အမာရွတ်ဖြစ်ပေါ်မှုအမာရွတ်က ထိခိုက်မှု၊ ဒဏ်ရာတစ်ခုခု၊ ပိုးဝင်လို့၊အနာဖြစ်လို့ ဖြစ်တတ်ပြီး တော်ရုံအမာရွတ်တွေက ဖြစ်လာပြီးရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ သူ့အလိုလို မပျောက်ကင်းဘဲ ကျန်ခဲ့တဲ့အမာရွတ်တွေက နည်းပါတယ်။ ဒါပေမဲ့ ဒဏ်ရာကနတ်လို့၊ ပိုးဝင်လို့ဆိုရင်တော့ မပျောက်ကင်းဘဲအမာရွတ်ထင်ကျန်နေတာမျိုး တွေဖြစ်တတ်ပါ တယ်။ တစ်ယောက်နဲ့တစ်ယောက်အမာရွတ်ဖြစ်ပေါ်မှုက မတူပါဘူး။ လူမျိုးစုတွေအပေါ်မှာ မူတည်သလို၊အနေအထိုင်၊အသားအရောင်၊ ရာသီဥတုတွေပေါ်မှာ မူတည်ပြီးလည်း မတူနိုင်ပါဘူး။ စိတ်မပူပါနှင့်အမာရွတ်ဖြစ်လာရင် စိတ်မပူကြဖို့ ပြောပြချင်ပါတယ်။အမာရွတ်က သဘာဝအားဖြင့် သူ့အလိုလို ပြန်ပျောက်သွားပါတယ်။အဲ့ဒါကိုခွေးလေး၊ ကြောင်လေးတွေမှာအဲဒီသဘာဝကို ပိုမြင်နိုင်ပါတယ်။ ဟနေတဲ့အနာလေးက တစ်ရက်၊ နှစ်ရက်နေတော့ သူ့အလိုလို ပိတ်သွားတယ်၊ လေး၊ ငါးရက်နေတော့အနာကျက်သွားတယ်။ ဒါကြောင့် တချို့အနာတွေက သူ့အလိုလို ကောင်းသွားတာရှိလို့ စောင့်ကြည့်တာကောင်းပါတယ်။ တချို့အနာတွေကတော့ ကုသဖို့ လိုတာလည်း ရှိပါတယ်။ ဘာကြောင့်အမာရွတ်ဖြစ်လဲ ဒီနေရာမှာ ပြောလိုတာကအမာရွတ်အကြီးကြီးတွေကို ဆိုလိုပါတယ်။ ခွဲစိတ်ဒဏ်ရာတွေ၊ ပြတ်ချဒဏ်ရာ၊ ထိခိုက်မိတာတွေကြောင့်ဖြစ်တဲ့အမာရွတ်တွေက ပိုးမဝင်ဘူး၊ သန့်ရှင်းတယ်ဆိုရင် ခန္ဓာကိုယ်က သူ့အလိုလိုအနာကျက်ဖို့ ကြိုးစားပါတယ်။အဲ့ဒီလို ကြိုးစားတဲ့အခါမှာ ကိုလာဂျင်တွေကအဓိကလုပ်ဆောင်ပါတယ်။ ကိုလာဂျင်အမျှင်တွေကအစီအရီမဟုတ်ဘဲ ပရမ်းပတာဖြစ်ခဲ့မယ်ဆိုရင် မလှပတဲ့အမာရွတ်တွေ ဖြစ်ပေါ်လာတယ်လို့ ရှာဖွေတွေ့ရှိထားတဲ့အချက်တွေအရ ပြောလို့ရပါတယ်။ ရုပ်ဆိုးတဲ့အမာရွတ်တွေဖြစ်လာခြင်းအမာရွတ်တွေထဲမှာ Keloid ကအတော်လေးအနှောက်အယှက်ပေးတဲ့အမျိုးအစားလို့ ပြောလို့ရပါတယ်။ ခွဲစိတ်လိုက်တဲ့ ဒဏ်ရာက ကျက်သွားရင်အမာရွတ်က ခပ်သေးသေးပဲ ရှိရမှာကို ပိုကြီးတဲ့အမာရွတ်ဖြစ်လာတယ်။ တချို့လည်း မီးလောင်ဒဏ်ရာကအနာကျက်သွားပေမယ့် ရုပ်ဆိုးတဲ့အမာရွတ်တွေ ဖြစ်လာတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပေါက်ပြီးအဲ့ဒီဝက်ခြံတွေက သူ့အလိုအလျောက် ပြန်ပျောက်သွားနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ် ပြောင်းလဲမှုကြောင့် ဖြစ်တာတွေက လူကြီးပိုင်း ဝင်သွားပြီးအခါမှာ သူ့အလိုအလျောက် ကောင်းသွားတယ်။ ဒါပေမဲ့အမာရွတ်ဖြစ်ခဲ့မယ်ဆိုရင်တော့ သူ့ဘဝတစ်လျှောက်လုံး မျက်နှာပေါ်မှာအမှတ်အသားတစ်ခုအနေနဲ့ ပါလာမှာဖြစ်ပါတယ်။ နားရွတ်မှာ မဟုတ်ဘဲ တချို့လည်း ရင်ဘတ်အလည်တည့်တည့်မှာ Keloidအပာရွတ်တွေ ဖြစ်တတ်ပါတယ်။အတော်များများအတွက် စိတ်ပူစရာကောင်းတဲ့အနေအထားမှာ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့အသီးလုံးဖြစ်လာတာကြောင့် ရုပ်ဆိုးပါတယ်။ တခြားသူတွေလို နာကပ်ပန်ချင်လို့ နားဖောက်တာ သူ့ကျမှ ဘာကြောင့်အသီးလုံးပေါ်လာရတာလဲဆိုရင်အတော်ကိုအဆင်မပြေတဲ့ ကိစ္စရပ်ပါ။ ဘာကြောင့် Keloid ဖြစ်ရလဲ ခန္ဓာကိုယ်မှာအလိုအလျောက်ပါလာလို့ ဖြစ်ရတာပါ။ ပိုးကြောင့်လည်းမဟုတ်၊ ဘက်တီးရီးယားကြောင့် လည်းမဟုတ်၊ ကူးစက်တာလည်းမဟုတ်ဘဲ ခန္ဓာကိုယ်မှာပါလာတဲ့အကြောင်းကြောင့်ပဲ ဖြစ်ရတာပါ။ Hypertropicအမာရွတ်အကြောင်းတစ်ခုကြောင့် ခန္ဓာကိုယ်မှာ ခွဲစိတ်မှုတွေ ပြုလုပ်တယ်၊ ထိခိုက်ဒဏ်ရာရတယ်၊ Keloid နဲ့ ဆင်တူတယ်လို့ ထင်ရပေမယ့် Keloid က ခွဲထားတဲ့နေရာနားမှာပဲ ဖြစ်ပါတယ်။ Hypertropicအမာရွတ်က ခွဲစိတ်ဒဏ်ရာထက် ဘေးနားကိုအနည်းငယ် ပြန့်ပါတယ်။ ပိုဖောင်းတယ်၊အနည်းငယ်ပို ရုပ်ဆိုးပါတယ်။ ဒီအမာရွတ်မျိုး လည်ပင်းမှာ ရှိတယ်ဆိုရင်အရေပြားကိုအောက်ဘက် ဆွဲချတာကြောင့် ရုပ်ဆိုးတဲ့အပြင် နေ့စဉ်အလုပ်အကိုင်တွေမှာအနှောက်အယှက်ဖြစ်ပါတယ်။ ဒါမျိုးတွေက လက်တွေ၊ ခြေထောက်တွေမှာလည်း ဖြစ်တတ်ပါတယ်။အဲ့ဒီလိုဖြစ်ရင် နေ့စဉ်လုပ်ဆောင်တာတွေကို ထိခိုက်စေပါတယ်။ ဒီလိုအခြေအနေဆိုရင် ဆေးကုသမှုအပိုင်း၊ ပိုအရေးကြီးတဲ့အပိုင်းတွေ ဖြစ်လာပါတယ်။အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့နဲ့ ပုံမှန်အနေအထားအရနိုင်ဖို့အတွက် ကုသရာမှာ ဖြစ်ပါတယ်။အမာရွတ်ကြောင့်စိတ်ဖိစီးခြင်းအမာရွတ်မရှိတော့ရင်အမာရွတ်ကြောင့် ခံစားရတဲ့ စိတ်ဖိစီးမှုတွေကနေ ကင်းလွတ်မှာဖြစ်ပါတယ်။အမာရွတ်ရှိနေရင် တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကြည့်ရင်အမာရွတ်ကို ကြည့်နေတာလားဆိုပြီး စိတ်ထဲမှာ ထူးထူးခြားခြား ခံစားနေရတာမျိုး ကျွန်မလူနာတွေထဲမှာ ရှိပါတယ်။ ကျွန်မလူနာတွေကို ကုသပေးနိုင်တာထက် ပိုပြောရတာတွေရှိပါတယ်။အဲ့ဒါကအမာရွတ်ရှိနေတာကြောင့် ဘာမှရုပ်မဆိုးသွားဘူး။အမာရွတ်ရှိတာကြောင့် ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ နေထိုင်ရတာတွေ ဘာမှမပြောင်းလဲသွားဘူးဆိုတာကို နားလည်အောင်ရှင်းပြရပါတယ်။ တစ်ခါတလေလည်းအမာရွတ်ရှိတာကြောင့် စိတ်ဖိစီးနေတာတွေကို သက်သာစေဖို့ မဆုံးနိုင်အောင် ရှင်းပြရတာမျိုးတွေလည်းရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာကုသမှုကို ပေးပေမယ့် ခံစားနေရတဲ့ လူနာအတွက်က စိတ်ထဲမှာပါ ခံစားနေရတာကြောင့် ဒါကိုနားလည်အောင် သေသေချာချာ ရှင်းပြပေးရပါတယ်။ အဓိကက ဒီအမာရွတ်ရှိနေတာကို လက်မခံနိုင်တာပါ။ ဒီအမာရွတ်ကို ဖယ်ပစ်ချင်တယ်၊ ရှင်းထုတ်ပစ်ချင်တယ်၊အဲ့ဒီလို လူနာမျိုးကိုအမာရွတ်ရှိနေတာကို လက်ခံနိုင်ဖို့ ရှင်းပြပေးရပါတယ်။အမာရွတ်ကတော့ ရှိနေပြီ၊ ဒီအမာရွတ်က စိုးရိမ်စရာမရှိဘူး၊ ဒါက်ုပဲ ရှင်းပြပေးရပါတယ်။ တချို့လူနာတွေကကျွန်မတို့သိထားတဲ့ ဆေးပညာ တွေနဲ့ ရှင်းပြလို့နားမလည်တဲ့ လူနာတွေရှိပါတယ်။အဲ့ဒီလို လူနာတွေကို သူတို့တွေ နားလည်နိုင်မယ့် စကားလုံးတွေကို သုံးနှုန်းပြီး ရှင်းပြပေးဖို့ လိုပါတယ်။ သူတို့ စိတ်အေးနိုင်မယ့် စကားလုံးတွေကို ရွေးပြီးရှင်းပြပေးပါ။ ကုထုံးတွေကတော့ ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလောက်အများကြီးရှိပါတယ်။ နဂိုမူရင်းအသားလို ပြန်မဖြစ်နိုင် ဖြစ်လာပြီးတဲ့အမာရွတ်ကအမေမွေးသလို၊ ဘာမှမဖြစ်တဲ့အရေပြားလို ပြန်ကောင်းဖို့တော့ ခက်ခဲပါတယ်။ ဒါကိုနားလည်ထားဖို့တော့ လိုပါတယ်။ စိတ်ထဲမှာအမာရွတ်ကို ကုသလိုက်ရင်အကောင်းပကတိအရေပြားလို ပြန်ဖြစ်လာမယ်ဆိုပြီး တွေးထင်ထားလို့ မရပါဘူး။ ရှိနေတဲ့အမာရွတ်ထက်တော့ သေးသွား၊ ကောင်းသွားမှာပါ။အခုလက်ရှိ ရှိနေတဲ့အမာရွတ်ကလည်း လက်ခံနိုင်တဲ့အနေအထားမျိုးမှာ ရှိတယ်ဆိုတာကိုလည်း လူနာတွေနားလည်အောင်အထပ်ထပ်အခါခါ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ ခေတ်ပေါ်ကုထုံးများ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကအမာရွတ်တွေ ရှိနေတာကို လက်မခံချင်တာကြောင့် ဆေးပညာရှင်တွေကအမာရွတ်တွေကို ဘယ်လိုဖျောက်လို့ရမလဲဆိုပြီး တီထွင်ကြံဆခဲ့ပါတယ်။အသားသီးတွေဖြစ်တဲ့ Keloidအမာရွတ်ကို ဖျောက်ဖို့ Pulsed Dye Laser ကိုအသုံးပြုပါတယ်။ ဈေးအရမ်းကြီးပါတယ်။ စက်ရဲ့ တချို့အစိတ်အပိုင်းတွေက တစ်ခါသုံးတာကြောင့် တစ်ခါသုံးပြီး ပစ်ရလို့ ဈေးအရမ်းကြီးတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီနည်းကို သုံးပြီးကုသဖို့ လက်လှမ်းမီသေးပါဘူး။Credit : ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော် သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။