မန်း)
Credit − ဟမ်စိုင်း(ဆေး-မန်း)