အစာအိမ်အချဉ်ပေါက်ခြင်းဟာအသက်အရွယ်မရွေး မည်သူမဆို ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်ရတာဟာ ယေဘုယျအားဖြင့် မိမိစားလိုက်တဲ့အစားအစာမှအစာကောင်းစွာမခြေခြင်းကြောင့်အစာအိမ်အူအပေါ်ပိုင်းမှာ နောက်ဆက်တွဲဖြစ်ပေါ်လာရတဲ့ လက္ခဏာတစ်ခုပါ။အစာအိမ်နာခြင်းနှင့်အတွင်းမှအက်ဆစ်ရည်များ ပြန်ကျစီးခြင်းဟာအစာအိမ်အချဉ်ပေါက်ခြင်းကြောင့် ဖြစ်လာရတဲ့အရာတွေပါ။
အစာအိမ်အချဉ်ပေါက်ရတာကတော့အစာခြေစနစ်ရဲ့ ပြဿနာတွေကြောင့် ဆက်နွယ်ဖြစ်လာရခြင်း ဖြစ်ပါတယ်။ဒါ့အပြင် တခြားဖြစ်နိုင်တဲ့အဓိကအကြောင်းအရာတွေကတော့
အစားများခြင်း
အပူအစပ်များစားခြင်း
နေ့လည်စာ နှင့် ညစာ များများစားခြင်း
မလတ်ဆတ်သော၊ပုပ်သိုးသောအစားအစာများ စားသုံးမိခြင်း
အရက်နှင့်အမြှုပ်ထသော သောက်စရာများ လွန်ကြူးစွာ သောက်ခြင်း
အစာကိုကြေညက်အောင်မဝါးဘဲ မြန်မြန်စားသုံးခြင်း
အစာစားပြီး တန်းအိပ်ခြင်း
စိတ်ဖိစီးမှုနှင့်စိတ်ရှုပ်ထွေးမှုများကြောင့် ဖြစ်ခြင်း
အူတွင်း ပိုးဝင်ရောက်ခြင်း နှင့်အခြားသောအစာအိမ်ပြဿနာများစွာတို့ကြောင့် ဖြစ်ပါတယ်။
အစာအိမ်အချဉ်ပေါက်ခြင်းရဲ့အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်ပူခြင်း၊ရင်ပူခြင်း၊မကြာခဏ လေသက်ခြင်း၊ပျို့ချင်အန်ချင်ဖြစ်ခြင်း၊အစာအိမ်နှင့်ဝမ်းဗိုက်တွင်းမှနာကြင်ခြင်း၊ခံတွင်းအရသာပျက်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
အစာအိမ်အချဉ်ပေါက်ခြင်းကို ကုသနိုင်တဲ့အိမ်တွင်းနည်းလမ်းကောင်းတွေကတော့အများကြီးရှိပါတယ်။နည်းလမ်းတွေဟာ ထိရောက်ရုံသာမက လုပ်ဖို့လည်း လွယ်ကူပါတယ်။
၁။မုန်လာဥနီနှင့်ငှက်ပျောသီး
အလယ်လတ်အရွယ်အစားရှိတဲ့ မုန်လာဥနီ ၂ခု(သို့)၃ခုကို ရေဆေးကြောပြီး ခပ်သေးသေး ပိုင်းဖြတ်ပါ။ထို့နောက် ငှက်ပျောသီးမှည့်တစ်လုံးကိုအခွံခွာပြီး ခပ်သေးသေး ထပ်လှီးပါ။ထို့နောက် blender ထဲသို့ လှီးဖြတ်ထားသော မုန်လာဥနီ နှင့် ငှက်ပျောသီးတို့ကိုထည့်ပါ။ ထို့နောက် ရေတစ်ခွက်၏ တစ်ဝက်စာခန့် ထည့်ပါ။ပြီးနောက် blenderဖြင့် ကြေညက်သွားအောင် ခေတ္တကြိတ်လိုက်ပါ ။ဒါဆိုလျှင်တော့အစာအိမ်အချဉ်ပေါက်ခြင်းအတွက် ထိရောက်ကောင်းမွန်တဲ့ smoothie ကို သောက်သုံးလို့ရပါပြီ။
၂။နွားနို့နှင့်ပျားရည်
နွားနို့ပူပူတစ်ခွက်ထဲသို့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်မွှေပြီး သောက်သုံးပေးခြင်းကလည်းအစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေမှာပါ။
၃။ချင်း(ဂျင်း)
ပထမဦးစွာ ချင်း(ဂျင်း)ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းစာခန့် ခြစ်ယူထားပါ။ ထို့နောက် ရေနွေး ၁ဖန်ခွက်ထဲသို့ တစ်ဝက်ခန့် ထည့်ပြီး ၅မိနစ်၊၁၀မိနစ်ခန့်ထားလိုက်ပါ။ ရေနွေးများအရောင်ပြောင်းလာလျှင် သောက်လိုက်လို့ ရပါပြီ။ဒီနည်းလမ်းဟာအစာအိမ်အချဉ်ပေါက်ခြင်းကို ချက်ချင်းသက်သာစေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
အစာအိမ်အချဉ်ပေါက်ခြင်းမဖြစ်စေရန် ဘယ်လိုကာကွယ်မလဲ
အစာခြေစနစ်ကောင်းမွန်စေရန် တစ်နေ့လျှင် ရေ ၈ခွက်မှ ၁၀ခွက်အထိ သောက်ပါ။
အမျှင်ဓါတ်ကြွယ်သောအစားအစာ စားပါ။
မျှတစွာ ကိုယ်အလေးချိန်လျှော့ချပြီးအပူ၊အစပ်၊အငန်များသောအစားအစာများ ရှောင်ပါ။
နေ့လည်စာ၊ညစာကိုအနည်းငယ်သာ စားပါ။
စားပြီး တန်းမအိပ်ပါနှင့် ။နာရီဝက်၊တစ်နာရီခန့် ဖြေးညှင်းစွာ လမ်းလျှောက်ပေးပါ။
အမြှုပ်ထသော သောက်စရာများ၊အယ်လ်ကိုဟောများ၊ကဖင်းဓါတ်များ တတ်နိုင်သရွေ့ ရှောင်ပါ။
ဆေးခြောက်၊ဆေးလိပ် မသုံးစွဲပါနှင့်။
ကိုယ်ခန္ဓာအတွက် နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ။
စိတ်ဖိစီးမှုများမှ ကင်းဝေးစေဖိုပ ယောဂလေ့ကျင့်ပါ၊တရားထိုင်ပါ၊
CHAN(ရွှေအင်းလေး)