အသက်(၄၀) နှောင်းပိုင်းမှ မိခင်ဖြစ်ရခြင်းရဲ့အားသာချက်အားနည်းချက်များ
shwemom.com
|
2019-07-04

ယနေ့ခေတ်မှာအသက်ကြီးမှ ကလေးမွေးတာမျိုးဟာ သိပ်မထူးဆန်းတော့ပါဘူး။ နောက်ကျမှ ကလေးမွေးရတာဟာအကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။အလုပ်ကြောင့်၊ လက်တွဲဖော်ကြောင့်၊ တစ်ကိုယ်တည်းနေလာတာတွေ များခဲ့တာကြောင့်၊ ကလေးတစ်ယောက် တာဝန်ယူဖို့အတွက်အဆင်သင့်မဖြစ်သေးတာရယ်ကြောင့် စသဖြင့်အကြောင်းအမျိုးမျိုးပါ။အရေးကြီးဆုံးကတော့ ကိုယ့်ဘဝနဲ့ ကိုယ့်ရွေးချယ်မှုပါပဲ။ တကယ်လို့ စာဖတ်သူကအသက်(၄၀) ကျော်မှ ကလေးယူဖို့စဉ်းစားထားရင်တော့အရွယ်နောက်ကျမှ ကလေးယူတာနဲ့ ပတ်သက်လို့ ကောင်းကျိုးဆိုးပြစ်တွေကို သိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ Bright Side မီဒီယာရဲ့ ရေးသားချက်တွေကို ကိုးကားပြီး စာဖတ်သူတွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အားသာချက်တွေအနေနဲ့ကတော့ နောက်ကျမှကလေးမွေးတဲ့အမျိုးသမီးတွေဟာ ပိုပြီးအသက်ရှည်ရှည်နေရလေ့ရှိကြောင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းတာကို လျော့နည်းစေကြောင်း လေ့လာချက်တစ်ခုက ဆိုပါတယ်။အသက်(၃၅) နောက်ပိုင်းမှ မီးဖွားတဲ့အမျိုးသမီးတွေဟာ နှုတ်မှုပိုင်းဆိုင်ရာ မှတ်ဉာဏ်တွေ ပိုကောင်းလာတာကို တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဟော်မုန်းတွေက ဦးနှောက်ကို သွားရောက်ရိုက်ခတ်လို့ ဖြစ်ပါတယ်။

အသက်လေးဆယ်ကျော်မှ ကလေးမွေးတဲ့အတွက် မိခင်ဟာ ပိုပြီးတော့အသိဉာဏ်ရှိလာသလို ပိုပြီးတော့လည်း ရင့်ကျက်လာပါတယ်။ ဒါကြောင့် လူ့ဘောင်အဖွဲ့အစည်းအတွက်အကျိုးပြုတဲ့ သားသမီးတွေဖြစ်အောင် သင်ကြားပေးဖို့ ပိုမိုအခွင့်အရေးဖြစ်စေပါတယ်။ ဒီအသက်အရွယ်ရောက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် သားသမီးအပေါ်မှာ ပိုမိုစိတ်ရှည်စွာ သွန်သင်နိုင်နေပြီပဲ ဖြစ်ပါတယ်။


Shutterstock/Syda Productions

အသက်(၄၀)အရွယ်ဟာအမျိုးသမီးတစ်ယောက်အနေနဲ့အရာတော်တော်များများကို စုစည်းသိမ်းဆည်းပြီးတဲ့အရွယ်လို့ ဆိုနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း ခရီးတွေအတူထွက်ခဲ့ဖူးပြီးပြီ၊ လွတ်လွတ်လပ်လပ်နဲ့ တစ်ကိုယ်တည်းလည်း စိတ်ကြိုက်နေခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ကလေးယူမယ်ဆိုလည်း ယူဖို့အဆင်ပြေနေပါပြီ။အရွယ်ငယ်ငယ်နဲ့ ကလေးယူခဲ့တဲ့အခါ ကလေးအပေါ်ကို ငဲ့ညှာခဲ့ရတာကြောင့် သွားချင်တဲ့ခရီးမသွားခဲ့ရ၊ လုပ်ချင်တဲ့အလုပ်လေး မလုပ်ခဲ့ရတာမျိုးတွေကို တွေးပြီး နောင်တရစရာမျိုး မရှိနိုင်တော့ပါဘူး။

အပေါ်မှာ ဖော်ပြထားတာကတော့အသက်(၄၀) နှောင်းပိုင်းမှ ကိုယ်ဝန်ယူခြင်းရဲ့အားသာချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့်အသက်(၄၀) နောက်ပိုင်းမှ ကိုယ်ဝန်ယူတဲ့အခါ ကိုယ်ဝန်ရနို်င်ခြေနည်းပါးနိုင်ပါတယ်။အသက်(၃၂) နှစ်ကစလို့အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်တဲ့စွမ်းရည်ဟာ တစစနဲ့ ကျဆင်းလာပါပြီ။ မမျိုးဥတွေ လျော့ပါးလာတာကြောင့် ကိုယ်ဝန်ဆောင်ဖို့ကလည်း တဖြည်းဖြည်းနဲ့ ခက်ခဲလာတာ ဖြစ်ပါတယ်။


Shutterstock/Blue Planet Studio

နောက်တစ်ချက်ကတော့ ကိုယ်ဝန်ပျက်ကျလွယ်တာ ဖြစ်ပါတယ်။အသက်(၄၅) နှစ် နောက်ပိုင်းရောက်တဲ့အခါ ကိုယ်ဝန်ပျက်ကျနိုင်ခြေဟာ တဖြည်းဖြည်းနဲ့ များလာပါတယ်။အသက်ရလာတာရယ်၊ ဟိုမုန်းနဲ့ သားအိမ်လုပ်ငန်းဆောင်တာတွေ နှေးကွေးလာတာရယ် စတဲ့အချက်တွေ ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင်အသက်ကြီးမှ ကလေးမွေးတဲ့အခါအရိုးပွရောဂါဖြစ်ပွားနှုန်း မြင့်မားလာပါတယ်။ လေ့လာချက်တစ်ခုကတော့အသက်(၃၅) နှစ်နောက်ပိုင်းမှာ ကလေးမွေးတဲ့အမျိုးသမီးတွေဟာ စောစီးစွာ ကလေးယူတဲ့အမျိုးသမီးတွေထက်အရိုးပွရောဂါခံစားရနိုင်ခြေ နှစ်ဆတက်လာကြောင်း သိရပါတယ်။ ဒါကြောင့် စာဖတ်သူဟာအသက်(၄၀) ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင်အသက်ကြီးလာတဲ့အခါအရိုးပွရောဂါခံစားရနိုင်ခြေများတာကြောင့်အရိုးတွေကိုအထူးဂရုပြူသင့်ပါတယ်။

တဖန် လေးဆယ်ကျော်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးစောမွေးနိုင်ပြီး မွေးလာတဲ့ကလေးမှာလည်း ပေါင်မပြည့်တာမျိုး ဖြစ်တတ်တယ်။အသက်ကြီးမှ ကလေးမွေးတာကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်းအင်ဆူလင်ပမာဏမလုံလောက်တဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ပွားနိုင်ပြီး ရောဂါဖြစ်ပွားနိုင်ခြေကတော့ (၇၄) ရာခိုင်နှုန်းထိ ရှိကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း ဘယ်အသက်အရွယ်မှာမဆို ကိုယ်ဝန်ဆောင်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးဆိုတာ ရှိနိုင်တဲ့အတွက်အရမ်းတော့ မစိုးရိမ်သင့်ပါဘူး။ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက်ကအဓိကအားဖြင့် မိခင်ရဲ့ ကျန်းမာရေးအပေါ်မှာအများကြီး မူတည်နေပါတယ်။ တကယ်လို့ စာဖတ်သူကအသက်(၄၀) ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင်လည်း ကျန်းမာပြီး ရောဂါကင်းတဲ့ သားသမီးတွေ မွေးမြူနိုင်ဖို့အခွင့်အလမ်းတွေရှိပါသေးတယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)




Some text some message..