ငါးကင်မှ ငါးကင်အရမ်းကြိုက်ကြတာ တီလားပီးယားငါးပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲသုံးကြပါတယ်။အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှအနံ့အရသာလည်းဝင်တယ်၊အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားစားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာအရင်ပြောကြရအောင်။
ဘာတွေအကျိုးကျေးဇူးပေးနိုင်လဲ
ကြီးထွားဖွံ့ဖြိုးမှု
တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစားပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကို ဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓာတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။
အရိုးကျန်းမာရေး
တီလားပီးယားငါးမှာ များများပါဝင်နေတဲ့ သတ္တုဓာတ်ကတော့အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ ဖော့စဖရပ်စ်ကို သွားနဲ့လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။အသက်ကြီးလာတာနဲ့အမျှအားနည်းလျော့ရဲလာတဲ့အရိုးကျန်းမာရေးနဲ့အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓာတ်လည်းဖြစ်ပါတယ်။
ဆီးကျိတ်ကင်ဆာ
ငါးတော်တော်များမျာျးမှာလိုပဲ တီလားပီးယားငါးမှာ ဆယ်လီနီယမ်ပါဝင်မှုအရမ်းများပါတယ်။ ဆယ်လီနီယမ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ free radical တွေရဲ့သက်ရောက်မှုကို လျော့နည်းစေဖို့ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။
နှလုံးကျန်းမာရေး
တီလားပီးယားမှာအကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့မကောင်းတဲ့အဆီဓာတ်တွေကို လျော့နည်းစေနိုင်ပါတယ်။ omega-3 fatty acids က နှလုံးသွေးကြောကျဉ်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်းတို့ကု ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်း သွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါသေးတယ်။
ဦးနှောက်ကျန်းမာရေး
တီလားပီးယားမှာပါတဲ့ ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီးအာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကို အောက်ဆီဂျင်ပို့လွှတ်မှုပိုကောင်းစေပြီးခန္ဓာကိုယ်အနှံ့အရည်ဓာတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓာတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့အာရုံကြောတုံ့ပြန်မှုကို ထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကိုအာဟာရတွေပို့ပေးတာဖြစ်ပါတယ်။
အရွယ်မတိုင်မီ ရင့်ရော်ခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင်အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာအသားအရေရဲ့ ကျန်းမာရေးနဲ့အလှအပကို ပိုကောင်းစေဖို့ထောက်ပံ့ပေးတဲ့ဓာတ်တွေပါ။ တီလားပီးယားမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radical တွေကြောင့်ထိခိုက်မှုရန်က ကာကွယ်ပေးပြီးအသားအရေကို ထောက်ပံ့ပေးတဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။အရေးအကြောင်းတွေ၊အသားအရေလျော့ရဲတာ၊အစက်အပျောက်တွေ၊ စတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။
ကိုယ်ခံအားစနစ်နဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်
ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကိုအားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက်အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ထိန်းညှိရာမှာအရေးပါတဲ့အတွက် ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေပိုကောင်းစေတယ်၊ ခန္ဓာကိုယ်ရဲ့ ဓာတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။
သတိထားရမယ့်အချက်
အစပိုင်းက ပြောခဲ့သလိုပဲ တီလားပီးယားကအဆိပ်အတောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ပြောပါမယ်။ တီလားပီးယားဟာ သူ့စားကျက်နဲ့နေထိုင်ရာအတွင်းအဆိပ်အတောက်တွေကိုရှင်းလင်းပေးတတ်တဲ့သဘာဝရှိတာမို့ သူတို့ခန္ဓာကိုယ်က စုပ်ယူလာတတ်ပါတယ်။ ငါးမွေးကန်မသန့်တာ၊ မွေးမြူတဲ့နည်းစနစ်မမှန်တာ၊ သေချာဂရုမစိုက်တာတွေကြောင့် ငါးမှာအဆိပ်အတောက်ပါလာတတ်ပါတယ်။ သူ့ဝန်းကျင်ကအဆိပ်အတောက်ကင်းမယ်၊ မွေးမြူမှုမှန်ကန်မယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။ ပြောရရင် ငါးနဲ့မဆိုင်၊ မွေးမြူရေးနဲ့သာဆိုင်တာမို့ ဝယ်ယူတဲ့အခါ ငါးအနေအထားကို သတိထားရွေးချယ်သင့်ပါတယ်။ ညှီတဲ့နံတဲ့ တီလားပီးယားသာဆို သေချာပါပြီ၊ သူရှင်သန်တဲ့နေရာ မသန့်တာ။ လတ်ဆတ်သန့်ပြန့်တဲ့ငါး၊အရည်အသွေးကောင်းတဲ့ငါးဟာအာဟာရဓာတ်တွေသာ ပေးမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူ့မှာ လွန်ကဲရင်ဘေးဖြစ်နိုင်တဲ့ omega-6 fatty acids လည်းပါတာကြောင့် နှလုံးရောဂါရှိထားပြီးသားလူတွေအနေနဲ့အလွန်အကျွံအများကြီးမစားဖို့ သတိပြုသင့်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။