ရေကျောက်ဆိုတဲ့ ရောဂါ
healthcare.com.mm
|
2019-07-08


ရေကျောက်ရောဂါဆိုတာ ဗီရီဆယ်လာဇိုစတာဗိုင်းရပ်စ် (varicella zoster virus) ကြောင့် ဖြစ်ပွားတဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီးအသက်အရွယ်မရွေးမှာ ဖြစ်ပွားနိုင်ပေမယ့် ၁၅ နှစ်အောက် ကလေးငယ်တွေမှာအများဆုံး တွေ့ရတတ်ပါတယ်။အဓိကအားဖြင့်အသက် ၂ နှစ်နဲ့ ၈ နှစ်အကြား ကလေးတွေမှာအများဆုံး တွေ့ရတတ်ပါတယ်။ ရေကျောက်ရောဂါဟာ တစ်ဦးနဲ့တစ်ဦး လျှင်မြန်စွာ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူက နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် လေထုထဲသို့ ရောဂါပိုးတွေ ရောက်ရှိပြီး ထိုရောဂါပိုးကို ရှူရိုက်မိရာကတဆင့် ရောဂါကူးစက်နိုင်ပါတယ်။ ရေကျောက်ရောဂါက ရောဂါဖြစ်နေသူရဲ့ ရေကျောက်အရည်ကြည်မှသော် လည်းကောင်း၊ ရေကျောက်ပေါက်သူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းများကို ကိုင်တွယ်မိရာကလည်းကောင်း ရေကျောက်ပေါက်နေတဲ့မိခင်မှ သန္ဓေသားဆီသို့လည်းကောင်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။ရေကျောက်ရောဂါဖြစ်သူနဲ့ ထိတွေ့ပြီး ၁၄ ရက်မှ ၁၆ ရက်အကြာမှာ ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။အစပိုင်းမှာတွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း (လူတချို့မှာ မဖျားတတ်ပေ)၊ မအီမသာဖြစ်ခြင်း၊ နုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်းနဲ့ ကျောဘက်နာခြင်းတွေ ဖြစ်တတ်ပါတယ်။ နောက် ၁ ရက်၊ ၂ ရက်ကြာပြီးတဲ့နောက်အနီဖု၊အနီစက်လေးတွေက တစ်လုံးချင်းသော်လည်းကောင်း၊အစုလိုက် သော်လည်းကောင်း ဦးခေါင်းအရေပြား၊ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောဘတ်တွေမှာ စပေါ်ပြီးနောက် ၇ ရက်အတွင်း တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပါတယ်။အနီဖု၊အနီစက်တွေဟာ နာရီအနည်းငယ်အတွင်း ပိုမိုဖောင်းကားလာပြီး ရေကြည်ဖုအသွင်ကို ပြောင်းလဲသွားပါတယ်။ ရေကြည်ဖုဖြစ်လာပြီးနောက် တစ်ရက်မှ လေးရက်အတွင်းအရည်ကြည်ဟာ နောက်လာပြီး ပြည်ဖုအသွင် ပြောင်းလဲကာ ပေါက်သွားပါမယ်။ ထိုအရည်ဟာ လွန်စွာပင် ရောဂါကူးစက်စေပါတယ်။ ပြီးရင် ခြောက်သွေ့လာပါမယ်။ခြောက်သွေ့လာတာနဲ့အမျှ လွန်စွာယားယံတတ်ပါတယ်။ ခြောက်သွေ့သွားပြီးနောက်အသားမာခြောက်အဖြစ် ကွာကျကာအမာရွတ်ကျန်ခဲ့ပါမယ်။ ထိုအချိန်တွင်အဖျားမရှိတော့ပါ။အမာရွတ်ကအပေါ်ယံသာဖြစ်တဲ့အတွက် နှစ်ပတ်ကျော်တဲ့အခါအရေပြားကအကောင်းအတိုင်း ဖြစ်သွားပါမယ်။ တချို့လူတွေကတော့ ကုတ်ဖဲ့ရာကတစ်ဆင့် ဘက်တီးရီးယားပိုးဝင်ကာအရေပြားထိခိုက်ပြီးအမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ ရေကျောက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာမို့လို့  လူအများစုက ပိုးသတ်ဆေးသောက် စရာမလိုဘဲ ၇ ရက်မှ ၁ဝ ရက်အတွင်း သူ့အလိုလို သက်သာသွားတတ်ပါတယ်။အရည်များများသောက်ဖို့ လိုပါတယ်။အဖျားသက်သာစေဖို့ ပါရာစီတမောဆေးကို သောက်နိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ တစ်နေ့ ရေ တစ်ကြိမ်ချိုးနိုင်ပါတယ်။ ရေပတ်သုတ်နိုင်ပါတယ်။ ရေစိုဝတ်အေးအေးကိုအနာတွေပေါ်တင်ထားပေးရင် ယားယံမှုကို သက်သာစေပါတယ်။အေးအေးလူလူဖြစ်မယ့်အဝတ်အစား (ချည်ထည်) တွေကို ဝတ်ဆင်သင့်ပါတယ်။ လက်သည်းတွေကို ညှပ်ထားပါ။ လက်သည်းရှည်နေရင် ကုတ်ဖဲ့ ရာကတစ်ဆင့်အနာထဲကို ရောဂါပိုးတွေဝင်ကာအနာရင်းနိုင်ပါတယ်။ ယားယံမှုအတွက် Burmeton, Ceftrizine ဆေးကို သောက်နိုင်ပါတယ်။ ယားယံနေတဲ့အရေပြားကို Calamine Lotions လိမ်းနိုင်ပါတယ်။ ရေကျောက်ပေါက်နေသူဟာ တတ်နိုင်သမျှ နေရောင်နဲ့ ဝေးဝေးနေပါ။ နေပူရှိန်ကြောင့် ချွေးတွေထွက်လာပြီးအရေပြားက ပိုပြီးယားယံလာတတ်ပါတယ်။ ကုတ်ဖဲ့ရာကတဆင့် ဘက်တီးရီးယားပိုးဝင်ကာအရေပြားထိခိုက်ပြီးအမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ရေကျောက်ရောဂါ တစ်ခါဖြစ်ပြီး (ခန္ဓာကိုယ်အနှံမှာအစုံပေါက်ပြီး) ရောဂါကို ကာကွယ်နိုင်သောဓာတ်၊ ရောဂါပြီးသော ဓာတ်များ ထွက်လာလျှင် နောက်တစ်ကြိမ် ပြန်မဖြစ်နိုင်တော့ပါ။ သို့သော် ရေကျောက်အနည်းငယ်သာ ပေါက်ပြီး ပျောက်သွားတဲ့လူတွေမှာ ခုခံအားအပြည့်အဝမရဘဲ ရေကျောက်ရောဂါ ထပ်မံကူးစက်ကာ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါတယ်။ ရေကျောက်ရောဂါကို ကာကွယ်နိုင်ဖို့ ရေကျောက်ကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။အသက်တစ်နှစ်ကစပြီး မည်သည့်အရွယ်မဆို ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီး ၅ နှစ်တစ်ကြိမ် ထပ်ထိုးရပါမယ်။ ကာကွယ် ဆေးထိုးထားခဲ့ရင် ရေကျောက်ရောဂါဖြစ်ပွားနှုန်း ၉၈% ထိ (ကလေးငယ်တွေမှာ) ကာကွယ်ပေးပြီး၊ ၇၅% (လူကြီးတွေမှာ) ကာကွယ်ပေးပါတယ်။ ရေကျောက်ရောဂါဖြစ်သူဟာ ကနဦး ရောဂါလက္ခဏာတွေမပြခင် ၂ ရက်ခန့်အလိုကစပြီးအဖုများစထွက်တဲ့အချိန်ကစ၍ ပြည်ဖုများခြောက်သွေ့လာတဲ့အချိန်ထိ တခြားလူကို ကူးစက်နိုင်ပါတယ်။ ကျောင်းတက်အရွယ် ကလေးငယ်တွေမှာ ရေကျောက်ပေါက်ရင်အရည်ကြည်ဖု၊ ပြည်ဖုများ ပေါက်ကာခြောက်သွေ့ပြီးအနာဖေးကွာကျချိန်၊အမာရွတ်ကျန်ချိန်မှသာ ကျောင်းသို့ လွှတ်သင့်ပါတယ်။ ဒါမှ တခြားကလေးများကို မကူးစက်စေမှာ ဖြစ်ပါတယ်။ ရေကျောက်ရောဂါဟာ ကျန်းမာနေတဲ့ ကလေးမှာဖြစ်လျှင် စိုးရိမ်စရာ မရှိပါဘူး။ ရေကျောက်ရောဂါဟာ များသောအားဖြင့်အသက်အန္တရာယ် မရှိတဲ့ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ရေကျောက်ပေါက်တဲ့သူဟာ- ၁။အသက်ကြီးရွယ်အိုဖြစ်ရင် ၂။ မွေးကင်းစကလေးဖြစ်ရင် ၃။ ဆယ်ကျော်သက်ဖြစ်ရင် ၄။ ကိုယ်ဝန်ဆောင်မှာဖြစ်ရင် ၅။ ကိုယ်ခံအားလျော့နည်း နေသူတွေမှာဖြစ်ရင် (ဥပမာ AIDS။ Steroids ဆေးသောက်နေရသော သူများ၊ ကင်ဆာရောဂါ သည်များ) ၆။ ရေကျောက်အရည်ဖုများသို့ သွေးယိုစီးကာအဖုများမည်းနက်နေခြင်း၊ ဆီးသွားသောအခါ သွေးပါခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများသွားခြင်း၊ ၇။ ရေကျောက်အရည်ကြည်ဖုမှတစ်ဆင့် ပိုးဝင်ကာ ပြည်တည်နာအကြီးကြီးများ ပေါက်လာခြင်း ၈။ ကယောင်ကတမ်းပြောဆိုခြင်း၊ တက်ခြင်း၊ ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း၊ သွေးအန်ခြင်းတွေ ဖြစ်လာခဲ့ရင်အသက်အန္တရာယ် ရှိနိုင်လို့ နီးစပ်ရာ ဆရာဝန် (သို့) နီးစပ်ရာ ဆေးရုံသို့ လျင်မြန်စွာပြသပြီး ကုသမှု ခံယူရမည်ဖြစ်ကြောင်းအကြံပေးတင်ပြအပ်ပါတယ်။ Credit : ဟမ်စိုင်း (ဆေး-မန်း)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..