ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ ခန္ဓာကိုယ်လှူဒါန်းသည့် လူဦးရေ ယခင်နှစ်ထက် ပိုမိုများပြားလာ
mmtimes.com
|
2019-07-18

ဓာတ်ပုံ-ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ ခန္ဓာကိုယ်လှူဒါန်းသည့် လူဦးရေ ယခင်နှစ်ထက် ပိုမိုများပြားလာ

ဆေးတက္ကသိုလ်(၁)ရန်ကုန်(လိပ်ခုံး)၊ ခန္ဓာဗေဒဌာနသို့ ယခုနှစ်အတွင်း ခန္ဓာကိုယ်လှူဒါန်းသည့်အလှူရှင်ဦးရေမှာ ယခင်နှစ်ထက် ပိုမိုများပြားမှုရှိလာကြောင်း ဇူလိုင် ၁၂ ရက်နေ့ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ပြုလုပ်သော တတိယအကြိမ်မြောက် ဝိညာဉ်မဲ့မြတ်ဆရာများ (Silent Mentors)အား ဂုဏ်ပြုပွဲအခမ်းအနားတွင် တာဝန်ရှိသူတစ်ဦးကပြောသည်။

Loading...

Your Brand HereYour Brand HereYour Brand Here

"ဒီနှစ်မှာတော့ ဘော်ဒီလှူတဲ့သူက များလာတယ်။အခုနောက်ပိုင်းဆိုအသက်ငယ်တဲ့လူငယ်တွေ လာလှူတာအရမ်းများလာတယ်။ ဘုန်းကြီးနဲ့ သီလရှင်တွေလည်း ပါလာတယ်" ဟု ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ခန္ဓာဗေဒဌာနမှ ကထိက ဒေါက်တာထင်လင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

ယခင်နှစ်များတွင်ခန္ဓာဗေဒဌာနသို့ တစ်ပတ်လျှင်ပျမ်းမျှအားဖြင့်အလှူရှင် ၁၅ ဦး ခန့်သာ ရှိသော်လည်း ယခုနှစ်ဇူလိုင်လအထိ လာရောက်လှူဒါန်းသည့်အလှူရှင်ဦးရေမှာ ၁,ဝဝဝ ကျော်ရှိနေကြောင်း ၎င်းက ပြောသည်။ ပုံမှန်အားဖြင့် သေဆုံးပြီးခန္ဓာကိုယ် လှူဒါန်းမှုမှာ တစ်နှစ်လျှင်ပျမ်းမျှအားဖြင့် ခန္ဓာကိုယ် ၁၀ ခုမှ ၁၅ ခုကြားသာရရှိသော်လည်း ၂၀၁၈ ခုနှစ်၊တစ်နှစ်လုံးတွင် စံချိန်သစ်အနေဖြင့် ခန္ဓာကိုယ်၂၂ ခုထိလက်ခံရရှိပြီး ယခုနှစ်တွင် ဘော်ဒီ ခုနစ်ခုခန့် လှူဒါန်းမှုလက်ခံရရှိထားကြောင်းသိရသည်။

သေဆုံးပြီးခန္ဓာကိုယ်လှူဒါန်းသူအများစုမှာ သက်ကြီးပိုင်းရောဂါတစ်ခုခုဖြင့် ကွယ်လွန်သွားသူများနှင့် နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသူများဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ခန္ဓာဗေဒဌာန၏မှတ်တမ်းများအရ သိရသည်။ ခန္ဓာဗေဒဌာနက တစ်နှစ်လျှင်ဘွဲ့ကြို ဆေးကျောင်းသားများအတွက် လှူဒါန်း ရရှိသည့် ခန္ဓာကိုယ် ၁၀ ခုနှင့် ဘွဲ့လွန်ဆေးကျောင်းသားများအတွက် ခန္ဓာကိုယ်လေးခုခန့်ကိုအသုံးပြူနိုင်ရန် စီစဉ်ပေးလျက်ရှိသည်။

"ခုလိုမျိုး ခန္ဓာကိုယ်ကို ဆေးပညာအတွက်လှူဒါန်းပေးတာဟာဆိုရင် တကယ့်ကိုလည်း မွန်မြတ်ပါတယ်။ ကျွန်တော်တို့အတွက်အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့ ဖော်ပြဖို့ခက်လောက်အောင်ကို လေးစားရတဲ့ ဆရာများ (Silent Mentors) ဖြစ်ပါတယ်" ဟု ခန္ဓာကိုယ်လှူဒါန်းမှုနှင့်ပတ်သက်၍ ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက မှတ်ချက်ပေးသည်။

ဆေးသွင်း၍အောင်မြင်သည့်ခန္ဓာကိုယ်ကို ဖော်မလင်ဆေးစိမ်ကန်ထဲတွင်အနည်းဆုံးတစ်နှစ်ခန့် စိမ်ထားပြီး ဆေးများအကုန်ပျံ့နှံ့သည့်အချိန်မှ ဆေးကျောင်းသားများပညာသင်ကြားနိုင်မည့်အနေအထားဖြစ်လာရကြောင်း ခန္ဓာဗေဒဌာန၏တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ဆန္ဒပြုလှူဒါန်းသည့်အလှူရှင်တစ်ဦးသေဆုံးခဲ့ပါက ၎င်း၏ မိသားစုဝင်တစ်ဦးဦးက သေဆုံးပြီး ခြောက်နာရီမှ ၁၂ နာရီအတွင်းအမြန်ဆုံးပို့ပေးနိုင်ခဲ့မည်ဆိုပါက ထိုခန္ဓာကိုယ်များကို ဘွဲ့လွန် ဆေးကျောင်းသားများ ဆေးသုတေသနလုပ်ငန်းများတွင်အသုံးချနိုင်ရန်ပြင်ဆင်နိုင်မည်ဖြစ်ပြီး ၂၄ နာရီအတွင်း မပုပ်သိုးအောင်စီစဉ်ထားခြင်းမရှိသည့် ခန္ဓာကိုယ်များရောက်ရှိ လာပါက ဘွဲ့ကြိုကျောင်းသားများ ဆေးပညာသင်ကြားရေးတွင်အသုံးပြုနိုင်ရန်စီစဉ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ လှူဒါန်းထားသည့် သေဆုံးပြီးခန္ဓာကိုယ်တစ်ခုလျှင် ၂၅ ဦးပါဝင်သည့်အုပ်စုနှစ်ခု၊ စုစုပေါင်းကျောင်းသား ၅၀ ဦးခန့်ဖြင့် ဆေးပညာသင်ကြားလျက်ရှိသည်။

"ခန္ဓာကိုယ်လှူတယ်ဆိုတာ မလွယ်တဲ့ကိစ္စဖြစ်ပါတယ်။ လှူပြီးသွားရင်လည်းအလှူအထမြောက် ဖို့ဆိုတာ ကိုယ့်မိသားစုဝင်ကလည်း ကိုယ်လှူထားတာကိုသိရမယ်။ ကိုယ့်မိသားစုဝင်တွေကလည်းအလှူရှင်ရဲ့ ဆန္ဒကိုဖြည့်စွမ်းပေးရပါတယ်။ လက်ခံနိုင်တဲ့ ခန္ဓာကိုယ်မျိုးလည်းဖြစ်ဖို့လိုပါတယ်" ဟု ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ခန္ဓာဗေဒဌာနမှ ပါမောက္ခ ဒေါက်တာမြင့်စန်းနွယ်က ပြောသည်။

အလှူရှင်တစ်ဦးက ကွယ်လွန်ပြီးြွကင်းကျန်ရုပ်ကလာပ်ကို ဆေးပညာသင်ကြားရေးနှင့် ဆေးပညာတိုးတက်စေသည့် သုတေသနပြုလုပ်မည့်လုပ်ငန်းများတွင်အသုံးပြုနိုင်ရန်လှူဒါန်းမည် ဆိုပါက ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပြည်လမ်း(ယခင်လိပ်ခုံး)၊ ခန္ဓာဗေဒဌာနရုံးခန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ လမ်းမတော်၊ ဘွဲ့လွန်နှင့်စာမေးပွဲဌာနရုံးခန်း၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ခန္ဓာဗေဒဌာနနှင့် တပ်မတော်ဆေးတက္ကသိုလ်များတွင်အသိသက်သေအဖြစ် ဆွေမျိုးမိသားစုဝင်တစ်ဦး၊အခြားသက်သေတစ်ဦးနှင့်အတူ ဓာတ်ပုံသုံးပုံယူဆောင်ကာအလှူရှင်ကိုယ်တိုင် လာရောက်လှူဒါန်းရမည်ဖြစ်သည်။

ခန္ဓာကိုယ်လှူဒါန်မည့်သူသည်အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ H1N1 ၊အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုးနှင့် HIV စသည့် ကူးစက်ရောဂါများ ကူးစက်ခံထားခြင်းမရှိသူနှင့် ထိခိုက်ဒဏ်ရာ/မှုခင်းတစ်စုံတစ်ရာဖြင့် သေဆုံးသူမဖြစ်ရန်လိုအပ်ကြောင်း စည်းကမ်းသတ်မှတ်ထားသည်။




Some text some message..